တစ်ပတ်အတွင်း ရခိုင်သတင်းများ

နိုဝင်ဘာလ ၁၆ ရက်နေ့ တစ်ရက်ထဲတွင် စစ်ကောင်စီ၏ကျေးရွာများထဲသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၁၅) ဦးအထိသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၃၀) ကျော် ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီတပ်ဖွဲဝင်များကို့ မဖြစ်မနေ လက်စားချေသွားမည်ဟု ရက္ခိုင့်တပ်တော် (AA) က နိုဝင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန်လိုက်သည်။

By Admin 23 Nov 2022

တစ်ပတ်အတွင်း ရခိုင်သတင်းများ

နိုဝင်ဘာ (၁၆) ရက်

၁) ဆောင်းရာသီ ဝင်ရောက်လာပြီဖြစ်သဖြင့် ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင် ၉ သောင်းကျော်မှာ အအေးဒဏ်ကို ကာကွယ်နိုင်ရန်အတွက် စောင်နှင့်အနွေးထည်များ အရေးပေါ်လိုအပ်နေကြသည်။

၂) မောင်တောမြို့နယ်မြောက်ပိုင်း၊ ဂြိတ်ချောင်း(မြို)ကျေးရွာထဲသို့ နိုဝင်ဘာလ ၁၆ ရက်နေ့က လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုများကြောင့် ဒေသခံ ၁၁ ဦးသေဆုံးပြီး၊ ၂၄ ဉီး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။ မြန်မာစစ်တပ်၏ အမှတ်(၂၄)ကြိမ်ချောင်း စစ်ဆေးရေးဂိတ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ(၇) တို့က ပတ်ခတ်ခဲ့ခြင်းဟု ရွာသားများက ပြောဆိုသည်။

၃) ကျောက်တော်မြို့နယ်၊ ချောင်းတူကျေးရွာတွင် နိုဝင်ဘာလ ၁၆ ရက်နေ့က ရွာထဲသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားလေးဉီးသေဆုံးကာ ကျောင်းသူတစ်ဉီးနှင့် အမျိုးသမီးတစ်ဉီးတို့ ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့ပြီး ယိုးတရုတ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။ ယင်းနေ့နံနက်က ရွာနှင့် တစ်မိုင်ခန့်ဝေးသည့် ဆနွင်းတောင်ဖက်မှ လက်နက်ငယ်ပစ်ခတ်သံ ဆယ်ချက်ခန့် ထွက်ပေါ်ပြီးနောက် ကန်စောက်အခြေစိုက် ခမရ ၅၃၉ တပ်ရင်းမှ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်ခဲ့မှုကြောင့် ရွာထဲသို့ လက်နက်ကြီးကျည် ကျရောက်ခြင်းဖြစ်ကြောင်း သိရသည်။

၄) နိုဝင်ဘာလ ၁၆ ရက်နေ့ တစ်ရက်ထဲတွင် စစ်ကောင်စီ၏ကျေးရွာများထဲသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၁၅) ဦးအထိသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၃၀) ကျော် ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီတပ်ဖွဲဝင်များကို့ မဖြစ်မနေ လက်စားချေသွားမည်ဟု ရက္ခိုင့်တပ်တော် (AA) က နိုဝင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန်လိုက်သည်။

၅) အောက်တိုဘာလ ၁၂ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ အမြင့်ကျွန်းတံတားအနီးမှာ ဖမ်းဆီးခံခဲ့ရသည့် ဘုတ်ပိုင်ရှင် (၉) ဦးထဲမှ (၂) ဉီးမှာ AA ကို အခွန်ဆောင်သည့် စွပ်စွဲချက်ဖြင့် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုခံထားရသည်။ ကျန်ဘုတ်ပိုင်ရှင် (၇) ဦးမှာ ရေကြောင်းသွားရေယာဉ်ဥပဒေပုဒ်မ (၄၃) ဖြင့် စစ်တွေမြို့နယ် တရားရုံးတွင် တရားစွဲဆိုခံထားရသည်။

