- AA နှင့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မူးယစ်ဆေးသုံးပြီး တိုက်ခိုက်
- ကျောင်းနေအရွယ် ကလေးငယ် ၇ သန်းခန့် ပညာသင်ခွင့်ဆုံးရှုံးနေရဟု ISP - Myanmar ဖော်ပြ
- အိန္ဒိယဝန်ကြီးချုပ် ၇ နှစ်အတွင်း ပထမဆုံးအဖြစ် တရုတ်သို့ သွားမည်
- တရုတ်မယားအဖြစ် ရောင်းစားခံနေရသည့် ရခိုင်အမျိုးသမီးနှစ်ဦး အကူအညီလိုအပ်နေ
- ဖားကန့်တွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ဆက်တိုက်ရှိနေ
စစ်တပ်အလိုကျ ရွှေးကောက်ပွဲတွင် ရခိုင်ကိုယ်စားပြု ပါတီ ၆ ခု ဝင်ပြိုင်ခွင့်ရထား
စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်ပါတီဝင်အမတ်များမှာ ကိုယ်ကျိုး စီးပွားတစ်ခုအတွက်ထက် မပိုကြောင်း ဒေသခံများက ဝေဖန်နေကြသည်။
06 Aug 2025

DMG ၊ ဩဂုတ် ၆
စစ်အုပ်စု စီစဉ်ထားသည့် ရွေးကောက်ပွဲအတွက် ရခိုင်ပြည်သူ ကိုယ်စားပြုပါတီ ၆ ခုကို စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။
ဩဂုတ် ၄ ရက်နေ့က ဦးဘရှိန် ဦးဆောင်သည့် ရခိုင်တိုင်းရင်းသားများပါတီ (RNP) ကို စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က ပါတီမှတ်ပုံတင်ခွင့် ခွင့်ပြုလိုက်သဖြင့် ရခိုင်ပါတီ ၆ ခုရှိလာပြီဖြစ်သည်။
၎င်းတို့မှာ ဒေါက်တာအေးမောင် ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ(AFP)၊ ရခိုင်တိုင်းရင်းသားများပါတီ (RNP)၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ(RSNUP)၊ ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီနှင့် မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီ (MNDP)နှင့် တို့ဖြစ်သည်။
လက်ရှိတွင် ရခိုင်ပြည်မြို့နယ် ၁၄ ခုကို အာရက္ခတပ်တော်က ထိန်းချုပ်ထားပြီး လက်ကျန် ၃ မြို့နယ်ထဲက စစ်တွေနှင့် ကျောက်ဖြူတွင်လည်း တိုက်ပွဲများရှိနေသောကြောင့် ရခိုင်ကိုယ်စားပြုပါတီများအနေဖြင့် ဆန္ဒမဲများ ရရှိရန် မလွယ်ကူကြောင်း ဒေသခံများက ပြောသည်။
" အခု ရခိုင်မှာ နယ်မြေအများစုကို ULA/ AA က ထိန်းချုပ်ပြီးတော့ အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နေတယ်။ အခု ကျောက်ဖြူဟာလည်း ရှေ့ဆက်တိုက်ပွဲတွေ ပြင်းထန်လာနိုင်ခြေ ရှိနေတယ်။ ဒါကြောင့် ဒီပါတီတွေဟာ ဘယ်မြို့နယ်ကိုမှ ကိုယ်စားပြုဖို့ မဖြစ်နိုင်သလို ဘယ်ရခိုင်ပြည်သူကမှလည်း ဒီရွေးကောက်ပွဲကို စိတ်ဝင်စားမှာ မဟုတ်ဘူး " ဟု ကျောက်ဖြူဒေသခံ အမျိုးသမီးတစ်ဦးက DMG ကို ပြောသည်။
