စီမံကိန်းဧရိယာတွင်ပါဝင်၍ ရေကောက်ကျေးရွာနှင့် ပုရစ်ကျေးရွာတို့ ပြောင်းရွှေ့ခဲ့ရသောနေရာသစ်အား ၂၀၂၁ ခုနှစ် ဧပြီလအတွင်းက တွေ့ရစဉ်။

DMG ၊ ဇန်နဝါရီလ ၁၅

သံတွဲမြို့၊ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်း ရေဝပ်ဧရိယာအတွင်းပါဝင်၍ ကျေးရွာပြောင်းရွှေ့ပေးခဲ့ရသည့် ရေကောက်ကျေးရွာနှင့် ပုရစ်ကျေးရွာတို့မှဒေသခံများမှာ လက်ရှိအချိန်ထိ လျော်ကြေးငွေအပြည့်အဝမရရှိသေးကြောင်း သိရသည်။

"အိမ်တန်ဖိုးမရသေးသူကတော့ ၁၀၀ ကျော်လောက်ကျန်သေးတယ်။ ဘဏ်ကငွေထုတ်မရလို့ မပေးရသေးဘူးလို့ သိရတယ်။ ပုရစ်ကျေးရွာက လူတွေကတော့ရပြီးကြပြီ။ ကျန်တာက ရေကောက်ကျေးရွာဒေသခံတွေထဲက ကျန်နေတာဖြစ်တယ်" ဟု ရေကောက်အုပ်စုကျေးရွာတာဝန်ခံ ဦးအောင်ခင်သိန်းက DMG ကို ပြောသည်။

အဆိုပါစီမံကိန်းကို ၂၀၀၈ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး စီမံကိန်းဧရိယာအတွင်းပါဝင်သည့် ရေကောက်ကျေးရွာမှ အိမ်ခြေ ၃၀၈ ဆောင်နှင့် ပုရစ်ကျေးရွာမှ အိမ်ခြေ ၁၅၃ ဆောင် စုစုပေါင်းအိမ်ခြေ ၄၆၁ ဆောင်တို့ကို ၂၀၂၁ ခုနှစ်မတ်လအတွင်းက ပြောင်းရွှေ့ပေးခဲ့ရသည်။

၎င်းတို့ကို သံတွဲမြို့နှင့် ၂၅ မိုင်ခန့်အကွာရှိ တောင်ပေါ်မြေနေရာတွင် နေရာချထားပေးသဖြင့် ထိုနေရာတွင် နေအိမ်များဆောက်လုပ်နေထိုင်နေသည်မှာ တစ်နှစ်ခန့်ကြာမြင့်လာပြီဖြစ်သည်။

လက်ရှိမှာ လျှော်ကြေးငွေမရရှိသေး၍ နေအိမ်ဆောက်လုပ်ခ မပေးနိုင်သေးသူများရှိနေပြီး အလုပ်အကိုင်မရှိခြင်းကြောင့်လည်း စားဝတ်နေရေးအခက်အခဲများရှိနေကြောင်း ရေကောက်ကျေးရွာမှ ရာအိမ်မှူး ဦးအောင်ကြီးက ပြောဆိုသည်။

"နေအိမ်ဆောက်လုပ်ခမရှင်းနိုင်လို့ အခက်အခဲဖြစ်နေသူတွေ။ သစ်ခ၊ ဘိလပ်မြေခ၊ မပေးနိုင်လို့ အခက်အခဲဖြစ်နေသူတွေ ရှိနေတယ်။ ပြီးတော့ ဒီမှာက အလုပ်အကိုင်လည်းမရှိတော့ ဝင်ငွေလည်းမရှိဘူး။ စားဝတ်နေရေးကအစ အခက်အခဲဖြစ်နေတယ်။ အိမ်တွေကတော့ အကြွေးနဲ့ယူဆောက်လို့ပြီးတဲ့အိမ်ရှိနေသလို မပြီးသေးတဲ့ အိမ်တွေလည်း ရှိနေသေးတယ်" ဟု ၎င်းကပြောသည်။

ရေကောက်ကျေးရွာနှင့် ပုရစ်ကျေးရွာမှ ဒေသခံများမှာ ယခင်က သစ်ခုတ်၊ ဝါးခုတ်၊ တောင်ယာလုပ်ငန်းများကို လုပ်ကိုင်ခဲ့သူများဖြစ်ပြီး ယခုအခါ လုပ်ကိုင်စားသောက်ရန်နေရာမရှိသဖြင့် အခက်အခဲရှိနေကြခြင်းဖြစ်သည်။

သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်အေးက ကျေးရွာပြောင်းရွှေ့ပေးခဲ့ရသည့် ဒေသခံများအတွက် ငွေပေးချေခြင်းကို အပတ်စဉ်အလှည့်ကျပေးချေလျှက်ရှိပြီး ဘဏ်မှငွေထုတ်ယူခြင်း အခက်အခဲကြောင့် ကြန့်ကြာနေခြင်းဖြစ်သည်ဟု ပြောသည်။

"၃၀ ရာခိုင်နှုန်းပေးဖို့အတွက် အိမ်ခြေ ၁၀၀ ကျော်လောက်ကတော့ကျန်သေးတယ်။ သူတို့ကိုလဲ အပတ်စဉ်အလှည့်ကျအနေနဲ့ ထုတ်ပေးနေတယ်။ အခုလိုကြန့်ကြာနေတာကတော့ ဘဏ်ကငွေထုတ်ရတာ အခက်အခဲရှိနေလို့ဖြစ်တယ်"ဟု ၎င်းကဆိုသည်။

ရေကောက်ကျေးရွာနှင့် ပုရစ်ကျေးရွာတို့မှဒေသခံများမှာ လက်ရှိနေရာသစ်တွင် အဆင်ပြေသလိုနေထိုင်နေရပြီး လျော်ကြေးငွေကို အမြန်ဆုံးထုတ်ပေးရန်လိုအပ်ကြောင်း ရေကောက်ကျေးရွာ ဆယ်အိမ်မှူး ဦးအောင်ကြီးကပြောသည်။

ကုန်ခဲ့သောမိုးရာသီအတွင်းက မိုးရွာသွန်းမှုကြောင့် ရေကောက်ကျေးရွာနှင့် ပုရစ်ကျေးရွာတို့တည်ရှိရာ နေရာသစ်တွင် ကမ်းပါးပြိုကျမှုနှင့် လမ်းများပျက်စီးမှုများရှိခဲ့သည်။

သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းကို လာမည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြီးစီးအောင်တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

#R011

Author: Admin