၆) မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ စစ်ရေးတင်းမာနေသည့် ပုဏ္ဏားကျွန်းမြို့နယ်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူး (၉) ဉီးမှာ နိုဝင်ဘာလ (၁၅) ရပ်နေ့က နှုတ်ထွက်စာတင်လိုက်ကြသည်။ စစ်ကောင်စီက ၎င်းတို့၏ လုံခြုံရေးကို တာဝန်ယူမှုတာဝန်ခံမှု မရှိသည့်အပြင် စစ်ကောင်စီ၏ ဖမ်းဆီးမှုခံရပြီး အစအနပျောက်သွားသည့် အုပ်ချုပ်ရေးမှူးများလည်း ရှိနေသည့်အတွက် လုံခြုံရေးကိုစိုးရိမ်၍ နှုတ်ထွက်ကြခြင်းဖြစ်ကြောင်း သိရသည်။

၇) ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ်များက လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းများဖြင့် ပတ်ခတ်မှုများရှိနေ၍ ကွန်းတောင်၊ အိုင်ဒင် ၊ တန်ခိုး၊ ဆင်အင်းကြီး၊ ငှက်ကြီးကျွန်း၊ ကျွဲထိုး၊ ဘောင်ဒူလာ၊ ပဒေသာ စသည့်ကျေးရွာများက ဒေသခံ ၃၀၀ ကျော်မှာ ဝါဘိုကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်လာကြပြီး စားနပ်ရိက္ခာအထောက်အပံ့များ လိုအပ်နေသည်။

၈) ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ဥယျာဉ်ပြင်ရွာ၊ ကျောက်ပြီးပြင်ရွာနှင့် ဗောဓိကုန်းရပ်ကွက်မှ ဒေသခံ(၅) ဦးကို နိုဝင်ဘာလ ၁၅ ရက်နေ့က ငပလီအခြေစိုက် ၅၆၆ တပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးစရာရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားသည်။ လက်ရှိတွင် သံတွဲမြို့နယ်တွင် မြန်မာစစ်တပ်က ဒေသခံများအား အဖမ်းအဆီးကြမ်းနေ၍ လူမှုရေးလုပ်ငန်းလုပ်ကိုင်နေသူများပင် အိမ်ထဲမှအိမ်ပြင်သို့ မထွက်ရဲသည့် အခြေအနေရှိနေသည်။

နိုဝင်ဘာ (၁၇) ရက်

၁) စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ အုပ်ချုပ်ရေးအဖွဲ့တွင် တာဝန်ပေးခံရသည့် ရခိုင်အမျိုးသားပါတီ ဒုဥက္ကဌ ဒေါ်အေးနုစိန်ကို စည်သူဘွဲ့ချီးမြှင်ပြီး၊ စစ်ကောင်စီအဖွဲ့ဝင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း ကို သီရိပျံချီဘွဲ့ ချီးမြှင့်လိုက်သည်ဟု နိုဝင်ဘာလ ၁၇ ရက်နေ့ စစ်ကောင်စီကထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂) နိုဝင်ဘာ ၁၇ ရက်တွင် ကျရောက်သော အမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၆,၀၀၀ နီးပါးကို စစ်ကောင်စီက လွှတ်ပေးခဲ့ပြီး ထို့သို့လွှတ်ပေးရာတွင် စစ်တွေအကျဉ်းထောင်မှ အကျဉ်းသား ၇၁ ဦး၊ ကျောက်ဖြူအကျဉ်းထောင်မှ အကျဉ်းသား ၃၁ ဦး၊ သံတွဲအကျဉ်းထောင်မှ အကျဉ်းသား ၇၆ ဦး၊ ဘူးသီးတောင် အကျဉ်းထောင်မှ ၁၆ ဦး၊ စုစုပေါင်း ၁၉၄ ဦးတို့ပါဝင်ခဲ့သည်။ သို့သော်လည်း ၎င်းထဲတွင် နိုင်ငံရေးအကျည်းသား တစ်ဦးတစ်ယောက်မျှ မပါဝင်ကြောင်း ထောင်အာဏာပိုင်များထံမှ စုံစမ်းသိရှိရသည်။

