ကိုရင်ဆို့အမှုကို ၆ လအတွင်း အပြီးအစီးဆောင်ရွက်သွားမည်

စစ်ကောင်စီက ၅၀၅(က)ဖြင့် ဖမ်းဆီးအမှုဖွင့်ထားသည့် ကိုရင်ဆို့ (ခ) ကိုကျော်ဇံဝေ၏ အမှုကို ၆ လအတွင်းတွင် အပြီးအစီးဆောင်ရွက်သွားမည်ဟု ယနေ့(စက်တင်ဘာလ ၂၇ ရက်) ရုံးထုတ်တွင် တရားသူကြီးကပြောဆိုလိုက်ကြောင်း သိရသည်။

27 Sep 2022

DMG ၊ စက်တင်ဘာ ၂၇

စစ်ကောင်စီက ၅၀၅(က)ဖြင့် ဖမ်းဆီးအမှုဖွင့်ထားသည့် ကိုရင်ဆို့ (ခ) ကိုကျော်ဇံဝေ၏ အမှုကို ၆ လအတွင်းတွင် အပြီးအစီးဆောင်ရွက်သွားမည်ဟု ယနေ့(စက်တင်ဘာလ ၂၇ ရက်) ရုံးထုတ်တွင် တရားသူကြီးကပြောဆိုလိုက်ကြောင်း သိရသည်။

ကိုရင်ဆို့ကို ယနေ့(စက်တာဘာလ ၂၇ ရက်) နေ့လယ် ၁ နာရီအချိန်ခန့်က မြောက်ဦးခရိုင်တရားရုံးတွင် ဒုတိယအကြိမ်ရုံးထုတ်စစ်ဆေးခဲ့ရာတွင် ပြောဆိုလိုက်ခြင်းဖြစ်သည်ဟု ကိုရင်ဆို့၏ ဇနီးဖြစ်သူ မအိကေခိုင်ကပြောသည်။

"ဒီနေ့ သူ့ကိုရုံးထုတ်တဲ့အခါ တရားလိုနာမည်တွေကို အပြည့်အစုံရွတ်ပြတယ်။ ဒါက ညှိနှိုင်းအစည်းအဝေးလို့လည်း ပြောတယ်။ တရားလိုကတော့ မရောက်ပါဘူး။ တရားသူကြီး၊ ဥပဒေအရာရှိနဲ့ ရဲတွေရောက်တယ်။ နောက်ပြီး အခုလို CRPH/NUG တို့နဲ့ ဆက်စပ်ပြီး တရားစွဲခံထားရတဲ့အပေါ်မှာ ဝန်ခံမလား၊ ခုခံချေပမလားဆိုပြီး ကိုရင်ဆို့ကို တရားသူကြီးကမေးပါတယ်။ ကိုရင်ဆို့ကလည်း ခုခံချေပပါမယ်ဆိုပြီး ပြန်ဖြေပါတယ်။ နောက်ထပ် ဘာမှတော့ ဆက်မမေးတော့ပါဘူး"ဟု ၎င်းကပြောသည်။

ယင်းအပြင် ကိုရင်ဆို့ (ခ)ကိုကျော်ဇံဝေ၏အမှုကို လာမည့်အောက်တိုဘာလ ၄ ရက်နေ့တွင် နောက်ထပ်ရုံးချိန်းလိုက်ပြီး သတ်မှတ်ထားသည့် ရက်ပေါင်း ၁၈၀ အတွင်းတွင် တရားလိုပြသက်သေများနှင့် လိုအပ်သည်များအားလုံးကို စစ်ဆေးသွားမည်ဟုလည်း တရားသူကြီးက ပြောဆိုလိုက်ကြောင်းသိရသည်။

"ကိုရင်ဆို့ဖက်ကတော့ သူက CRPH/NUG တို့နဲ့ တင်မကဘူး ဘယ်အဖွဲ့အစည်းနဲ့မှ ပတ်သက်ဆက်နွယ်နေတာမရှိတဲ့အတွက် အမှုကို ခုခံချေပရမယ်လို့ဗတာ့ ကျမကိုပြောပါတယ်။ တရားသူကြီးကလည်း ပထမအကြိမ် ရုံးထုတ်ကတည်းက ရှေ့နေငှါးခွင့်ရှိတယ်ဆိုပြီးပြောထားလို ရှေ့နေအပ်ဖို့လုပ်နေပါတယ်။ အခုချိန်ထိ ရှေ့နေမငှါးဖြစ်သေးတာကလည်း ဒီအမှုအတွက် ဘယ်ရှေ့နေက ကောင်းမလဲ၊ ဘယ်ရှေ့နေက ကျမတိုအတွက် ကာဗာပေးနိုင်မလဲဆိုတာ လေ့လာနေဆဲဖြစ်လို့ပါ"ဟု မအိကေခိုင်ကဆိုသည်။

ကိုရင်ဆို့မှာ မြောက်ဦးမြို့၊ တောင်ရပ်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး စက်တင်ဘာလ ၄ ရက်နေ့က နေအိမ်အတွင်းရှိနေစဉ် စစ်ကောင်စီ၏ ဝင်ရောက်ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

အလားတူ စက်တင်ဘာလ ၂၅ ရက်နေ့ကလည်း မြောက်ဦးမြို့၊ ကံလှရပ်ကွက်ရှိ စက်ပစ္စည်းအရောင်းဆိုင်မှ ညီကိုနှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့်အပြင် စက်တင်ဘာ ၂၀ ရက်နေ့ကလည်း သတင်းထောက်ဟောင်းတစ်ဦးဖြစ်သည့် ကိုဖိုးသီဟကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဗီဒီယိုများ