ဘူးသီးတောင်တွင် လူမှောင်ခိုပွဲစားနှစ်ဦး ဖမ်းမိ 

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့ သင်္ဘောဆိပ်အနီးတွင် အသက် ၂၀ အရွယ် လူငယ်နှစ်ဦးအား မလေးရှားနိုင်ငံသို့ တရားမဝင်ပို့ဆောင်မည့် လူမှောင်ခိုပွဲစား အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

By Admin 03 Oct 2023

ဘူးသီးတောင်မြို့တွင် အောက်တိုဘာလ ၂ ရက်နေ့က ဖမ်းဆီးရမိသည့် လူမှောင်ခိုပွဲစားနှစ်ဦး။ ဓာတ်ပုံ - ရခိုင်နေ့စဉ် 
ဘူးသီးတောင်မြို့တွင် အောက်တိုဘာလ ၂ ရက်နေ့က ဖမ်းဆီးရမိသည့် လူမှောင်ခိုပွဲစားနှစ်ဦး။ ဓာတ်ပုံ - ရခိုင်နေ့စဉ် 

DMG ၊ အောက်တိုဘာ ၃ 

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့ သင်္ဘောဆိပ်အနီးတွင် အသက် ၂၀ အရွယ် လူငယ်နှစ်ဦးအား မလေးရှားနိုင်ငံသို့ တရားမဝင်ပို့ဆောင်မည့် လူမှောင်ခိုပွဲစား အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

လူကုန်ကူးမှုသတင်းအရ တာဝန်ရှိသူများက ယမန်နေ့ အောက်တိုဘာလ ၂ ရက်နေ့က သင်္ဘောဆိပ်အနီးတွင် စောင့်ဆိုင်းနေချိန် ဖမ်းဆီးရမိခဲ့ခြင်းဟု ပြည်နယ်စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးစာမျက်နှာ“ရခိုင်နေ့စဉ်” တွင် ဖော်ပြသည်။

ဖမ်းဆီးရမိသည့် လူမှောင်ခိုပွဲစားနှစ်ဦးမှာ ဘူးသီးတောင်မြို့နယ်၊ ဘုရားပြင်အောင်ပကျေးရွာမှ အသက် ၂၀ ကျော် အရွယ် မွတ်ဆလင် အမျိုးသားနှစ်ဦးဖြစ်ပြီး ၎င်းတို့ ခေါ်ဆောင်လာသည့် အသက် ၂၀ အရွယ် မွတ်ဆလင်နှစ်ဦးမှာ မောင်တောမြို့နယ်၊ သပြေတောကျေးရွာနှင့် သရေကုန်းဘောင်ကျေးရွာတို့မှ ဖြစ်သည်။ 

“ဖမ်းဆီးရမိတဲ့ လူမှောင်ခိုပွဲစားနှစ်ဦးကို ဥပဒေနဲ့အညီအမှုဖွင့်အရေးယူပြီး ဆက်စပ်တရားခံတွေကို ဖမ်းဆီးရမိဖို့ စစ်ဆေးလျက်ရှိတယ်။ ခေါ်ဆောင်ခံရတဲ့ မွတ်ဆလင်နှစ်ဦးကို မိဘတွေထံ ပြန်လည်အပ်နှံပြီးဖြစ်တယ်” ဟု ဖော်ပြသည်။

လူမှောင်ခိုပွဲစားနှစ်ဦးအား စစ်ဆေးမေးမြန်းချက်အရ ၎င်းတို့သည် မလေးရှားနိုင်ငံသို့ သွားရောက်လိုသည့် မွတ်ဆလင်များကို လိုက်လံစုဆောင်းကာ ရသေ့တောင်မြို့နယ်ရှိ ပွဲစားထံသို့ ပို့ဆောင်ပေးရကြောင်း သိရသည်။ ထိုသို့ ပို့ဆောင်ပေးပါက တစ်ဦးလျှင် ငွေကျပ် ၃ သိန်းစီ ပွဲခရရှိပြီး ယခုနှစ်အတွင်း မွတ်ဆလင် ၆ ဦးကို ပို့ဆောင်ပေးခဲ့သည်ဟု ထွက်ဆိုထားကြောင်း “ရခိုင်နေ့စဉ်”က ဖော်ပြသည်။ 

