- အာရက္ခတပ်တော်ကို တိုက်ခိုက်ရန် မွတ်ဆလင်လက်နက်ကိုင်များ ဘင်္ဂလားဒေ့ရှ်တွင် လူစုနေ
- ရခိုင်တွင် စက်ပစ္စည်းရှားပါးမှုကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ထိခိုက်
- စစ်တလင်းမှ မသန်စွမ်း အမျိုးသမီးများ
- ရေကြည်တွင် ရခိုင်စစ်ရှောင် ၁၁ ဦးကို စစ်ကောင်စီ ဖမ်းဆီးထား
- မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် ဒုက္ခသည်များအား အကြမ်းဖက်ဖမ်းဆီးနေခြင်းအား ရပ်တန့်ရန် မလေးရှားအစိုးရကို တောင်းဆို
စစ်တပ်၏အကျင့်ပျက်ခြစားမှုကို ဖော်ပြခြင်းကြောင့် Justice for Myanmar ဝဘ်ဆိုဒ် ပိတ်ပင်ခံရဟုဆို
ဝဘ်ဆိုဒ်ပိတ်ခြင်းမှာ မြန်မာစစ်တပ်၏ အာဏာအလွဲသုံးစားပြုမှု၊ အကြီးစား အကျင့်ပျက်ခြစားမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအား ဖုံးကွယ်ရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း စက်တင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ထားခြင်း ဖြစ်သည်။
03 Sep 2020

ခင်သရဖီဦး | DMG
စက်တင်ဘာ ၃ ၊ စစ်တွေ
မြန်မာစစ်တပ်၏ အကျင့်ပျက်ခြစားမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ပြမှုကြောင့် Justice for Myanmar ဝဘ်ဆိုဒ် အပိတ်ခံလိုက်ရဖြစ်ကြောင်း ယင်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဝဘ်ဆိုဒ်ပိတ်ခြင်းမှာ မြန်မာစစ်တပ်၏ အာဏာအလွဲသုံးစားပြုမှု၊ အကြီးစား အကျင့်ပျက်ခြစားမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအား ဖုံးကွယ်ရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း စက်တင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ထားခြင်း ဖြစ်သည်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ဒီလို ဆင်ဆာပိတ်ပင်တာဟာ သဘောထားကွဲလွဲမှုတွေကို အသံတိတ်သွားအောင် မြန်မာစစ်တပ် စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ အကျင့်ပျက်ခြစားမှုနဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို ဖုံးကွယ်ပစ်ဖို့ ကြိုးပမ်းချက်တစ်ရပ် ဆိုတာကတော့ ရှင်းပါတယ်” ဟု ဆိုသည်။
သို့သော်လည်း Justice For Myanmar အနေဖြင့် အမှန်တရားအတွက် အာဏာရှိသူများကို ဆက်ပြောသွားမည် ဖြစ်ကြောင်း မရတနာမောင်က ဆိုသည်။
Justice For Myanmar ဝက်ဆိုက်မှာ မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုများကိုရှာဖွေရန် ပွင့်လင်းမြင်သာမှုနှင့် တရားဥပဒေစိုးမိုးမှုကို မြှင့်တင်ရန် လုပ်ဆောင်မှုတစ်စိတ်တစ်ပိုင်းအနေဖြင့် မြန်မာစစ်တပ်၏ အကျင့်ပျက်ခြစားမှုများ၊ စစ်တပ်စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအား ဆက်နွယ်နေသည့် သက်သေအထောက်အထားများ ပါရှိသော အစီရင်ခံစာများကို ထုတ်ပြန်နေခြင်းဖြစ်သည်။
