မြောက်ဦးမြို့အတွင်း မြန်မာစစ်တပ်မှ သွားလာလှုပ်ရှားမှုများရှိနေပြီး ဒေသခံတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

ရခိုင်ပြည်၊ မြောက်ဦးမြို့အတွင်းတွင် မြန်မာစစ်တပ်က ယနေ့(စက်တင်ဘာ ၄ ရက်) နံနက်စောပိုင်းအချိန်မှစ၍ သွားလာလှုပ်ရှားမှုများရှိနေပြီး ဒေသခံတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း DMG မှ ကနဦးစုံစမ်းသိရှိရသည်။

04 Sep 2022

ဖမ်းဆီးခံရသူ မြောက်ဦးဒေသခံ ကိုကျော်ဇံဝေ(ခ)ကိုရင်ဆို့။

DMG ၊ စက်တင်ဘာ ၄

ရခိုင်ပြည်၊ မြောက်ဦးမြို့အတွင်းတွင် မြန်မာစစ်တပ်က ယနေ့(စက်တင်ဘာ ၄ ရက်) နံနက်စောပိုင်းအချိန်မှစ၍ သွားလာလှုပ်ရှားမှုများရှိနေပြီး ဒေသခံတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း DMG မှ ကနဦးစုံစမ်းသိရှိရသည်။

ဖမ်းဆီးခံရသူမှာ တောင်ရပ်ရပ်ကွက်နေ ကိုကျော်ဇံဝေ(ကိုရင်ဆို့)ဖြစ်ပြီး ယနေ့နံနက် ၇ နာရီကျော်ခန့်က နေအိမ်အတွင်း၌ရှိနေစဉ် မြန်မာစစ်တပ်မှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရသိရသည်။

ဖမ်းဆီးခံရသူနှင့်နီးစပ်သူတစ်ဦးက “ဒီနေ့မနက်ပိုင်းက နေအိမ်ကလာပြီးတော့ မြန်မာစစ်သားတွေဖမ်းဆီးသွားတာပါ။ ကားနဲ့ ခေါ်သွားတယ်။ ဘယ်ကိုဆိုတာတော့ မသိဘူး။ ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာလည်း မသိဘူး။ သူ့မှာ ဘာအပြစ်မှမရှိပါဘူး။ မေးမြန်းစရာရှိတယ်ဆိုရင်လည်း မေးမြန်းပြီးရင် ပြန်လွှတ်ပေးစေချင်ပါတယ်။ တရားဥပဒေအတိုင်း အပြစ်မရှိရင်ပြန်လွှတ်ပေးပါ။ အခုလည်း တောင်ရပ်ရပ်ကွက်မှာ မြန်မာစစ်သားအယောက် ၁၀၀ ကျော်ရှိပါတယ်။ ကား ၅ စီးလောက်ရှိတယ်။ ဒီရပ်ကွက်ကလူတွေ အပြင်တောင်မထွက်ရဲကြဘူး”ဟု ၎င်းကပြောသည်။

ယနေ့ဖမ်းဆီးခံရသည့် ကိုကျော်ဇံဝေမှာ မည်သည့်အဖွဲ့အစည်းနှင့်မှ ပတ်သက်ခြင်းမရှိဘဲ ဆိုင်ကယ်အပိုပစ္စည်းရောင်းချပြီး လုပ်ကိုင်စားသောက်နေသူဖြစ်ကာ ဟာသဗီဒီယိုဖိုင်များကို လူမှုကွန်ရက်တွင် တင်လေ့ရှိသူတစ်ဦးလည်းဖြစ်ကြောင်း DMG မှ စုံစမ်းသိရှိရသည်။

ယခုကဲ့သို့ မြန်မာစစ်တပ်မှ မိမိနေအိမ်အတွင်းလာရောက်ဖမ်းဆီးခြင်းမှာ ဒေသခံများကို အကြောက်တရားလွှမ်းမိုးအောင်လုပ်ခြင်း၊ တက်ကြွလှုပ်ရှားသည့်လူငယ်များကို စိုးရိမ်ထိတ်လန့်အောင်လုပ်ဆောင်လာခြင်းဖြစ်သည်ဟု အထက်ပါပုဂ္ဂိုလ်ကပြောကြားသည်။

ယနေ့စက်တင်ဘာ ၄ ရက် နံနက် ၁ နာရီလောက်တွင် မြန်မာစစ်တပ်မှ မြောက်ဦးမြို့တွင်းသို့ဝင်ရောက်လာပြီး သေနတ်ပစ်ဖောက်မှုများရှိခဲ့ကြောင်း ဒေသခံများထံမှစုံစမ်းသိရှိရပြီး လက်ရှိနံနက် ၁၀ နာရီခန့်အထိလည်း မြန်မာစစ်တပ်တပ်ဖွဲ့ဝင်များက မြို့တွင်း၌ သွားလာလှုပ်ရှားမှုများရှိနေသေးကြောင်း သိရသည်။