၃) မြန်မာစစ်တပ်က ရခိုင်ပြည်မြောက်ပိုင်းရှိမြို့နယ်များကို ကုန်းလမ်း/ရေလမ်း တင်းကျပ်စွာ ပိတ်ဆို့ထားပြီးနောက် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တွင် ယခင်က ပေါ်ဆန်းမွှေးတစ်အိတ်ကို ၈ သောင်းခွဲခန့်ရှိခဲ့ရာကနေ လက်ရှိတွင် ၁၅၀,၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်လျက်ရှိကာ ဓာတ်ဆီတစ်လီတာကိုလည်း ယခင်ရက်ပိုင်းက ငွေကျပ် ၄,၀၀၀ ရှိခဲ့ရာမှ လက်ရှိတွင် ငွေကျပ် ၅,၀၀၀ အထိစျေးနှုန်း မြင့်တက်နေကြောင်း သိရသည်။

၄) ကျောက်တော်မြို့နယ်မှာ နိုဝင်ဘာလ ၁၇ ရက်နေ့က ပလက်ဝသို့ ကုန်ပစ္စည်းသွားပို့သည့် စက်လှေတစ်စီး ကုလားတန်မြစ်အတွင်း သေနတ်ဖြင့် ပတ်ခတ်ခံခဲ့ရသည်။ ရုပ်သားရွာနားအရောက်တွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး စက်လှေပေါ်ပါလာသူ သုံးဦးအနက် နှစ်ဦး ဒဏ်ရာရရှိသွားခဲသည်။

၅) မောင်တောမြို့နယ်မြောက်ပိုင်း၊ ဂြိတ်ချောင်း(မြို)ကျေးရွာတွင် နိုဝင်ဘာ ၁၆ ရက်နေ့က လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသွားသူ(၁၁) ဦးနှင့် ဒဏ်ရာရရှိသူ(၂၄) ဦးတို့အတွက် စစ်ကောင်စီက ငွေကျပ် ၅ သိန်း၊ ဆန်အိတ် ၁၀ အိတ်နှင့် ဆီ ၁ ဗူး ထောက်ပံ့ပေးခဲ့သည်။ နိုဝင်ဘာလ ၁၇ ရက်၊ နံနက် (၁၀) နာရီခန့် က ကြိမ်ချောင်းစစ်ဆေးရေးဂိတ်အမှတ် - ၂၄ မှ ဗျူဟာမှူးနှင့် နခခ (၇) တပ်မှ ရဲမှူးကြီး တို့က ကျေးရွာသားများကို အစည်းအဝေးခေါ်ယူကာ ပစ်ခတ်မှုမှာ ၄င်းတို့နှင့်မသက်ဆိုင်ကြောင်း အကျယ်တဝင့်ရှင်းပြကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

၆) နိုဝင်ဘာလ ၁၀ ရက်နေ့ကစပြီး တက္ကသိုလ်ကျောင်းများ ဖွင့်လှစ်ပြီဖြစ်သော်လည်း စစ်ကောင်စီက ကုန်လမ်း၊ ရေလမ်းခရီးသွားလာမှုများကို ကန့်သတ်ပိတ်ပင်ထားသဖြင့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပေါက်တော၊ မြောက်ဦးနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့မှ Day ကျောင်းသား/သူများမှာ စစ်ကောင်စီက ကျောင်းတက်ဖို့လာရောက်ရန် အခက်အခဲဖြစ်နေကြသည်။