လူမှောင်ခိုပွဲစားများ ခေါ်ဆောင်လာသည့် မွတ်ဆလင်နှစ်ဦး၏ ထွက်ဆိုချက်အရ ၎င်းတို့မှာ မလေးရှားနိုင်ငံသို့ သွားရောက်လိုသည့်အတွက် ပွဲစားများနှင့်ချိတ်ဆက်ကာ ပို့ဆောင်ခ ငွေကျပ်သိန်း ၆၀ ကို မလေးရှား ရောက်ရှိမှသာ ပေးချေရမည်ဟု သဘောတူခဲ့ကြောင်း သိရသည်။ 

မွတ်ဆလင်များမှာ အလုပ်အကိုင်ရှားပါးမှု၊ စားဝတ်နေရေး ကျပ်တည်းမှုနှင့် ရင်ဆိုင်နေရချိန်တွင် ပြည်ပနိုင်ငံများ၌ အလုပ်အကိုင်ရရှိမည်ဟုဆိုကာ လိမ်လည်ခေါ်ဆောင်ခံရခြင်းဖြစ်သည်ဟု ပြောဆိုကြသည်။ 

“အခုက စားဝတ်နေရေးကျပ်တည်းလာတယ်။ အလုပ်အကိုင်တွေလည်း ရှားတဲ့အတွက် ပြည်ပနိုင်ငံတွေကို သွားပြီး အလုပ်လုပ်ကိုင်ကြရတယ်။ တရားမဝင်လမ်းကနေ သွားကြတယ်။ အဲတော့ သူတို့တွေက လူကုန်ကူးခံရတယ် ” ဟု ဘူးသီးတောင်မြို့မှ မွတ်ဆလင်အမျိုးသားတစ်ဦးက ပြောသည်။ 

လူကုန်ကူးခံရများရှိနေခြင်းမှာလည်း လူကုန်ကူးမှုနှင့်ပတ်သက်ပြီး အသိပညာအားနည်းခြင်း၊ အယုံလွယ်ခြင်း၊ လွတ်လပ်စွာသွားလာခွင့် မရရှိကြခြင်းကြောင့်ဟု မွတ်ဆလင်အသိုင်းအဝိုင်းက ပြောဆိုကြသည်။ 

“လူကုန်ကူးခံရတာ ဘယ်လောက်ပဲများနေများနေ အရေးယူတာကတော့ မရှိသလောက်နည်းနေပါတယ်။ ကျနော်တို့မှာ ကိုယ့်အသိစိတ်နဲ့ပဲ ဆုံးဖြတ်ကြရမယ်။ အဲဒါကြောင့် အသိပညာပေးမှုတွေ အများကြီးလုပ်ပေး စေချင်ပါတယ်” ဟု စစ်တွေမြို့နယ်၊ အုန်းတောကြီး(တောင်) ဒုက္ခသည်စခန်းမှ မွတ်ဆလင် အမျိုးသားတစ်ဦးက ပြောသည်။

၂၀၁၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ-၁၄ အရ အမျိုးသမီးနှင့် ကလေးငယ်များကို လူကုန်ကူးပါက ထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ် တစ်သက်တကျွန်းအထိ ချမှတ်နိုင်ပြီး၊ ပုဒ်မ- ၂၅ အရ အမျိုးသမီးနှင့် ကလေးငယ်များမှ အပ အခြားသူတစ်ဦးကို လူကုန်ကူးပါက ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်အထိ ချမှတ်ခြင်းခံရနိုင်ကြောင်း ဖော်ပြထားသည်။

#I011

ဗီဒီယိုများ