လက်ရှိ မြောက်ဦးမြို့ ကုန်သည်တန်းရပ်ကွက်၊ ကံလှရပ်ကွက်နှင့် တောင်ရပ်ရပ်ကွက်၊ မြို့မဈေးကြီးအနီးတွင် မြန်မာစစ်တပ်မှ အင်အား ၁၀၀ ကျော်ခန့် နေရာယူထားသည့်အတွက် ဈေးဆိုင်များပိတ်ထားရပြီး မြို့အတွင်းတွင်လည်း လူသွားလူလာမရှိသလောက်နည်းပါးနေကြောင်း သိရသည်။

တောင်ရပ်ရပ်ကွက်မှ နောက်ထပ်အမည်မဖော်လိုသူတစ်ဦးက “စစ်သားတွေ ဈေးကြီးအနားမှာဝိုင်းထားလို့ ဒေသခံတချို့ စိုးရိမ်တကြီးနဲ့ ရှောင်နေရတဲ့အနေထားတွေလည်းရှိပါတယ်။ အခုလို ဒေသခံတွေကိုလည်း ဖမ်းဆီးမှုတွေရှိတော့ အရမ်းစိုးရိမ်ရတဲ့အနေအထားလို့ ပြောလို့ရပါတယ်။ ညည့် ၁ နာရီအချိန်လောက်မှာလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။ ၅၄၀ တပ်ရင်းကနေပြီးတော့လည်း ပစ်သံတွေကြားရတယ်။ ၃၇၇ ၊ ၃၇၈ တပ်ကလည်း ပစ်တယ်လို့သိရတယ်”ဟု ၎င်းကပြောသည်။

မြောက်ဦးမြို့မှ မြို့မိမြို့ဖဖြစ်သူတစ်ဦးက ယခုအခြေအနေနှင့်ပတ်သက်၍ “ မြို့ပေါ်မှာနေရတာဟာ လုံခြုံမှုမရှိတော့ဘူး။ ဘယ်အချိန် ဘယ်နေရာကို လက်နက်ကြီး၊ သေနတ်တွေကျလာမလဲစိုးရိမ်နေရတယ်။ ပြည်သူတွေဟာ နေ့မအိပ်ရ၊ ညမအိပ်ရ အများကြီးစိုးရိမ်နေရတယ်။ ဒီလောက်စီးပွားရေးကျပ်တည်းနေတဲ့ အနေအထားမှာ ဈေးရောင်း၊ ဈေးဝယ်လည်း မလုပ်ရတော့ဘူး။ ဒီအချိန်မှာ မြန်မာစစ်တပ်က လက်နက်အင်အားနဲ့ ခြိမ်းခြောက်နေတာဟာ မလုပ်သင့်ဘူး။ အခုလိုလုပ်ဆောင်နေတာဟာ ပြည်သူလူထုကို လက်နက်ကိုင်တော်လှန်ရေးသို့ တွန်းပို့နေတာနဲ့ တူပါတယ်”ဟု ၎င်းကဆိုသည်။

ထိုအနေအထားများကြောင့် လက်ရှိမှာ မြန်မာစစ်တပ်နှင့် ရက္ခိုင်တပ်တော်(AA)တို့ စစ်ရေးတင်းမာနေသည့် အခြေအနေရှိနေပြီး တိုက်ပွဲပိုမိုပြင်းထန်လာမည်ကိုလည်း ဒေသခံများစိုးရိမ်နေကြသည်။

ယခုဖြစ်စဉ်များနှင့်ပတ်သက်ပြီး မြန်မာစစ်တပ်ဘက်မှ တုံ့ပြန်မှုတစုံတရာရရှိရန် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG မှဆက်သွယ်ခဲ့သော်လည်း လတ်တလောမှာ ဖုန်းပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

မြောက်ဦးမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာ ၂ ရက်နေ့ကလည်း ဘူးရွက်မညိုးကျေးရွာသို့ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များ ဝင်ရောက်လာသောကြောင့် ဒေသခံများနီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ယင်းပြင် သြဂုတ် ၂၈ ရက်နေ့ကလည်း လက္ကာကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားမှုမရှိသော ကင်းဆိပ်ကျေးရွာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးတစ်ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ပြီး ၈ ဦးဒဏ်ရာရရှိခဲ့သည်။

ဗီဒီယိုများ