အီရတ်သို့ ရောင်းစားခံလိုက်ရသည့် ရခိုင်အမျိုးသမီးငယ် ၃ ဦးကို နေရပ်ပြန်ပို့ရန် စီစဉ်နေ

စစ်တွေမြို့က မဟန်နီထွန်း (၂၂ နှစ်) နှင့် မမြတ်အေးစံ(ခ)ဝေဝေ (၂၆ နှစ်)၊ မြောက်ဦးမြို့က မသန်းနွယ်ဌေး (၂၅ နှစ်) နှင့် ရသေ့တောင်မြို့နယ်က မဝင်းဝင်းလှိုင် (၂၂ နှစ်) တို့မှာ ပြီးခဲ့သည့် မေလက ဒူဘိုင်းမြို့သို့သွားရာတွင် လူကုန်ကူးခံလိုက်ရခြင်း ဖြစ်သည်။

By Admin 05 Oct 2023

ဓာတ်ပုံ - Shutterstock 
ဓာတ်ပုံ - Shutterstock 

DMG ၊ အောက်တိုဘာ ၅

အရှေ့ပိုင်းအလယ်ပိုင်းနိုင်ငံများဖြစ်သည့် အီရတ်နိုင်ငံနှင့် ယူအေးအီနိုင်ငံသို့ ရောင်းစားခံလိုက်ရသည့် ရခိုင်အမျိုးသမီးငယ် လေးဦးထဲမှ သုံးဦးကို မိမိနေရပ်သို့ ပြန်ပို့နိုင်ရန် နှစ်ဘက်သက်ဆိုင်ရာ အာဏာပိုင်များက စီစဉ်နေကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

စစ်တွေမြို့က မဟန်နီထွန်း (၂၂ နှစ်) နှင့် မမြတ်အေးစံ(ခ)ဝေဝေ (၂၆ နှစ်)၊ မြောက်ဦးမြို့က မသန်းနွယ်ဌေး (၂၅ နှစ်) နှင့် ရသေ့တောင်မြို့နယ်က မဝင်းဝင်းလှိုင် (၂၂ နှစ်) တို့မှာ ပြီးခဲ့သည့် မေလက ဒူဘိုင်းမြို့သို့သွားရာတွင် လူကုန်ကူးခံလိုက်ရခြင်း ဖြစ်သည်။

ယင်းအထဲမှ မဟန်နီထွန်း၊ မမြတ်အေးစံ(ခ)ဝေဝေ နှင့်  မသန်းနွယ်ဌေးတို့ကို ပွဲစားများက အီရတ်နိုင်ငံသို့ ရောင်းစားခဲ့သည်။ လက်ရှိတွင် ယင်း ၃ ဦးမှာ အီရတ်အစိုးရထံတွင် ခိုလှုံခွင့်ရရှိသွားပြီဖြစ်၍ မိမိနေရပ်သို့ ပြန်ပို့နိုင်ရန် လုပ်ဆောင်နေကြသည်ဟု ကူညီဆောင်ရွက်ပေးနေသည့် ရခိုင်အမျိုးသားကွန်ယက်မှ တရားလွှတ်တော်ရှေ့နေ ဒေါ်ဝိုင်းသူဇာ က DMG သို့ပြောသည်။

“သူတို့ ၃ ယောက်ကတော့ အီရတ်အစိုးရဆီမှာ ခိုလှုံခွင့်ရသွားပြီ။ သူတို့ကို အခု Government Camp ထဲမှာ ထားတယ်။ အရောင်းစားခံရကတည်းက သူတို့ရဲ့ နိုင်ငံကူးကဒ်တွေကို သိမ်းသွားတဲ့အတွက် အခုပြန်ပို့ဖို့အတွက် လိုအပ်တဲ့ စာရွက်၊ စာတန်းတွေလုပ်နေတယ်။ ဘယ်နေ့ပြန်ပို့မယ်ဆိုတာကို အတိအကျပြောမရသေးဘူး” ဟု ပြောသည်။ 

အလားတူ ဒူဘိုင်းတွင်ရှိနေသည့် မဝေဝေလှိုင်ကိုလည်း နိုင်ငံအတွင်း ခိုလှုံခွင့်ရရှိအောင် လုပ်ဆောင်နေကြောင်း ဒေါ်ဝိုင်းသူဇာ ဆက်ပြောသည်။

“ဒူဘိုင်းမှာက IOM မရှိဘူး။ မြန်မာကောင်စစ်ဝန်ရုံးသာ ရှိတဲ့အတွက် မြန်မာကောင်စစ်ဝန်ရုံးနဲ့ IOM နဲ့ ချိတ်ပြီး တော့ လုပ်ဆောင်နေတာတွေရှိတယ်” ဟု ဆိုသည်။

ရခိုင်ဒေသတွင် အလုပ်အကိုင်ရှားပါးပြီး ဆင်းရဲမွဲတေမှုဒဏ်ကြောင့် ထိုင်း၊ မလေး၊ တရုတ် စသည့်နိုင်ငံများအပြင် လစာဝင်ငွေ အများအပြားရသော အရှေ့အလယ်ပိုင်းဒေသက ယူအေအီး (အာရပ်စော်ဘွားများနိုင်ငံ)၊ ဆော်ဒီ၊ အီရတ်  အပါအဝင် အိုမန်နိုင်ငံအထိပါ သွားရောက်အလုပ်လုပ်ကိုင်မှုများ ရှိနေပြီး လူကုန်ကူးခံရမှုများလည်း အများအပြားရှိနေသည်။

“အခုဆိုရင် အမျိုးသမီးတွေက ပြည်ပကို ထွက်တာများလာပြီးတော့ လူကုန်ကူးခံရမှုတွေ များလာတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပဲ ဒီလိုလူကုန်ကူးမှုတွေဖြစ်လာတယ်ဆိုရင် အကူအညီပေးနေတဲ့အဖွဲ့အစည်းတွေကို တိုင်ကြားသင့်တယ်။ အဖွဲ့အစည်းတွေဖက်ကလည်း ကူညီပေးဖို့လိုအပ်တယ်။ အခုလို သူတို့တွေ နိုင်ငံခိုလှုံခွင့်ရသွားတဲ့အတွက် အတိုင်းမသိဝမ်းသာပါတယ်” ဟု ကြောင်း စစ်တွေမြို့မှ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ ဒေါ်ဖြူဖြူသန်း ကပြောသည်။

မဟန်နီထွန်း ၊ မမြတ်အေးစံ(ခ)ဝေဝေ နှင့်  မသန်းနွယ်ဌေး တို့မှာ အီရတ်နိုင်ငံတွင် အစာအငတ်ခံရခြင်း၊ ခေါင်းပုံဖြတ် ခံရမှုများရှိသည်ဟု ကာယကံရှင်များက DMG သို့ ပြောဆိုထားသည်။

#R007 

ဗီဒီယိုများ