မောင်တောမြောက်ပိုင်းတွင် ဒေသတွင်းသွားလာရန် အုပ်ချုပ်ရေးမှူးနှင့် ရဲထောက်ခံစာ ယူနေရ

“ရွာသားတွေ မောင်တောကိုသွားမယ်ဆိုရင် အုပ်ချုပ်ရေးမှူးတွေဆီက ထောက်ခံစာတွေ ယူရမယ်ဆိုပြီးတော့ ခရိုင်အုပ်ချုပ်ရေးမှူးက ညွှန်ကြားထားတယ်။ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံစာတွေ ပေးရတာပါ။ စစ်ဆေးဂိတ်တွေကလည်း အဲဒီထောက်ခံစာပါမှ ခွင့်ပြုပေးတယ်”

By Admin 29 Oct 2022

မောင်တောမြောက်ပိုင်းတွင် ဒေသတွင်းသွားလာရန် အုပ်ချုပ်ရေးမှူးနှင့် ရဲထောက်ခံစာ ယူနေရ

မောင်တောမြို့နယ်အတွင်းမှ နယ်ခြားစောင့်ရဲစခန်းတစ်ခုကို တွေ့ရစဉ်။

DMG ၊ အောက်တိုဘာ ၂၉

ရခိုင်ပြည်၊ မောင်တောမြောက်ပိုင်းတွင် စစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ စစ်ရေးတင်းမာလာပြီးနောက် စစ်တပ်က ကားလမ်းများကို သြဂုတ်လမှစတင်ပြီး ၃ လနီးပါးကြာ ပိတ်ထားသည်။ လက်ရှိတွင် ဒေသခံများမှာ တစ်ရွာနှင့် တစ်ရွာ သွားလာခြင်းနှင့် မောင်တောမြို့သို့သွားလာရန် ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာနှင့် နီးစပ်ရာရဲစခန်းမှ ထောက်ခံစာပါမှ သွားလာခွင့်ရရှိကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါဒေသတွင် သွားလာခွင့်များကို စစ်တပ်က လတာရှည်ပိတ်ထားသဖြင့် ဒေသခံများမှာ ရိက္ခာပြတ်လပ်မှုများ ကြုံတွေ့နေရသည်ဟုလည်း ဒေသခံများကပြောသည်။

“အခုက မောင်တောမြို့နဲ့ အခြားရွာတွေကို သွားမယ်ဆိုရင် အုပ်ချုပ်ရေးမှူးထောက်ခံစာနဲ့ ရဲထောက်ခံစာ ယူရတယ်။ ရွာမှာက ဆန်တွေ၊ ဆီတွေကအစ အကုန်လုံးရိက္ခာတွေ ပြတ်နေကြပြီ။ လမ်းကို တာရှည်ပိတ်ထားတော့ ဒေသခံတွေအတွက် အခက်အခဲရှိတာပေါ့”ဟု မောင်တောမြို့နယ်မြောက်ပိုင်း တမန်းသားကျေးရွာမှ ဒေသခံတစ်ဦးက DMG သို့ပြောသည်။

ဒေသတွင်း သွားလာခွင့်အတွက် အကျင့်စာရိတ္တကောင်းမွန်ကြောင်း အုပ်ချုပ်ရေးမှူးထောက်ခံစာ ယူရကြောင်းကို ငါးခူရကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းအောင်မှလည်း အတည်ပြုပြောကြားသည်။

“ရွာသားတွေ မောင်တောကိုသွားမယ်ဆိုရင် အုပ်ချုပ်ရေးမှူးတွေဆီက ထောက်ခံစာတွေ ယူရမယ်ဆိုပြီးတော့ ခရိုင်အုပ်ချုပ်ရေးမှူးက ညွှန်ကြားထားတယ်။ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံစာတွေ ပေးရတာပါ။ စစ်ဆေးဂိတ်တွေကလည်း အဲဒီထောက်ခံစာပါမှ ခွင့်ပြုပေးတယ်”ဟု ၎င်းကဆိုသည်။

ထိုသို့ ထောက်ခံစာများယူဆောင်၍ သွားလာသော်လည်း အချို့စစ်ဆေးရေးဂိတ်များမှာ အကြောင်းအမျိုးမျိုးပြကာ သွားလာခွင့်မပြုခြင်းများရှိသည်ဟု မင်္ဂလာညွန့်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

“ရဲထောက်ခံစာနဲ့ အုပ်ချုပ်ရေးမှူးထောက်ခံစာ ပါရင်တောင် တချို့ဂိတ်တွေက အရာရှိတွေက ဖြတ်ခွင့်မပေးဘူး။ ဘာဖြစ်လို့လည်း မသိဘူး။ သွားခွင့်မပြုဘူးဆိုပြီးတော့ ပြန်ခိုင်းတယ်”ဟု ၎င်းဒေသခံကပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့က ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာအနီးရှိ မေယုတောင်တန်းနှင့် မောင်တောမြို့နယ် ဝေလာတောင်ကြားတို့တွင် စစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မြန်မာစစ်တပ်က အငူမော်-မောင်တော လမ်းတစ်လျှောက်ကို သွားလာခွင့်ကို ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

လတာရှည်ကြာ သွားလာခွင့်ပိတ်ထားသည့်အတွက် မောင်တောမြောက်ပိုင်းမှ မင်းကြီး၊ ရန်အောင်ပြင်၊ ဝက်ကျိန်း၊ မြဝတီ၊ တမန်းသား စသည့်ကျေးရွာ ၂၀ ကျော်မှ သောင်းနှင့်ချီသော ဒေသခံတို့မှာ အခက်အခဲများစွာ ရှိနေကြကြောင်းလည်း သိရသည်။

မောင်တောဒေသတွင် ကားလမ်းများကို ပိတ်ထားခြင်းနှင့်ပတ်သက်ပြီး ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

ဗီဒီယိုများ