ရခိုင်တွင် တိုက်ပွဲပြန်ဖြစ်လာသဖြင့် သဘင်လောကသားများ မျှော်လင့်ချက်ကင်းမဲ့နေ

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာသောကြောင့် ရခိုင်ပြည်အတွင်းရှိ ဇာတ်သဘင်လောကသားများမှာ ဇာတ်ကပြမှု ရပ်နားထားရမည်ကိုစိုးရိမ်၍ မျှော်လင့်ချက် ကင်းမဲ့နေကြသည်ဟုဆိုသည်။

15 Sep 2022

ကပြဖျော်ဖြေရန် ပြင်ဆင်နေသော ရခိုင်ကဇာတ်သဘင်တစ်ခုကို ပြီးခဲ့သည့်နှစ်က တွေ့ရစဉ်။(ဓာတ်ပုံ-ဟိန်းကို)

DMG ၊ စက်တင်ဘာ ၁၅

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာသောကြောင့် ရခိုင်ပြည်အတွင်းရှိ ဇာတ်သဘင်လောကသားများမှာ ဇာတ်ကပြမှု ရပ်နားထားရမည်ကိုစိုးရိမ်၍ မျှော်လင့်ချက် ကင်းမဲ့နေကြသည်ဟုဆိုသည်။

လက်ရှိတွင် ရက္ခိတအနုပညာဇာတ်သဘင်၊ အာရီယာန်မိုးချစ်ဇာတ်သဘင်၊ စိန်ရွှေရတနာ၊ အာရက္ခမဏ္ဍိုင် စသည့်ဇာတ်သဘင်များမှာ လာမည့်အောက်တိုဘာလမှစတင်ကာ နယ်လှည့်ကပြနိုင်ရန်အတွက် ဇာတ်တိုက်နေကြပြီဖြစ်သည်။ သို့သော် မောင်တော၊ ရသေ့တောင်၊ မြောက်ဦး စသည့်မြို့နယ်များတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ရေးပြင်းထန်မှုရှိသဖြင့် ဇာတ်သဘင်များ ရပ်နားထားရမည်ကို စိုးရိမ်သည်ဟုဆိုကြသည်။

"အခုလက်ရှိကတော့ ဇာတ်တိုက်နေကြတယ်။ တိုက်ပွဲဖြစ်ပြီး မကရရင်တော့ အခက်အခဲ အကုန်ရှိတယ်။ အချိန်လည်းကုန်မယ်၊ လူလည်းပင်ပန်းမယ်ပေါ့။ ဒါပေမဲ့ တိုင်းပြည်ရဲ့အခြေအနေကိုတော့ ကြည့်ပြီးလုပ်ဆောင်သွားဖို့ရှိတယ်။ လောလောဆယ်တော့ ဇာတ်ထွက်ဖို့အတွက်ဆိုပြီး ပြင်ဆင်နေကြတယ်"ဟု အာရီယာန် မိုးချစ်ဇာတ်သဘင်အဖွဲ့မှ ဇာတ်ပိုင်ရှင် ဦးလှမောင်ထွန်းကပြောသည်။

ဇာတ်သဘင်တစ်ဖွဲ့လျှင် မင်းသား၊ မင်းသမီး စသည့်အဖွဲ့သားဦး‌ရေ ၁၀၀ နီးပါးခန့်ပါဝင်တတ်ပြီး ၎င်းတို့ကို ငှားရမ်းခကုန်ကျငွေမှာ သိန်းတစ်ထောင်နီးပါးခန့်ရှိသဖြင့် ဇာတ်ကပြခြင်း ရပ်နားထားရမည်ဆိုပါက ဇာတ်ပိုင်ရှင်များအပါအဝင် သဘင်လောကသားအားလုံးအတွက် စားဝတ်နေရေးထိခိုက်မည်ဖြစ်ကြောင်း သဘင်အသိုင်းအဝိုင်းက ဆိုကြသည်။

"အခု ကျနော်တို့ ဇာတ်အဖွဲ့အနေနဲ့ လက်ခံထားတာ သုံးပွဲလောက်တော့ ရှိတယ်။ ပေါက်တော၊ မြေပုံ၊ ဘူသီးတောင်ဖက်မှာပေါ့။ တိုင်းပြည်ငြိမ်သက်မှုအခြေအနေအပေါ်မူတည်ပြီး ထွက်ဖို့တော့ ရှိတယ်။ ဇာတ်မထွက်ရရင်တော့ အကုန်လုံး စားဝတ်နေရေး အခက်အခဲကြုံကြရမှာတော့ အမှန်ပဲ"ဟု စိန်ရွှေရတနာဇာတ်မှ မန်နေဂျာ ဦးမိုက်ခဲကပြောသည်။

ရခိုင်ပြည်၏ နာမည်ကြီးဇာတ်သဘင်တစ်ခုဖြစ်သည့် အာရက္ခမဏ္ဍိုင် ဇာတ်သဘင်အနေဖြင့်လည်း လတ်တလောတွင် ဇာတ်တိုက်နေပြီဖြစ်ကာ တိုင်းရေးပြည်ရေးအခြေအနေအပေါ်မူတည်ပြီး ဇာတ်ထွက်ရန်ပြင်ဆင်ထားကြောင်း ဒါရိုက်တာ ကိုနိုင်ဝင်းခန့်ကဆိုသည်။

“တကယ်လို့ ပွဲမကရရင်တော့ ကျနော်တို့ သဘင်အဖွဲ့တွေအနေနဲ့ ဘက်ပေါင်းစုံက ခက်ခဲမှုရှိလာမှာပါ။ ကျနော်တို့က အနုပညာရှင်၊ သဘင်ပညာရှင်တွေဆိုတော့ ကျနော်တို့အသက်မွေးရာပညာဟာ ဒီပညာပဲရှိတာကို။ ကျနော်တို့အခက်အခဲရှိသလို ဇာတ်တည်ထောင်သူတွေလည်း ဆုံးရှုံးမှုရှိလာမှာသေချာပါတယ်”ဟု ၎င်းကပြောသည်။

ရခိုင်ပြည်တွင် ပြီးခဲ့သည့် ၂၀၁၈ ခု၊ နှစ်ကုန်ပိုင်းမှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ယင်းနှစ်တွင်လည်း ဇာတ်သဘင်များ အရှုံးပေါ်ခဲ့သည်။ ထို့ပြင် ၂၀၁၉ ခု၊ ၂၀၂၀ ခုနှစ်တို့တွင်လည်း တိုက်ပွဲဆက်တိုက်ရှိနေသေးသောကြောင့် ဇာတ်သဘင်များ ရပ်နားထားကြရရာ ၂၀၂၀ ခု၊ နှစ်ကုန်ခါနီး တိုက်ပွဲရပ်တန့်သည့်အချိန်မှသာ ဇာတ်ကပြနိုင်ခဲ့ကြသည်။

ရခိုင်ပြည်တွင် ပြီးခဲ့သည့်နှစ်က ကပြဖျော်ဖြေခဲ့သော ဇာတ်သဘင် စုစုပေါင်း ၁၀ ကျော်ရှိကြောင်း သိရသည်။

ဗီဒီယိုများ