ဇူလိုင်လ ၂၄ ရက်နေ့က MOU စနစ်ဖြင့် ထိုင်းသို့ အလုပ်ရမည်ဟု ငွေကြေးလိမ်လည်တောင်းယူသူများကို ငွေကြေးနှင့် အတူ မြဝတီမြို့ ရဲတပ်ဖွဲ့နှင့်ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိခဲ့စဉ်။ ဓာတ်ပုံ- မြဝတီ & မဲဆောက်မီဒီယာ

DMG ၊ ဇူလိုင် ၂၈

တရားဝင် အလုပ်လုပ်ခွင့်နည်းလမ်း နှစ်နိုင်ငံသဘောတူစာချုပ် (MOU)စနစ်ဖြင့် ထိုင်းနိုင်ငံ၌ အလုပ်အကိုင်ရရှိမည်ဟုဆိုကာ ငွေကြေးလိမ်လည်တောင်းရမ်းမှုများ ယခုလတွင် ပိုမိုများပြားလာကြောင်း မြဝတီမြို့ရှိ ရွှေ့ပြောင်းလုပ်သားကူညီရေး လုပ်ဆောင်သူများကပြောသည်။

“MOU နဲ့ ထိုင်းမှာအလုပ်ရမယ်ဆိုပြီးတော့ ငွေကြေးလိမ်တောင်းခံရတာ ပိုများလာတယ်။ မေလတည်းကဖြစ်နေတာ။ အထူးသဖြင့် ပွဲစားလို့ အမည်ခံတဲ့သူတွေက ပိုဆိုးတယ်။ ငွေကိုလိမ်တောင်းတာမကဘူး လူကိုပါ မြဝတီမြို့ထဲခေါ်တာပေါ့။ ပြီးရင်တစ်ဦးကို အနည်းဆုံး ၁၀ သိန်းလောက်ပေးရတယ်။ ထိုင်းထဲ ပို့ပေးလိုက်တယ်။ သွားတဲ့လူကတော့ ထိုင်းထဲမရောက်သေးဘူး နယ်စပ်မှာပဲ အဖမ်းခံရတော့တာပဲ”ဟု အဆိုပါရွှေ့ပြောင်းလုပ်သားအရေးဆောင်ရွက်သူကပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့က ထိုင်းနိုင်ငံသို့ MOU စနစ် ဖြင့် သွားရောက်အလုပ်လုပ်ရမည်ဟုဆိုပြီး မြဝတီမြို့အရောက် ခေါ်ယူခဲ့ကာ တစ်ဦးလျှင်ငွေဆယ်သိန်းနှုန်းဖြင့် လိမ်လည်တောင်းခံရမှုကြောင့် မြဝတီအခြေစိုက် ရွှေ့ပြောင်းလုပ်သား စောင့်ကြည့်လေ့လာရေးအဖွဲ့(MMG)သို့ ဆက်သွယ်အကူအညီတောင်းခံခဲ့ရာမှ ငွေကြေးလိမ်လည်သည့် ပွဲစား(၅)ဦးကို မြဝတီမြို့ရှိ ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့တို့မှ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးခံရမှုအတွင်း ငွေကြေးလိမ်လည်တောင်းယူနေသူ (၅)ဦးကို နေအိမ်အတွင်း၌ ငွေ(၃၃၈)သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး မြဝတီမြို့ရှိ အမှတ်(၁)ရပ်ကွက်နေရာနှင့် မြို့တွင်းရှိ တည်းခိုရိပ်သာနှင့် ဟိုတည်တို့၌ လိမ်လည်ခံရသူဦးရေ (၅၀၀)ကျော်အထိ တွေ့ရှိရကြောင်းလည်း ရွှေ့ပြောင်းလုပ်သား စောင့်ကြည့်လေ့လာရေးအဖွဲ့(MMG)မှ တာဝန်ရှိသူကဆိုသည်။

“မြဝတီ အမှတ်(၁)ရပ်ကွက်မှာ အယောက် ၂၀၀၊ ကျော်ဟိန်း ဓမ္မာရုံမှာလည်း အယောက် ၂၀၀ ရယ်၊ ရင်ခွင်နန်းတည်းခိုခန်းမှာ အယောက် ၄၀ ရယ် ဟိုတယ်တစ်ခုမှာ အယောက် ၄၀ တွေ့တယ်။ နောက်အပြင်ကလာတဲ့ အယောက် ၈၀ ကျော်ပေါ့။ အားလုံးပေါင်း အယောက် ၅၀၀ ကျော်တယ်။ အဲဒီအထဲမှာ လူငယ်တွေများတယ်။ လိမ်တဲ့ပွဲစား ၅ ယောက်ကို ငွေတွေအနဲ့ အတူ အကုန်ဖမ်းမိသွားတယ်။ သက်ဆိုင်ရာကို အပ်ထားပါတယ်”ဟု အဆိုပါ MMG အဖွဲ့ တာဝန်ရှိသူကဆိုသည်။

ယင်းဖြစ်စဉ်များမှာ စစ်တပ်မှ အာဏာသိမ်းယူမှု၏ အကျိုးရလာဒ်ဖြစ်ပြီး ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးလာမှုအပေါ် အခွင့်အရေးယူကာ နောက်ထပ်လည်း ဥပဒေမဲ့လိမ်လည်မှုများမှာ အခြေအနေ ပိုဆိုးလာဖွယ်ရှိကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက ထောက်ပြသည်။

“နိုင်ငံက အာဏာသိမ်းခံရလိုက်တဲ့အတွက် ပြည်တွင်းမှာလည်း အလုပ်အကိုင်တွေ အရင်လောက်မကောင်းတော့ဘူး။ နိုင်ငံခြား ထွက်ပြီး အလုပ်လုပ်ဖို့ကြိုးစားတဲ့သူတွေ ပိုများလာတယ်။ ဒါကို အခွင့်အရေးယူပြီး ဥပဒေမဲ့လိမ်လည်တဲ့သူတွေ ပေါ်လာတာပေါ့။ အလိမ်ခံရတဲ့သူတွေကလည်း ရဲကိုသွားတိုင်လည်း ဘာမှမထူးဘူးဖြစ်နေတာကိုး”ဟု လူ့အခွင့်အရေးလှုပ်ရှားသူ ကိုဇင်မှ ထောက်ပြသည်။

ပြီးခဲ့သည့်မေလမှ ယခုဇူလိုင်လ နောက်ဆုံးသီတင်းအပတ်အထိ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်ရရှိမည်ဟုဆိုကာ ငွေကြေးလိမ်လည်ခံရမှု (၅၀)ကျော်အထိ ဖြစ်ပွားခဲ့ကြောင်း ရွှေ့ပြောင်းလုပ်သားကူညီရေးလုပ်ဆောင်သည့်အဖွဲ့များထံမှ သိရသည်။

Author: DMG