၇) နိုဝင်ဘာလ ၁၁ ရက်နေ့က ရခိုင်ပြည် စစ်တွေမြို့ ဓညဝတီရပ်ကွက်တွင်ရှိသည့် ဘုန်းတော်ကြီးကျောင်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်တွေအခြေစိုက် ခမရ ၃၅၄၊ ပုဏ္ဏားကျွန်းအခြေစိုက် ခမရ ၅၅၀ တပ်ရင်းတို့က ဖမ်းဆီးခဲ့သည့် တက္ကသိုလ်ကျောင်းသား ၉ ဦးမှာ လက်ရှိတွင် ရဲစခန်းမှာမရှိကြသည့်အတွက်ကြောင့် မိသားစုဝင်များမှာ စိုးရိမ်နေကြသည်ဟု သိရသည်။

နိုဝင်ဘာ (၁၈) ရက်

၁) ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ကြား တကျော့ပြန်တိုက်ပွဲမှာ တစစပြင်းထန်လာမှုကြောင့် တိုက်ပွဲဧရိယာထဲတွင် နေထိုင်ကြသည့် ကျောင်းနေအရွယ်ကလေးများမှာ ပညာသင်ကြားရန် အခက်အခဲရှိနေကြသည်။

၂) နိုဝင်ဘာလ ၁၆ ရက်၊ နေ့လယ် ၁၂ နာရီအချိန်က မောင်တောမြို့နယ်၊ ဂြိတ်ချောင်း(မြို)ကျေးရွာသို့ လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိ၍ စစ်တွေ‌ဆေးရုံတွင် ဆေးကုသမှုခံယူနေရသော အသက် ၁၆ နှစ်အရွယ် အဌမတန်းကျောင်းသားမှာ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် သေဆုံးသွားခဲ့သည်။

၃) ကျောက်ဖြူမြို့တွင် ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ လဝကဒုဦးစီး ၁ ဦးနှင့် ရှေ့နေ ၁ ဦးတို့ကို စစ်တပ်က ဖမ်းသွားပြီး ၄ ရက်ကြာသည့်တိုင် အဆက်အသွယ်မရသေးသဖြင့် မိသားစုက စိုးရိမ်နေကြသည်။ ၎င်းတို့ကို နိုဝင်ဘာလ ၁၃ ရက်က ကျောက်ဖြူအခြေစိုက် ၃၄ တပ်ရင်းမှ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောဆိုသည်။

၄) နိုဝင်ဘာ ၁၇ ရက်တွင် ကျရောက်သည့် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှု၍ AA တပ်ဖွဲ့ဝင် ၁၈ ဦး၊ KIA တပ်ဖွဲ့မှ ၂၀ ဦး၊ RCSS/ SSA တပ်ဖွဲ့မှ ၅ ဦးနှင့် KNU/KNLA တပ်ဖွဲ့မှ ၂ ဦး စုစုပေါင်း (၄၅)ဦးတို့ကို လွတ်ငြိမ်းခွင့်ပေးကြောင်း ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့စွဲဖြင့် စစ်ကောင်စီက ထုတ်ပြန်လိုက်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး လွတ်ပေးလိုက်သူများမှာ AA တပ်ဖွဲ့ဝင်များ ဟုတ်/မဟုတ်ကို စိစစ်နေပြီး ULA/AA ဌာနချုပ်သို့လည်း ဆက်သွယ်အကြောင်းကြားလာခြင်း မရှိသေးကြောင်း ရက္ခိုင့်တပ်တော်(AA) ပြန်ကြားရေးတာဝန်ခံ ဉီးခိုင်သုခက ပြောသည်။

၅) ဘူးသီးတောင်မြို့နယ်၊ ဝက်မကျမွတ်ဆလင်ရွာမှ ကျွဲ၊ နွားကုန်သည်များဖြစ်သည့် ဦးချင်းချူ အာလောင်(၅၀) နှစ်နှင့် ဦးအီဆူး (၅၀)နှစ်တို့ကို ငွေကျပ်သိန်း(၆၀၀) နှင့်အတူ မြန်မာစစ်တပ်ကဖမ်းဆီးခဲ့ပြီး လက်ရှိတွင် ၄ ရက်ခန့်ကြာ မြင့်လာပြီး ဖြစ်သော်လည်း မိသားစုဝင်များနှင့် အဆက်အသွယ်မရရှိ ဖြစ်နေသည်။

