ရခိုင်အမျိုးသားပါတီတွင် မူဝါဒရေးရာဦးဆောင်ကော်မတီသည် ဆုံးဖြတ်ချက်ချနိုင်မည့် အမြင့်ဆုံးအဖွဲ့ဖြစ်လာ

ပြည်နယ်အတွင်း အင်အားကြီးမားသည့် ရခိုင်အမျိုးသားပါတီ(ANP)သည် မူဝါဒရေးရာ ဦးဆောင်ကော်မတီ တစ်ရပ်ကို ပါတီဗဟိုညီလာခံတွင် ဖွဲ့စည်းလိုက်ပြီး ထိုကော်မတီသည် ပါတီ၏ မူဝါဒများကို ချမှတ်၊ ဆုံးဖြတ်မည်ဖြစ်ကာ ပါတီဥက္ကဌပါဝင်သော ဗဟိုအလုပ်အမှုဆောင်ကော်မတီသည် ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်များကို လုပ်ဆောင်ရမည်ဖြစ်သည်။

02 Jun 2019

ဒုတိယအကြိမ် ရခိုင်အမျိုးသားပါတီဗဟိုညီလာခံတွင် ပါတီဥက္ကဌအဖြစ် ဦးသာထွန်းလှ ဖြစ်လာသည်။ (ဓာတ်ပုံ - မင်းဘာကြီး)

ဖဒူ ထွန်းအောင် / DMG

ဇွန် ၁၊ စစ်တွေ

ပြည်နယ်အတွင်း အင်အားကြီးမားသည့် ရခိုင်အမျိုးသားပါတီ(ANP)သည် မူဝါဒရေးရာ ဦးဆောင်ကော်မတီ တစ်ရပ်ကို ပါတီဗဟိုညီလာခံတွင် ဖွဲ့စည်းလိုက်ပြီး ထိုကော်မတီသည် ပါတီ၏ မူဝါဒများကို ချမှတ်၊ ဆုံးဖြတ်မည်ဖြစ်ကာ ပါတီဥက္ကဌပါဝင်သော ဗဟိုအလုပ်အမှုဆောင်ကော်မတီသည် ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်များကို လုပ်ဆောင်ရမည်ဖြစ်သည်။

ANP ပါတီတွင် ဥက္ကဌအဖြစ် ဒေါက်တာအေးမောင် တာဝန်ယူချိန်က “မူဝါဒရေးရာ ဦးဆောင်ကော်မတီ”ကို ဖွဲ့စည်းခဲ့ခြင်းမရှိဘဲ ပါတီ၏ လုပ်ဆောင်မည့် အရာများကို ဥက္ကဌပါဝင်သော ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

“ပါတီမှာ မူဝါဒနဲ့ ပတ်သက်လို့ အမြင့်ဆုံးအဖွဲ့ပေါ့။ဗဟိုအလုပ်အမှုဆောင်ကော်မတီထက် မူဝါဒနဲ့ ပတ်သက်ရင် မြင့်တယ်။မူဝါဒရေးရာနဲ့ပတ်သက်ရင် ဒီဦးဆောင်ကော်မတီကပဲ ဆုံးဖြတ်မယ်။ဒီကော်မတီက အရင်မရှိဘူး။ဒါက မြန်မာနိုင်ငံထဲက ပါတီတွေထဲမှာတောင်မှ လုံးဝမရှိလို့ ပြောလို့ရတယ်”ဟု ANP ဗဟိုအလုပ်အမှုဆောင် ဦးအောင်ကျော်ထွီးက ပြောသည်။

ထိုကော်မတီကို ဖွဲ့စည်းရခြင်းမှာ တစ်ဦး၊တစ်ယောက်ချင်း၏ သြဇာအာဏာ သက်ရောက်မှုကို ထိန်းချုပ်ပြီး အားလုံးဦးဆောင်မှုဖြင့် သွားလိုသောကြောင့် ဖွဲ့စည်းရခြင်းဖြစ်သည်ဟု ၎င်းကဆက်လက်ဆိုသည်။

