ရေယာဉ်ပေါ်တွင် ကန်ကျောက်ခံရသည့် ကျောက်ဆိပ်ရွာသားများ အကျဉ်းထောင်တွင် နှစ်နှစ်ကျော်ကြာ ချုပ်နှောင်ခံထားရပြီဖြစ်သော်လည်း အမိန့်မချသေး

မြန်မာစစ်တပ်က ရေယာဉ်ပေါ်တွင် ရိုက်နှက်ကန်ကျောက်ခဲ့သော ပုဏ္ဏားကျွန်းမြို့နယ်၊ကျောက်ဆိပ်ကျေးရွာမှ ဒေသခံ ငါးဦးတို့ အကျဉ်းထောင်တွင် ချုပ်နှောင်ခံထားရသည်မှာ နှစ်နှစ်ကျော် ကြာမြင့်နေပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ အမိန့်ချမှတ်ခြင်းမရှိသေးပေ။

30 Jun 2022

ကန်ကျောက်ခံခဲ့ရသည့် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွားသားများအားတွေ့ရစဉ်။

DMG ၊ ဇွန် ၃၀

မြန်မာစစ်တပ်က ရေယာဉ်ပေါ်တွင် ရိုက်နှက်ကန်ကျောက်ခဲ့သော ပုဏ္ဏားကျွန်းမြို့နယ်၊ကျောက်ဆိပ်ကျေးရွာမှ ဒေသခံ ငါးဦးတို့ အကျဉ်းထောင်တွင် ချုပ်နှောင်ခံထားရသည်မှာ နှစ်နှစ်ကျော် ကြာမြင့်နေပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ အမိန့်ချမှတ်ခြင်းမရှိသေးပေ။

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟု သံသယဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံ ထားရသည့် အဆိုပါ ငါးဦးကို ဇွန်လ ၂၉ ရက်နေ့တွင် အမိန့်ချမှတ်ရန် စစ်တွေခရိုင်တရားရုံးက ချိန်းဆို ခဲ့သော်လည်း အမိန့်ချရန် အဆင်အသင့်မဖြစ်သေးဟု အကြောင်းပြချက်ဖြင့် တရားသူကြီးက ရုံးချိန်းထပ်မံချိန်းဆိုလိုက်သည်ဟု အမှုလိုက်ရှေ့နေ ဦးကျော်ညွှန့်မောင်က ပြောသည်။

"ကျောက်ဆိပ်အမှုကို ဇူလိုင်လ(၆)ရက်နေ့ကိုထပ်ချိန်းလိုက်ပါတယ်။ အမိန့်ချမှတ်ဖို့အဆင်သင့် မဖြစ်သေးလို့ ပြောတယ်။အဆင်သင့်မဖြစ်သေးတာ ဘာကြောင့်လဲဆိုတာကိုတော့ တရားသူကြီးကိုသွားမေးမှရမယ်။ နေ့စဉ် မှတ်တမ်းမှာတော့အမိန့်ချရန်အဆင်သင့်မဖြစ်သေးဆိုပြီးတော့ ရေးထားတယ်"ဟု အမှုကို လိုက်ပါဆောင်ရွက် ပေးနေ သည့် ၎င်းက ဆက်လက်ပြောသည်။

ကျောက်ဆိပ်ကျေးရွာတွင် ဖမ်းဆီးခံရသူများမှာ ကိုညီညီအောင်(၂၄)နှစ်၊ ကိုအောင်မျိုးလင်း (၂၄)နှစ်၊ ကိုမောင် ချေ (၂၄) နှစ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်မှ ကိုမင်းစိုး(၃၈)နှစ်နှင့် မြောက်ဦးမြို့နယ်၊ ဇီးပင်ကြီးကျေးရွာမှ ကိုကျော်ဝင်း ဟိန်း (၂၂) နှစ်တို့ဖြစ်ကြသည်။၎င်းတို့(၅)ဦးကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့က ကျောက်ဆိပ်ကျေး ရွာအတွင်း ဝင်ရောက်လာသည့် မြန်မာစစ်တပ်မှဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းတို့ကို ပုဏ္ဏားကျွန်းမြို့အခြေစိုက် (၅၅၀)တပ်ရင်းမှ ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုပြုလုပ်ကာ အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)၊ ၅၂(က)တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ကျောက်ဆိပ်ကျေးရွာသားများမှာ ရုံးချိန်မြောက်များစွာရှိနေပြီဖြစ်သောကြောင့် မိသားစုဝင်များမှာလည်း ငွေ ကြေးအခက်အခဲရှိသောကြောင့် စစ်တွေမြို့သို့မသွားရောက်နိုင်တော့ပေ။ယနေ့ရုံးချိန်းတွင်လည်း ငွေကြေး မတက်နိုင်၍ ခရိုင်တရားရုံးရှိရာ စစ်တွေမြို့သို့ မလာရောက်နိုင်သောကြောင့် သားဖြစ်သူအတွက် လူကြုံဖြင့် ငွေထည့်ပေးလိုက်ရသည်ဟု ဒေါ်နီနီအေးက ပြောသည်။