၆) စစ်ကောင်စီက ဖမ်းဆီးထားသည့် တောင်ကုတ်မြို့မှ သွားဆရာဆရာဝန် ဒေါက်တာ ကျော်သူရထွန်းကို နိုဝင်ဘာလ ၁၈ ရက်နေ့တွင် တတိယအကြိမ်မြောက် ရုံးထုတ်ခဲ့သော်လည်း တရားလိုဘက်ကပျက်ကွက်၍ အမှုမစစ်ဆေးဘဲ ဒီဇင်ဘာလ ၁ ရက်နေ့ကို ရုံးချိန်းရွှေ့ဆိုင်းလိုက်သည်။ ဒေါက်တာ ကျော်သူရထွန်းကို စက်တင်ဘာလ ၆ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့ပြီး စက်တင်ဘာလ ၂၃ ရက်နေ့တွင် တောင်ကုတ်မြို့မရဲစခန်းသို့ လွှဲပြောင်းကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်ထားခံရခြင်း ဖြစ်သည်။

၇) ပုဏ္ဏားကျွန်းမြို့နယ်၊ ကျော်ဇံရွာထဲသို့ နိုဝင်ဘာလ ၁၂၊ ၁၃ ရက်နေ့တို့တွင် စစ်ကောင်စီတပ်သားများ ဝင်ရောက်စဉ် ဖမ်းဆီးခံခဲ့ရသည့် ရွာသား (၃) ဦးမှာ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀ တပ်ရင်းမှ ပြန်လည်လွတ်မြောက်လာကြသည်။

နိုဝင်ဘာ (၁၉) ရက်

၁) စစ်တွေအကျဉ်းထောင်တွင် ထောင်ဒဏ် ၁၃ နှစ်အထိ ကျခံနေသည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပု ၏ ဘယ်ဘက် မျက်စိတစ်ဖက်မှာ တိမ်စွဲကပ်နေခြင်းကြောင့် လုံးဝမမြင်ရဘဲ ဖြစ်နေ၍ အရေးပေါ် ဆေးကုသမှုခံယူရန် လိုအပ်နေသဖြင့် အမြန်ဆုံး ခွဲစိတ်ကုသခွင့်ရရှိရန် မိသားစုဝင်များက လိုလားနေကြသည်။

၂) ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌ ဟောင်းလည်းဖြစ်၊ ရခိုင်အမျိုးသားပါတီ ထိပ်ပိုင်းခေါင်းဆောင်လည်းဖြစ်သူ ဦးစံကျော်လှနှင့် ရခိုင့်ဦးဆောင်ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်တို့အား သီရိပျံချီဘွဲ့ ချီးမြှင့်လိုက်ကြောင်း စစ်ကောင်စီက နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့ကလည်း စစ်ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်ကို စည်သူဘွဲ့၊ ရခိုင်ပြည်နယ် စစ်ကောင်စီဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းနှင့် ပြည်ထောင်စု ပြန်ကြားရေးဝန်ကြီးဟောင်း ဒေါက်တာဖေမြင့်ကို သီရိပျံချီဘွဲ့၊ အမျိုးသား လွှတ်တော်ဒု-ဥက္ကဌဟောင်း ဦးအေးသာအောင်နှင့် ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးဟောင်း ဦးအောင်လှထွန်းတို့ကို ဝဏ္ဏကျော်ထင်ဘွဲ့၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ်(ငြိမ်း) ဒေါက်တာ နုမြဇံ ကို စီမံထူးချွန်တံဆိပ်တို့ အသီးသီး ချီးမြှင့်ခဲ့သည်။

