မွတ်ဆလင်များနေရပ်ပြန်ရေး NUG က စစ်ကောင်စီနှင့်အပြိုင် ကြိုးပမ်းလာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေကြသည့် မွတ်ဆလင်များ နေရပ်ပြန်နိုင်ရေးအတွက် တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းများ၊ ဘင်္ဂလားဒေ့ရှ်အစိုးရအပါအဝင် ကုလသမဂ္ဂတို့နှင့်အတူ ကောင်းမွန်သင့်တော်သည့်အခြေအနေများ ဖန်းတီးရန်ကြိုးပမ်းနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောသည်။

30 Aug 2022

ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံရှိ မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခုကိုတွေ့ရစဉ်။ ဓာတ်ပုံ- AFP

DMG ၊ သြဂုတ် ၃၀

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေကြသည့် မွတ်ဆလင်များ နေရပ်ပြန်နိုင်ရေးအတွက် တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းများ၊ ဘင်္ဂလားဒေ့ရှ်အစိုးရအပါအဝင် ကုလသမဂ္ဂတို့နှင့်အတူ ကောင်းမွန်သင့်တော်သည့်အခြေအနေများ ဖန်းတီးရန်ကြိုးပမ်းနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေကြသည့် မွတ်ဆလင်တို့အကြား သြဂုတ်လ ၂၉ ရက်နေ့က အွန်လိုင်းဖြင့်တွေ့ဆုံပွဲတွင် မွတ်ဆလင်များ အိမ်ပြန်နိုင်ရေးအတွက် ကြိုပမ်းနေကြောင်းကို ထပ်မံကတိပြုလိုသည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့သည်။

“အိမ်နီးနားချင်းနိုင်ငံတွေမှာ ခိုလှုံနေကြရတဲ့ ရိုဟင်ဂျာ(မွတ်ဆလင်)ဒုက္ခသည်တွေ မိမိသဘောဆန္ဒနဲ့ ဂုဏ်သိက္ခာရှိရှိ၊ လုံခြုံမှုရှိရှိနဲ့ ရေရှည်တည်တံ့သော ပြည်တော်ပြန်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရဟာ ရိုဟင်ဂျာ(မွတ်ဆလင်)ပြည်သူတွေ၊ တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းတွေ၊ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကုလသမဂ္ဂတို့နဲ့အတူ ရိုဟင်ဂျာ(မွတ်ဆလင်)ပြည်သူတွေ အိမ်ပြန်နိုင်ရေးအတွက် ကောင်းမွန်သင့်တော်တဲ့အခြေအနေတွေဖန်တီးဖို့ ကြိုးပမ်းနေကြောင်း ထပ်မံကတိပြုလိုပါတယ်”ဟု ၎င်းကပြောသည်။

NUG အနေဖြင့် မွတ်ဆလင်များအတွက် တရားမျှတမှုနှင့် တာဝန်ယူမှုတည်ဆောက်ခြင်း၊ မွတ်ဆလင်များ ပြည်တော်ပြန်နိုင်ရေး အထောက်အကူပြုရန် အခြေအနေများဖန်တီးခြင်း၊ ဥပဒေအရနှင့် လက်တွေ့အရ တန်းတူညီမျှမှုပေးနိုင်ရန်ကြိုးပမ်းခြင်း အချက်သုံးချက်ကို လုပ်ဆောင်နေသည်ဟုလည်း ဆိုထားသည်။

သြဂုတ်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည့် “၂၀၁၇ မွတ်ဆလင်များအား ရက်စက်ကြမ်းကြုတ်စွာပြုမှုခဲ့သော ရာဇဝတ်မှုများ၏ ပဉ္စမနှစ်ပတ်လည်နေ့ကြေညာချက်”တွင် မွတ်ဆလင်များအိမ်ပြန်နိုင်ရေးအတွက် ကောင်းမွန်သင့်တော်သည့်အခြေအနေများ ဖန်တီးရန်ကြိုးပမ်းနေကြောင်း ကတိပြုသည်ဟု NUG မှ ထုတ်ပြန်ခဲ့သည်။

တစ်ဖက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးသွားသည့် မွတ်ဆလင်များကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလကုန်တွင် ပြန်လည်လက်ခံရန်ပြင်ဆင်ထားကြောင်းနှင့် ကနဦးအနေဖြင့် မွတ်ဆလင် ၇၀၀ ဦးကို ပြန်လည်ခေါ်ယူရန်စီစဉ်နေပြီး တစ်ပတ်လျှင် ၁၅၀ ဦး လက်ခံရန်ပြင်ဆင်ထားကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီမှ မီဒီယာများကို ဇူလိုင်လအတွင်းက ဖြေဆိုထားသည်။

မွတ်ဆလင်များ နေရပ်ပြန်နိုင်ရေးနှင့်ပတ်သက်ပြီး စစ်ကောင်စီနှင့် NUG တို့လုပ်ဆောင်ချက်များမှာ နိုင်ငံတကာတွင် မျက်နှာပန်းလှရန်နှင့် နိုင်ငံတကာ၏ထောက်ခံမှုကိုရရန်အတွက် ကြိုးစားသည့်အဆင့်သာရှိသည်ဟု ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေကရှုမြင်သည်။

