DMG | ဖေဖော်ဝါရီ ၂၂

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှ အမျိုးသမီးများအပါအဝင် ဒေသခံ(၄၈)ဦးအား ရဲတပ်ဖွဲ့မှ တစ်ညတာ ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ယနေ့(ဖေဖေါ်ဝါရီလ ၂၂ ရက်)နေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ကာယကံရှင်များထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ည ၉ နာရီကျော်အချိန်က မြောက်ဦးမြို့နယ်၊ ဘူးရွက်မညိုးကျေးရွာရှိ စတိတ်ရှိုးပွဲမှ ပြန်လာကြသည့် ဒေသခံများမှာ မြောက်ဦးမြို့အဝင် ငွေတောင်ပေါက်တံတားစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီး ခံရခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရာ၌ပါဝင်ခဲ့သည့် မြောက်ဦးဒေသခံ ဦးကျော်သန်းဝင်းက “သူတို့က ဂိတ်ကိုရောက်တာနဲ့တစ်ခါတည်း ဖမ်းပြီးဆွဲသွင်းပစ်တာ။ အချုပ်ကိုတော့မထည့်ဘူး။ အပြင်မှာထားပြီးတော့ နာမည်၊နေရပ်လိပ်စာတွေ၊ မှတ်ပုံတင်နံပါတ်တွေနဲ့ မိဘနာမည်တွေကို မေးမြန်းတယ်။ သူတို့ပြောတာကတော့ ညမထွက်ရအမိန့်ကို ကျော်တဲ့အတွက် ဖမ်းတာလို့တော့ပြောတယ်’’ ဟု ဆိုသည်။

ရခိုင်တွင် တိုက်ပွဲများရပ်တန့်နေစဉ်ကတည်းကပင် ဖမ်းဆီးစစ်ဆေးမှုများမရှိသည်မှာ ကြာမြင့်နေပြီး ဖြစ်သောကြောင့် ယမန့်နေ့က ရုတ်တရက်ဖမ်းဆီးခံရစဉ်တွင် အလွန်စိုးရိမ်မှုဖြစ်မိခဲ့သည်ဟု ဖမ်းဆီးခံခဲ့ရသူ ဦးမောင်ထွေးညွှန့်က ပြောသည်။

“ဘာမှတော့မလုပ်ပါဘူး။ အမျိုးသမီးတွေနဲ့ အမျိုးသားတွေကိုအခန်းခွဲပြီး အိပ်ယာတွေခင်းပေးတယ်။ ဒီဖက်မှာက အခုလိုမျိုးဖမ်းဆီးမှုတွေမရှိတာလည်းကြာပြီဆိုတော့ ရုတ်တရက်အဖမ်းခံလိုက်ရတဲ့အချိန်မှာ ဘာကြောင့်ဖမ်းမှန်းလဲမသိတော့ စိုးရိမ်မိတာပေါ့။ အရင်သွားလာနေတုန်းကလည်း မဖမ်းဘူးလေ။ အခုသူတို့ ကတော့ နောက်တစ်ခါ ၈ နာရီကျော်ရင် လုံးဝမသွားလာဖို့တော့မှာလိုက်တယ်။ လူတွေအများကြီး သွားလာ နေတော့ သူတို့လည်းစိုးရိမ်ပြီးဖမ်းတာလို့ပြောတယ်’’ ဟု ၎င်းကပြောသည်။

မြောက်ဦးမြို့နယ်အပါအဝင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့သည့် မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ အမ်း၊ ရသေ့တောင်၊ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဧပြီလကစတင်ကာ လုံခြုံရေးအခြေအနေအရ အစိုးရမှ ညမထွက်ရအမိန့် ထုတ်ပြန် ထားခြင်းဖြစ်သည်။

Author: DMG