၃) ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာစစ်ကောင်စီတပ်တို့သည် နိုဝင်ဘာ ၁၈ ရက်နှင့် ယနေ့ ၁၉ ရက်အတွင်း မောင်တော၊ ဘူးသီးတောင်နှင့် ပလက်၀မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ၎င်းတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးခဲ့ပြီး လက်နက်နှင့်စစ်အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သလို ရက္ခိုင့်တပ်တော် (AA)ဖက်ကလည်း တစ်ဦးကျဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း နိုဝင်ဘာလ ၁၉ ရက်နေ့ ရက္ခိုင့်တပ်တော် (AA)၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၄) ပုဏ္ဏားကျွန်းမြို့နယ်၊ ရေဖြူကန်ကျေးရွာတွင် နိုဝင်ဘာလ ၁၉ ရက်နေ့က လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ရွာသား ၂ ဦး ဒဏ်ရာရရှိသွားသည်။ ၅၅၀ တပ်ရင်းကပတ်ခတ်ခြင်းဟု သိရပြီး ၎င်းဖြစ်စဉ်ကြောင့် ရေဖြူကန်ကျေးရွာအနီးရှိ ပုဏ္ဏားကျွန်းစက်မှုဇုန် စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသူများမှာလည်း စိုးရိမ်ကြောက်လန့်ပြီး ဘေးလွတ်ရာနေရာများကို ထွက်ပြေးတိမ်းရှောင်နေကြသည်။

၅) ရသေ့တောင်မြို့နယ်နှင့် မင်းပြားမြို့နယ်မှ ကျေးရွာများအနီးရှိ တောင်ကုန်းများတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စပါးရိတ်နေသည့်လယ်သမားများကို သေနတ်ဖြင့် ပတ်ခတ်မှုများရှိနေကြောင်း သိရသည်။

နိုဝင်ဘာ (၂၀) ရက်

၁) ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)၏ ဆဋ္ဌမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို လာမည့် နိုဝင်ဘာလ ၂၈ ရက်တွင် ပြုလုပ်မည်ဟု ULA/AA က နိုဝင်ဘာလ ၂၀ ရက်နေ့က ထုတ်ပြန်လိုက်သည်။

၂) ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်မှ ဦးဝေမောင်သိန်းမှာ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် စံပြရပ်ကွက်ရှိနေအိမ်မှ ပုဏ္ဏားကျွန်း-ရသေ့တောင်လမ်းဆုံ စစ်တွေ-ရန်ကုန် လမ်းမကြီးအတိုင်း လမ်းလျှောက်ထွက်သွားရာမှ နိုဝင်ဘာလ ၂၀ ရက်အထိ နေအိမ်သို့ ပြန်ရောက်မလာဘဲ ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ (၂၁) ရက်

၁) သံတွဲမြို့နယ်မှ ကမ္ဘာကျော်ငပလီကမ်းခြေတွင် ခရီးသွားဝင်ရောက်လည်ပတ်မှု ပို၍များပြားလာစေရန် ရည်ရွယ်ပြီး ပြည်နယ်စစ်ကောင်စီက ဆောင်းဦးပွဲတော်ကို နိုဝင်ဘာလ ၂၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

၂) ရက္ခိုင့်တပ်တော်(AA)ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ ပလက်ဝဒေသခံနှစ်ဦးကို နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ပလက်ဝမြို့နယ်တရားရုံးက ထောင်ဒဏ် ၃ နှစ်စီ အမိန့်ချမှတ်လိုက်သည်။ ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ ဆယ်အိမ်မှူးနှင့် ရာအိမ်မှူးတို့ကို ၂၀၂၁ ခုနှစ် ဇွန်လအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

