တဝက်တပျက်နဲ့ မီးရထား အိပ်မက်
21 Mar 2023
DMG (Analysis) ဂေါင် - ရေးသည်။
ရခိုင်ပြည်ထဲက ရထားလမ်းစီမံကိန်းမှာ သံလမ်းမရောက်၊ ရထားမရောက်ဘဲ ခါးပြတ်နေသည့် မြွေကြီးတစ်ကောင်နှင့် သဏ္ဍာန်တူနေသည်။
စီမံကိန်းဧရိယာထဲက သိမ်းဆည်းမြေများကို ရထားလမ်းပြုလုပ်ရန် တူးလိုက်သဖြင့် ရထားလမ်း ဘေးတစ်ဖက်တစ်ချက်စီတွင် ရေမြောင်းဖြစ်နေသည်ကို မြေယာသိမ်းဆည်းခံခဲ့ရသော ဒေသခံများ မမြင်လိုသော်လည်း မြင်တွေ့နေရသည်။
“ဘိုးစဉ်ဘောင်ဆက် လုပ်စားလာတဲ့ လယ်မြေတွေပျက်စီးခဲ့ရတော့ ဒီနေ့အထိ ကိုယ့်လယ်ကွင်းကိုကြည့်ပြီး ယူကျုံးမရဖြစ်နေတုန်းပါ” ဟု အသက် ၅၈ နှစ်အရွယ် ဦးမောင်ကြီးဖြူက ညဉ်းညူသည်။
ရထားလမ်းစီမံကိန်းအတွက် ဒေသခံမြေယာများ အသိမ်းခံလိုက်ရသော်လည်း သံလမ်းမရောက်၊ ရထားပျောက် ဖြစ်နေခြင်းမှာ စီမံကိန်းတွင် တစ်ခုခု မှားယွင်းနေခြင်းကြောင့်လား။
ထိုမေးခွန်းအတွက် ၁၀ နှစ်ကျော် ကြာသည့်တိုင် အဖြေမရှိသေးပေ။
ဦးမောင်ကြီးဖြူမှာ မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာ ဇာတိဖြစ်သည်။ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာခဲ့သည့် လယ်မြေထဲမှ ၃ ဧကခန့်မှာ ရထားလမ်းစီမံကိန်းကြောင့် လုပ်ကိုင်စားသောက်ရန် အဆင်မပြေဖြစ်နေရသည်။
“ရထားလမ်းဖြစ်ခဲ့ရင် လယ်ပါသွားရင်လည်း ဒေသဖွံ့ဖြိုးရေးနဲ့ နှစ်သိမ့်မယ်။ အခုကတော့ ဘာမှမရလိုက်ဘဲ ဒီအတိုင်း ပစ်ပယ်ထားရတယ်”ဟု ဦးမောင်ကြီးဖြူက စိတ်မကောင်းစွာ ပြောသည်။
ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်လောက်ကစပြီး ဝေသာလီကျေးရွာ၏ အနောက်ဘက်တွင် ရထားလမ်းစီမံကိန်းဆိုကာ လမ်းဖောက်လုပ်ခဲ့သည်။ ယင်းကြောင့်...