“အန်တီ ရုံးချိန်းမသွားနိုင်တာပိုက်ဆံမရှိလို့ပေါ့။ အန်တီရုံးချိန်သွားလိုက်ရင် အန်တီသားကို ပိုက်ဆံမပေးနိုင်ဘူး။ အန်တီသားကို ပိုက်ဆံ ပေးရင် အန်တီရုံးချိန်းမသွားနိုင်ဘူး။ ဒါကြောင့် ရုံးချိန်းသွားမယ့်လူနဲ့ ပိုက်ဆံ လူကြုံ ထည့်ပေးလိုက်တယ်။ပိုက်ဆံက တစ်သောင်းပဲ ရှိတာ။ရုံးချိန်းလည်းသွားမယ်၊သားလည်းပိုက်ဆံပေးမယ်ဆိုရင် နှစ်သောင်းခွဲလောက်လိုတယ်။အန်တီမှာက ပိုက်ဆံတစ်သောင်းပဲရှိတော့ သားအတွက်ပဲထည့်ပေးလိုက် တယ် "ဟု ကိုညီညီအောင်၏ မိခင် ဒေါ်နီနီအေးက ဆိုသည်။

အလားတူ ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည့်သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရပြီး အမိန့်ချရန် တစ်နှစ်ခန့်ကြာမြင့်နေပြီဖြစ်သည့် ပုဏ္ဏားကျွန်းမြို့၊ အိုင်ဒင်ကျေးရွာမှ ဒေသခံနှစ်ဦးကိုလည်း ယနေ့ရုံးချိန်းတွင် အမိန့်ချမှတ်ခြင်းမရှိဘဲ ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်းသိရသည်။အကြောင်းပြချက်မှာ အမိန့်ချရန် အဆင်သင့် မဖြစ်သေးဟု တရားကြီးက ပြောသောကြောင့်ဟု အမှုလိုက်ပါဆောင်ရွက်သည့်ရှေ့နေထံက သိရသည်။

အိုင်ဒင်ကျေးရွာမှ ကိုနေလင်းဌေး (၂၅)နှင့် ဦးမောင်စောအေး‌(ခေါ်)မျိုးမင်းထွန်း (၃၂)နှစ်တို့ကို ၂၀၂၀ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် စစ်တွေမှ ပုဏ္ဏားကျွန်းသို့ဆိုင်ကယ်ဖြင့်အပြန်တွင် ကျောက်တန်းစစ်ဆေးဂိတ်၌ မြန်မာစစ်တပ်က ဖမ်းဆီးခဲ့သည်။

ထို့နောက် အမှတ်(၉၀၈) စစ်တွေမြို့၊ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ ဗိုလ်ကြီး အောင်ဖြိုးမြင့်က တရားလိုပြု လုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)၊ ၅၂(က)ဖြင့် တရားစွဲဆိုခဲ့သည်။

ရခိုင်ပြည်ရှိ ရက္ခိုင့်တပ်တော်နှင့်ဆက်စပ်ပြီး ဖမ်းဆီးခံရသူအချို့ကို စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်များ ဖြင့် ပြန်လည် လွှတ်ပေးသော်လည်း ထင်ရှားသည့်အမှုများဖြစ်သည့် ကျောက်ဆိပ်၊အိုင်ဒင်ကဲ့သို့ အမှုများမှာ လွတ်မြောက်လာခြင်းမရှိသေးပေ။

ဗီဒီယိုများ