၃) စစ်ကောင်စီတပ် နိုဝင်ဘာလ ၁၇ ရက်နေ့ (အမျိုးသားအောင်ပွဲနေ့)နှင့် (၁၈) ရက်နေ့တို့တွင် တိုင်းရင်းသားလက်နက်ကိုင် (EAOs) တပ်ဖွဲ့ဝင်များကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးလိုက်ပြီး ထို့သိုလွှတ်ပေးခြင်းခြင်းမှာ စစ်ကောင်စီက စီစဉ်နေသည့် လာမည့်ရွေးကောက်ပွဲအတွက် နိုင်ငံရေးအရ ကြိုတင်ပြင်ဆင်ခြင်းဖြစ်ကြောင်း မြန့်မာနိုင်ငံရေး အကဲခတ်တို့က ဝေဖန်ကြသည်။

၄) ပုဏ္ဏားကျွန်းမြို့နယ်၊ ကျွဲထိုးကျေးရွာ နှင့် တန်းခိုးကျေးရွာတို့မှ စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ဒေသခံ ၈ ဦးမှာ တစ်ပတ်ကျော်ကြာ ဖမ်းဆီးခံရပြီးနောက် နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီတွင် ပြန်လွတ်လာပြီဖြစ်ကြောင်း သိရသည်။ ၎င်းတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ကျေးရွာအတွင်းမှ ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

၅) နိုဝင်ဘာလ ၈ ရက်နေ့က ကျောက်တော် တပ်မ စကခ(၉) စစ်ဆေးရေးဂိတ်တွင် စစ်ဆေးခံရပြီးနောက် ဖမ်းဆီးခံလိုက်ရသော အလွတ်တန်းဓာတ်ပုံဆရာ ဦးစောမိုးကျော်မှာ နှစ်ပတ်ခန့် ကြာလာသည်အထိ မိသားစုက အဆက်အသွယ်မရရှိဖြစ်နေ၍ စိုးရိမ်နေကြသည်။

နိုဝင်ဘာ (၂၂) ရက်

၁) ရခိုင်ပြည်အတွင်း တိုင်ပွဲများပြင်းထန်နေမှုကြောင့် ဒေသခံပြည်သူများမှာ မိမိတို့၏ ရင့်မှည့်နေပြီဖြစ်သော စပါးခင်းများကို မရိတ်သိမ်းနိုင်ဘဲရှိနေကြသည်။ လက်နက်ကြီး အန္တရယ်များကို စိုးရိမ်၍ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များကတော့ မိမိကျေးရွာတွင် စိုးရိမ်စိတ်ကင်းစွာ စပါးရိတ်သိမ်းခွင့်ရရှိရေးအတွက် မြို့နယ်ထွေ/အုပ်ထံသို့ စာတင်ပြီး တောင်းဆိုသွားကြမည် ဖြစ်သည်။

၂) ပုဏ္ဏားကျွန်းစက်မှုဇုန်စီမံကိန်းကို အကောင်အထည်ဖော်ရန် အဆင်သင့်ရှိနေပြီဖြစ်သော်လည်း ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ခွင့်ပြုချက်မရရှိသေး၍ စီမံကိန်းကို အကောင်အထည် မဖော်နိုင်သေးကြောင်း ပြည်နယ်စစ်ကောင်စီက ပြောသည်။

၃) စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများ ဖြစ်ပွားနေသည် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ကျေးရွာအုပ်ချုပ်ရေးမှူးများမှာ လုံခြုံရေးစိုးရိမ်မှုကြောင့် နုတ်ထွက်ရန်ပြင်ဆင်နေကြပြီး လက်ရှိတွင် အုပ်ချုပ်ရေးမှူး ၉၅ ဦးရှိသည်အထဲက ၈၀ ဝန်းကျင်လောက်မှာ နုတ်ထွက်စာတင်ထားကြပြီးဖြစ်ရာ နိုဝင်ဘာလ ၂၂ ရက်နေ့အတွင်းမှာလည်း အနည်းဆုံး အုပ်ချုပ်ရေးမှူး ၁၇ ဦးခန့်မှာ နုတ်ထွက်စာတင်လိုက်ကြသည်ဟု ခိုင်လုံသည့်သတင်းရင်းမြစ်များက ဆိုသည်။

ဗီဒီယိုများ