ထို့အပြင် မြန်မာအစိုးရသည် ရခိုင်နှင့် ကရင်ဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရေးသားနေသည့် Karen Information Center ၊ Development Media Group နှင့် Narinjara သတင်းဌာနများအပါအဝင် တိုင်းရင်းသားသတင်းမီဒီယာ ဝဘ်ဆိုဒ်များအား ပိတ်ခဲ့ပြီးနောက် Justice For Myanmar ကို ဆင်ဆာပိတ်ပင်မှု လုပ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
ထို့အတူ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် ပြည်သူများသတင်းအချက်အလက် သိပိုင်ခွင့်အပေါ် တိုက်ခိုက်မှုအား မြန်မာအစိုးရကို ရှုံချကြောင်းလည်း မရတနာမောင်က ဆက်ပြောသည်။
“ကျမတို့ပြောဆိုချက်တွေဟာ သက်သေအထောက်အထားကို အခြေခံထားတာဖြစ်ပြီး ကျမတို့ အစီရင်ခံစာတွေအပေါ် အစိုးရအနေနဲ့ သ က်သေအထောက်အထားနဲ့ တုန့်ပြန်ဖို့ဖိတ်ခေါ်ပါတယ်။ သို့ပေမယ့်လည်း ပြည်သူ့ရှေ့မှာ ဆွေးနွေးငြင်းခုံမှု၊ တာဝန်ခံမှုတွေနဲ့ တုန့်ပြန်ရမယ့်အစား အရပ်သားအစိုးရအနေနဲ့ ဖိနှိပ်မှုကိုရွေးချယ်ခဲ့ပြီး စစ်တပ်ရဲ့အမှားတွေကို ဖုံးကွယ်ပေးဖို့ကြိုးစားနေပါတယ်” ဟု ၎င်းကဆိုသည်။

Justice For Myanmar ဝဘ်ဆိုဒ်တွင် ထုတ်ပြန်ခဲ့သည့် သတင်းအချက်အလက်များကို မြန်မာမီဒီယာများတွင် သတင်းရေးသားဖော်ပြခဲ့ကြပြီး စစ်တပ်နှင့် အရပ်သားအစိုးရတို့၏ တာဝန်ရှိမှုများအပေါ် ပြည်သူလူထုက ပိုမိုသိရှိလာပြီး စစ်ဆေးမေးခွန်းထုတ်မှုများရှိလာအောင် ကူညီအားဖြည့်ပေးခဲ့ကြောင်းလည်း ဆိုသည်။
လတ်တလော ထုတ်ပြန်ခဲ့သည့် သတင်းအကြောင်းအရာများတွင် မြန်မာစစ်တပ်၏ စနစ်ကျလှသည့် အကျိုးစီးပွားပဋိပက္ခများ၊ ဂျပန်အစိုးရ ကျောထောက်နောက်ခံ Y Complex အိမ်ခြံမြေဖွံ့ဖြိုးရေးလုပ်ငန်းမှ စစ်တပ်သို့ ငွေကြေးပေးချေမှုများ၊ ထိပ်ပိုင်းစစ်ဗိုလ်ချုပ်များ၏ သားသမီးများပိုင်ဆိုင်သည့် နိုင်ငံတကာစီးပွားရေးလုပ်ငန်များမှ အကျိုးအမြတ် အသေးစိတ်အချက်အလက်များ၊ မွတ်ဆလင် (ထုတ်ပြန်ချက်တွင် ရိုဟင်ဂျာ ဟုပါရှိ)များအပေါ် မြန်မာစစ်တပ်၏ ၂၀၁၇ ခုနှစ် လူမျိုးတုန်းသတ်ဖြတ်မှုအပေါ် အားပေးထောက်ခံသည့် ခရိုနီ စီးပွားရေးသမားများ၏ လှူဒါန်းမှုများအား ဖော်ထုတ်ရေးသားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
အစိုးရကို ပြည်သူကတင်မြှောက်ခဲ့ခြင်းကြောင့် အစိုးရအနေဖြင့် ပြည်သူများအပေါ်တွင် ဆိုးရွားသည့် ချိုးဖောက်မှုများ ကျူးလွန်နေသည့် အကျင့်ပျက်ခြစား စစ်ရာဇဝတ်အုပ်စုကို တာဝန်ခံရမည် မဟုတ်ကြောင်းနှင့် သတင်းဝဘ်ဆိုဒ်များကို ပိတ်ပင်ထားမှုကိုလည်း ဖယ်ရှားပေးရန် တောင်းဆိုကြောင်းလည်း မရတနာမောင်က ဆိုသည်။