“သူတို့တွေက နိုင်ငံတကာမှာ မျက်နှာပန်းလှဖို့အတွက် ကြိုးစားတဲ့အဆင့်လောက်ရှိတယ်။ စစ်ကောင်စီဆိုရင်လည်း သူတို့ရဲ့ဖိအားတွေကို လျော့ဖို့အတွက်ဖြစ်တယ်။ NUG ကဆိုရင်လည်း နိုင်ငံတကာရဲ့ထောက်ခံမှုကိုရဖို့အတွက် ကစားကွက်တစ်ခုသာဖြစ်တယ်။ အမှန်ဆိုရင် သူတို့ရဲ့နေရပ်ပြန်ရေးကိစ္စဟာ ရခိုင်နဲ့ဆွေးနွေးရမှာဖြစ်တယ်။ အထူးသဖြင့် ULA/AA နဲ့ ဆွေးနွေးရမှာဖြစ်တယ်။ သူတို့တွေက အဓိကမကျဘူး။ အဲဒီလိုသာလုပ်နေ မယ်ဆိုရင် သူတို့လုပ်နေတာဟာ အောင်မြင်မှာမဟုတ်ဘူးလို့ပြောချင်တယ်”ဟု သူကပြောသည်။

၂၀၁၇ ခုနှစ်အတွင်းက ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် ARSA အဖွဲ့သည် ရဲကင်းစခန်းများကို တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရာတွင် မွတ်ဆလင်(၇)သိန်းကျော်ခန့် ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးသွားရသည်ဟု နိုင်ငံတကာအဖွဲ့အစည်းများက ပြောဆိုထားသည်။

ထွက်ပြေးသွားသောမွတ်ဆလင်များကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)လက်ထက်ကလည်း ပြန်လည်လက်ခံရေးအတွက် အကြိမ်ကြိမ်ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ပေ။ လက်ရှိတွင်လည်း စစ်ကောင်စီကမွတ်ဆလင်များကို ပြန်လည်လက်ခံရေးအတွက် အရှိန်ဟုန်မြှင့်တင်ကာ ကြိုးပမ်းနေသည်ကိုတွေ့လာရခြင်းဖြစ်သည်။

စစ်ကောင်စီအနေဖြင့် မွတ်ဆလင်များကို ပြန်လည်လက်ခံရန်ပြင်ဆင်နေသော်လည်း နယ်မြေရှင်းလင်းမှုကြောင့် ထွက်ပြေးသွားရသည့်မွတ်ဆလင်များမှာ စစ်တပ်အပေါ်ယုံကြည်ပြီး ပြန်ဝင်လာမည့်အခြေအနေမှာမဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောသည်။

“စစ်ကောင်စီဘက်မှာ အဲဒီ(ပြန်လာတဲ့မွတ်ဆလင်တွရဲ့ လုံခြုံရေး၊ နိုင်ငံသားဖြစ်ခွင့်စတဲ့)လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် သူတို့မှာ တာဝန်ယူနိုင်တဲ့လုံခြုံရေးအခြေအနေမရှိဘူး။ ဒါကတော့ AA တပ်ဖွဲ့နဲ့ စစ်ကောင်စီကြားထဲမှာဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေဟာ အခုမှစပဲရှိပါသေးတယ်။ မကြာခင် အဲဒီဟာတွေက ရခိုင်ပြည်တစ်ပြည်လုံးကို ပျံ့နှံသွားလိမ့်မယ်လို့ယူဆပါတယ်။ ဒါကြောင့်မို့ စစ်ကောင်စီက စက်တင်ဘာလကုန်မှာ မွတ်ဆလင်တွေကို ပြန်လက်ခံဖို့အတွက်ကြိုးစားမယ်ဆိုတာက သူတို့ လုပ်ကြောင်းကို နိုင်ငံတကာကို သဘောထားထုတ်ဖော်ပြောဆိုတာဖြစ်တယ်။ လက်တွေ့က ဘာမှဖြစ်မြောက်အောင်လုပ်လိမ့်မယ်လို့ မယူဆဘူး”ဟု သူကပြောသည်။

မြန်မာအစိုးရအနေဖြင့် ထွက်ခွာခဲ့သူများကို နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်များနှင့်အညီ စနစ်တကျ စိစစ်လက်ခံရေးကို နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေနှင့်အညီ စနစ်တကျစစ်ဆေးပြီး ကိုက်ညီသူများကို သင့်လျော်သည့်နိုင်ငံသားအဆင့်အတန်းအား လူမျိုးရေး၊ ဘာသာရေးခွဲခြားမှုမရှိဘဲ ပေးအပ်နေသည်ဟု စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယခုသြဂုတ်လအတွင်းတွင် ထုတ်ပြန်ထားသည်။

ယင်းအပြင် ပြန်ဝင်လာမည့်မွတ်ဆလင်များကို မောင်တောမြို့နယ် တောင်ပြိုလက်ဝဲ၊ ငခူရ၊ လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းတို့တွင် နေရာချထားပေးရန်စီစဉ်ထားကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက DMG ကိုပြောဆိုထားသည်။

သို့သော် မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းမှုကြောင့် ပြည်တွင်းတွင် မငြိမ်သက်မှုများဖြစ်ပွားနေခြင်း၊ နိုင်ငံရေးအခြေအနေများရှုပ်ထွေးနေခြင်း စသည့်အကြောင်းရင်းများကြောင့် မွတ်ဆလင်များသည် ပြန်လည်ဝင်ရောက်လာကြဦးမည်မဟုတ်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ရှုမြင်ကြသည်။

ဗီဒီယိုများ