စစ်တွေတွင် ရဲကပစ်၍သေဆုံးသွားသည့် မွတ်ဆလင်လူငယ်အတွက် နစ်နာကြေး ငွေကျပ်(၅)သိန်းရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဘုမေကျေးရွာ စစ်တွေတက္ကသိုလ်ကျောင်းအနီးရှိ ရဲတပ်ရင်း(၃၆)ရှေ့တွင် ရဲတပ်သားတစ်ဦး၏ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် မွတ်ဆလင်လူငယ်နှင့်ပတ်သက်ပြီး အဆိုပါရဲတပ်ရင်းမှ သေဆုံးသူ၏မိသားစုကို နစ်နာကြေး ငွေကျပ်(၅)သိန်းပေးခဲ့ကြောင်း သိရသည်။

06 Sep 2022

DMG ၊ စက်တင်ဘာ ၆

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဘုမေကျေးရွာ စစ်တွေတက္ကသိုလ်ကျောင်းအနီးရှိ ရဲတပ်ရင်း(၃၆)ရှေ့တွင် ရဲတပ်သားတစ်ဦး၏ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် မွတ်ဆလင်လူငယ်နှင့်ပတ်သက်ပြီး အဆိုပါရဲတပ်ရင်းမှ သေဆုံးသူ၏မိသားစုကို နစ်နာကြေး ငွေကျပ်(၅)သိန်းပေးခဲ့ကြောင်း သိရသည်။

“မိသားစုတွေ၊ ကျေးရွာတာဝန်ခံတွေကိုခေါ်ပြီးတော့ တပ်ရင်းမှူးက ငွေကျပ်(၅)သိန်းပေးတယ်။ နောက်ပြီးတော့ နစ်နာကြေးတွေအတွက် တတ်နိုင်သလောက်လုပ်ပေးမယ်ဆိုပြီးတော့ ပြောတယ်"ဟု သေဆုံးသူ၏ မိသားစုဝင်တစ်ဦးက DMG သို့ပြောသည်။

မွတ်ဆလင်လူငယ်အား ပစ်ခတ်ခဲ့သည့်ရဲတပ်သားကိုလည်း ရဲဥပဒေအရ အရေးယူပေးမည်ဟု ပြောကြားခဲ့ကြောင်းလည်း သေဆုံးသူ၏မိသားစုထံမှ သိရသည်။

"ကျနော်တို့ကတော့ သူတို့ပြောတာကို ယုံကြည်မှုမရှိဘူး။ လူအသက်တစ်ချောင်းဟာ ငွေကျပ် ၅ သိန်းပဲ တန်ဖိုးရှိတာလား။ လုံးဝတရားမျှတမှုမရှိဘူး”ဟု သေဆုံးသူ၏ မိသားစုဝင်ကပြောသည်။

စက်တင်ဘာလ ၄ ရက်နေ့က စစ်တွေမြို့နယ်၊ ဒါးပိုင်ကျေးရွာမှ အသက်(၂၀)နှစ်အရွယ် ဇောတ်မီရတ်ဟူဆောနတ်မှာ နှစ်ဘီးဆိုင်ကယ်ဖြင့် ရဲတပ်ရင်း(၃၆)ရှေ့မှဖြတ်သွားစဉ် ပစ်ခတ်ခံရ၍ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် အနီးဝန်းကျင်မှ လက်သမား၊ ဒါးပိုင်၊ သက္ကယ်ပြင်၊ ဘောဒူဖ၊ အုန်းတောကြီးနှင့် ပလ္လင်ပြင် စသည့်ကျေးရွာမျာမှမွတ်ဆလင်များမှာ စိုးရိမ်နေကြောင်း လက်သမားကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက DMG သို့ပြောသည်။

“အဲဒီစစ်ဆေးဂိတ်က ကျနော်တို့အဝင်/အထွက်မှာ ထောက်ခံစာတွေ၊ ကဒ်တွေစစ်တာရှိပါတယ်။ မနေ့ကဆိုရင်လည်း တစ်ယောက်ပစ်ခတ်ခံရပြီးတော့ သေဆုံးသွားတယ်။ နောက်ထပ်လည်းဒေသခံတွေ ဒီမျိုးဖြစ်မှာကိုစိုးရိမ်တာပေါ့”ဟု ၎င်းကဆိုသည်။

အဆိုပါမွတ်ဆလင်ကျေးရွာများမှာ ကုန်စည်ပစ္စည်းများဝယ်ယူရန် ဘုမေ-သက္ကယ်ပြင်လမ်းအားဖြတ်သန်းကာ စစ်တွေမြို့ကိုသွားလာကြရသည်။

ဒါးပိုင်ကျေးရွာသားတစ်ဦးက “ကျနော်တို့မှာ ကျန်းမာရေးကအစ အဲဒီလမ်းကိုပဲ အဓိကအားထားပြီးတော့ သွားနေရတာ။ စစ်တွေမြို့ထဲကိုသွားမယ်ဆိုရင် အဲဒီလမ်းကပဲသွားနေကြတာ။ အဲဒီလမ်းမှာ အဲဒီတပ်ရင်းကိုဖြတ်ရတယ်။ အခုလိုမျိုး သတ်ဖြတ်မှုတွေရှိနေတာတော့ ဒေသခံတွေစိုးရိမ်မှုရှိတာပေါ့”ဟု ပြောသည်။

အချို့မွတ်ဆလင်များမှာ ရခိုင်၊ ဗမာစကားကို မပြောတတ်သည့်အတွက် ပိုမိုစိုးရိမ်မှုဖြစ်ပေါ်စေပြီး အဆိုပါကိစ္စရပ်များကို အစိုးရကဖြေလျော့ပေးရန်လိုကြောင်း သက္ကယ်ပြင်ကျေးရွာသားတစ်ဦးက ဆိုသည်။

“သူတို့ကိုပစ်လိုက်တာက အဝင်/အထွက် ထောက်ခံစာတွေစစ်တဲ့အခါ တစ်ယောက်ကဖြေဖို့မတတ်တာကြောင့် သေနတ်နဲ့ပစ်လိုက်တာလို့သိရတယ်။ သူလို့မျိုး နောက်ထပ်ဘာသာစကားဖြေဖို့မတတ်တဲ့သူတွေ အများကြီးရှိတယ်။ သူတို့အတွက် ပိုပြီးတော့အခက်အခဲရှိတာပေါ့။ နောက်ထပ်ဒေသခံတွေ အခုလိုဖြစ်မှာကို အများကြီးစိုးရိမ်တယ်”ဟု ၎င်းကပြောသည်။

ရဲတပ်ရင်း(၃၆)ရှေ့တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့မှုအပါအဝင် မွတ်ဆလင်များ သွားလာရေးနှင့်ပတ်သက်ပြီး ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

ယခုပစ်ခတ်မှုဖြစ်စဉ်မှာ ရဲတပ်ရင်း(၃၆)မှ ရဲတပ်သားများက မွတ်ဆလင်များကို အထောက်အထားစစ်ဆေးရာတွင် စကားအချေအတင်ဖြစ်ပွားခဲ့သည့်အတွက် ပစ်ခတ်မှုဖြစ်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့အသိုင်းအဝိုင်းမှသိရသည်။

ဗီဒီယိုများ