- "ညီနောင်သုံးဖွဲ့ကို ရှမ်းမြောက်တစ်ခုလုံးရဲ့ စံပြအဖြစ် စည်းစည်းလုံးလုံး ရှိချင်တယ်"
- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
ရခိုင်တွင် အခမဲ့ပညာသင်ကြားရေးစနစ် တိုးမြှင့်လုပ်ဆောင်လာ
စစ်ဘေးရှောင် ကလေးများ၊ ဆင်းရဲနွမ်းပါးသူကလေးများ လူမျိုးဘာသာမရွေးပညာသင်ကြားနိုင်ရန် ရည်ရွယ်ကြောင်း တန်းခိုးဆရာထွန်း ပညာရေးစင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
07 Jul 2025

DMG ၊ ဇူလိုင် ၇
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ မြို့နယ်အချို့တွင် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ကြားနိုင်ရေးနှင့်ပတ်သက်၍ အခမဲ့ပညာကြားရေးစနစ် တိုးမြှင့်လုပ်ဆောင်လာနေသည်။
လက်ရှိ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ ပေါက်တော၊ အမ်း၊ မြေပုံစသည့်မြို့နယ်တို့တွင် မြို့နယ်အလိုက် လူမှုကူညီရေးအဖွဲ့များက အကောင်အထည်ဖော်ဆောင်ရွက်နေကြသည်။
စစ်ဘေးရှောင် ကလေးများ၊ ဆင်းရဲနွမ်းပါးသူကလေးများ လူမျိုးဘာသာမရွေးပညာသင်ကြားနိုင်ရန် ရည်ရွယ်ကြောင်း တန်းခိုးဆရာထွန်း ပညာရေးစင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"အဓိက စာသင်ဆောင်တွေ ဆောက်လုပ်ဖို့ ငွေကြေး မလုံလောက်သေးဘူး။ အလှူငွေ နည်းနေသေးတယ်။ တချို့ကျောင်းသားတွေတော့ ကျောင်းစတက်နေကြပြီ။ တချို့နေရာတွေမှာ စာသင်ဆောင် မဆောက်နိုင်သေးလို့ Home School အနေနဲ့ တစ်လလောက် လုပ်သွားဖို့ စီစဉ်ထားတယ်" ဟု တန်းခိုးဆရာထွန်း - ပညာရေးစင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တန်းခိုးဆရာထွန်း အခမဲ့ပညာသင်ကြားရေးစင်တာကို ပြီးခဲ့သည့် ဧပြီလမှ စ၍ တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ ပေါက်တော၊ အမ်းမြို့နယ်တို့တွင် စာသင်ကျောင်း ၁၈ ခုထိ ဖွင့်ရန်စီစဉ်နေကြောင်း သိရသည်။
လက်ရှိ တန်းခိုးဆရာထွန်း ပညာရေးစင်တာမှ မြို့နယ် ၅ ခုတွင် ကျောင်းသား/သူ ၃,၀၀၀ ခန့်ကို ပညာသင်ကြားပေးလျက်ရှိသည်။
မြေပုံမြို့နယ်တွင်လည်း လေးဝတီမျိုးသျှစ်အသင်းမှ ဦးဆောင်ပြီး အခမဲ့ပညာသင်ကြားရေးကျောင်း ဖွင့်လှစ်ထားကာ မူလတန်းမှ တက္ကသိုလ်ဝင်တန်းထိ ကျောင်းသား/သူ ၄၀ ခန့် ပညာသင်ကြားပေးနေသည်။
"အနာဂတ်မျိုးဆက်သစ် ကလေးတွေအတွက် ပြည်ပရောက် ရခိုင်လူမျိုးတွေရဲ့ လှူဒါန်းမှုတွေနဲ့ ရခိုင်ပြည်ထဲမှာနေတဲ့ လူမျိုးဘာသာမရွေး အကုန်လုံး အခမဲ့ ကျောင်းတက်နိုင်အောင် စီစဉ်ထားတာပါ။ တကယ့်ကို ဆင်းရဲနွမ်းပါးတဲ့ မိဘတွေမှာ ကလေးတွေကို စာမသင်နိုင်တော့လို့ ဒီမှာလာအပ်ကြတာရှိတယ်။ စစ်ဘေးရှောင်ကလေးတွေ ပါတယ်။ ပြီးတော့ မသန်စွမ်းမိဘတွေရဲ့ ကလေးတွေပါတယ်" ဟု လေးဝတီမျိုးသျှစ်လူငယ်ပရဟိတအသင်း ဥက္ကဋ္ဌ ဦးခိုင်ထွန်းက ပြောသည်။
လက်ရှိ ပညာသင်ကြားနေကြသော ကျောင်းသား/သူများအတွက် စားရေးကိရိယာနှင့် ထီး၊ မိုးကာအင်္ကျီ စသည့် အသုံးအဆောင်ပစ္စည်းများလိုအပ်နေပြီး အလှူငွေရရှိမှုနည်းပါး၍ ဖြည်ဆည်းမပေးနိုင်သေးကြောင်း ဦးခိုင်ထွန်းက ဆက်ပြောသည်။
တန်းခိုးဆရာထွန်း ပညာရေးစင်တာအနေဖြင့် ရခိုင်က မြို့နယ်အားလုံးနီးပါးတွင် အခမဲ့ပညာသင်ကြားရေး ကျောင်းဖွင့်လှစ်နိုင်ရန် စီစဉ်ထားပြီး အခြားမြို့နယ်များတွင်လည်း အလှူငွေရရှိမှုအပေါ်မူတည်၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
"ဒီစနစ်လုပ်လာတာ အရမ်းကောင်းတယ်။ တခြားမြို့နယ်တွေမှာလည်း လုပ်နိုင်ရင် ပိုကောင်းမယ်။ ပြီးတော့ ULA/AA အနေနဲ့လည်း စစ်ဘေးရှောင်ကလေးတွေအတွက် ထည့်သွင်းစဉ်းစားပြီး လူမှုကူညီရေးအသင်းတွေနဲ့ ပူးပေါင်းသင့်တယ်။ အဓိက ပညာရေးအထောက်အပံ့တွေ အများကြီးပေးဖို့ လိုအပ်တယ်" ဟု မြောက်ဦးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
တိုက်ပွဲများကြောင့် ရခိုင်ပြည်သူများမှာ နေရာအနှံ့တွင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရခြင်း၊ စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်များကြောင်း ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က စာသင်ကျောင်းများကို ပိတ်ထားခဲ့ရသည်။
ယခုနှစ် ပညာရေးကဏ္ဍကို စနစ်တကျလည်ပတ်မည်ဟု အာရက္ခတပ်တော်ဘက်က ပြောဆိုထားပြီး တစ်ဖက်တွင်လည်း လူမှုအဖွဲ့အစည်းများက ကလေးငယ်များပညာသင်ကြားခွင့်ရရှိရေး ကြိုးပမ်းနေကြသည်။