“ဒုတိယအကြိမ် ညီလာခံမှာ ပြောင်းလဲမှုက မူဝါဒရေးရာ ဦးဆောင်ကော်မတီ တစ်ခု ပေါ်ပေါက်လာတာပဲ။ အဓိက ပြောင်းလဲမှုကတော့ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ ဒီအချက်ဟာ စိတ်ဝင်စားဖို့လည်း ကောင်းသလို ပါတီ အတွက်လည်း ရေရှည်မှာ အားလုံး စုပေါင်းဦးဆောင်မှုနဲ့သွားနိုင်ဖို့လည်း သုံးသပ်တယ်။ နိုင်ငံရေး ယဉ်ကျေးမှု အရလည်း ကျနော်တို့မှာ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဆိုတဲ့ အနေအထားတွေကို လျှော့ကျပြီးတော့ အားလုံးသူ ဦးဆောင်ပြီး သွားတယ်ဆိုတဲ့ အခန်းကဏ္ဍကိုလည်း ---ပိုပြီး သိမ်မွေ့ပေါ့ ”ဟု ဦးအောင်ကျော်ထွီးက ဆိုသည်။

ထို မူဝါဒရေးရာ ဦးဆောင်ကော်မတီတွင် ယခင်က ဗဟိုအလုပ်အမှုဆောင်ကော်မတီဖြစ်ခဲ့ဖူးသည့် ဦးဦးလှစော၊ ဒေါ်အေးနုစိန်၊ဦးထွန်းအောင်ကျော်၊ဦးသာထွန်းလှနှင့်ဦးခိုင်ပြည်စိုး စသူများပါဝင်ကြသည်။

ANP ၏ ဗဟိုညီလာခံကို စစ်တွေမြို့တွင် မေလ ၃၀ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ (၃) ရက်ကြာကျင်းပခဲ့ကာ လစ်လပ်နေသည့် ဥက္ကဌ ရာထူးကိုလည်း ရွေးချယ်ခဲ့ကြသည်။

ပါတီဥက္ကဌအဖြစ် ဦးသာထွန်းလှဖြစ်လာကာ ဒု-ဥက္ကဌများအဖြစ် ဦးတင်ညို၊ဦးမြင့်နိုင်၊အထွေထွေအတွင်းရေးမှူးအဖြစ် ဦးခိုင်ပြည်စိုးတို့ဖြစ်လာသည်။ ဥက္ကဌဖြစ်သူ ဦးသာ ထွန်းလှ၊အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးတို့လည်း “ပါတီ မူဝါဒရေးရာ ဦးဆောင် ကော်မတီ”တွင် ပါဝင်ကြသည်။

ဒေါက်တာအေးမောင်ဥက္ကဌအဖြစ် တာဝန်ယူချိန် ၂၀၁၅ ခု ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီသည် ပြည်နယ်အတွင်း မဲအများဆုံးအနိုင်ရရှိခဲ့ကာ ပြည်နယ်လွှတ်တော်ကိုထိန်းချုပ်နိုင်ခဲ့သည်။သို့သော် ရွေးကောက် ပွဲအလွန်ကာလတွင် ပါတီထိပ်ပိုင်းခေါင်းဆောင်များကြား သဘောထားကွဲလွဲမှုများဖြစ်ပေါ်လာကာ တစ်ချို့ ကို ထုတ်ပယ်ခဲ့ကာ တစ်ချို့နုတ်ထွက်သွားကြသည်။နုတ်ထွက်သူအထဲတွင် ဒေါက်တာအေးမောင်လည်း ပါဝင် ခဲ့သည်။

နုတ်ထွက်သွားသူ ဒေါက်တာအေးမောင် ဦးဆောင်ညွှန်ကြားမှုဖြင့် လက်ရှိတွင် ရခိုင့်ဦးဆောင်ပါတီဟူ၍ ပါတီ သစ်တစ်ခုဖွဲ့စည်းထားပြီး ယင်းပါတီသည် ၂၀၂၀ ရွေးကောက်ပွဲကာလတွင် ရခိုင်အမျိုးသားပါတီနှင့် အဓိက ပြိုင် ဘက်ဖြစ်လာမည်ဟုလည်း ရခိုင်နိုင်ငံရေးသမားတစ်ချို့က သုံးသပ်ထားကြသည်။

ဗီဒီယိုများ