လက်ရှိတွင် စစ်ကောင်စီထိန်းချုပ်မှု အားကောင်းရာ ပြည်မနှင့် မြို့ကြီးများတွင် ကြံ့ခိုင်ရေးပါတီအပါဝင်၊ အခြားပါတီများမှာ လူထုစည်းရုံးမှု၊ ပါတီလှုပ်ရှားမှုများ စတင်လာသည်ကို မြင်ရသော်လည်း ရခိုင်တွင် လုံးဝ မတွေ့ရသေးပေ။
ယင်းကြောင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ရ ရခိုင်ပါတီများ၏ ခေါင်းဆောင်များကို ရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှုများကို သိရှိရန် အဆိုပါ DMG က ဆက်သွယ်နေဆဲဖြစ်သည်။
လက်ရှိ ကျောက်ဖြူမြို့ထဲတွင်လည်း ပါတီအရေးလှုပ်ရှားမှုများ တစ်စုံတစ်ရာမတွေ့ရဘဲ လက်နက်ကြီးသံ၊ လေယာဉ်သံနှင့် စစ်ပွဲအကြား ဘေးကင်းလုံခြုံရေးကိုသာ ဂရုစိုက်နေထိုင်ရကြောင်း ဒေသခံများက ဆိုသည်။
" ရုံးခန်းဖွင့်ထားပေမဲ့ ရုံးခန်းထဲကို လူတွေ အဝင်အထွက်သိပ်မရှိဘူး။ ပါတီအစည်းအဝေး လုပ်တာမျိုးလည်း မတွေ့ရဘူး။ လူတွေ အဝင်အထွက် မတွေ့ရတော့ ဘယ်သူတွေက ပါတီဝင်ထားတယ်ဆိုတာမျိုးကိုတောင် အတိအကျမသိရဘူး " ဟု ရခိုင်တိုင်းရင်းသားများပါတီ (RNP) ရုံးခန်း အခြေအနေသိသူ နောက်ထပ် ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် ရွေးကောက်ပွဲကို ၂၀၂၅ ဒီဇင်ဘာလနှင့် ၂၀၂၆ ဇန်နဝါရီလတို့တွင် အဖြတ်လိုက် ကျင်းပသွားမည်ဟု အတိအလင်း ကြေညာထားသည်။
သို့သော်လည်း စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်ပါတီဝင်အမတ်များမှာ ကိုယ်ကျိုး စီးပွားတစ်ခုအတွက်ထက် မပိုကြောင်း ဒေသခံများက ဝေဖန်နေကြသည်။
ရခိုင်လူငယ်အမျိုးသားတစ်ဦးက " စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ရခိုင်မှာ ရွေးကောက်ပွဲ လုပ်ဖို့ ကြိုးစားနေကြတဲ့ နိုင်ငံရေးသမား၊ အမတ်လောင်းတွေဟာ သူတို့ရဲ့ ကိုယ်ကျိုးအတွက်သာ ဖြစ်တယ်လို့ ပြောရမယ်။ ဝန်ကြီး၊ ဝန်လေး တစ်နေရာရာ ရနိုင်မလားပေါ့လေ။ တကယ့်မြေပြင်မှာတော့ ဘယ်မှာလဲ မဲဆန္ဒရှင် ပြည်သူ၊ ရန်ကုန်ရောက် ရခိုင်တွေကို မက်လုံပေးရုံကလွဲလို့ ဒီဒေသမှာ ဘာမှလုပ်စရာမရှိတော့ဘူးလို့ ပြောနိုင်တယ် " ဟု သုံးသပ်သည်။
စစ်ကောင်စီသည် အာဏာကို ဆက်လက်ဆုတ်ကိုင်ရန် ရွေးကောက်ပွဲကို ဟန်ပြကျင်းပခြင်းဖြစ်ပြီး ရွေးကောက်ပွဲတွင် ပါဝင်ကြသူများမှာလည်း ပြည်သူကို ကိုယ်စားပြုမည့် အစစ်အမှန်ကိုယ်စားလှယ်များ မဟုတ်ဘဲ စစ်ကောင်စီထံက အကျိုးစီးပွား မျှော်ကိုးသူများသာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။