မောင်တောခရိုင်တွင် ARSA လှုပ်ရှားမှု များပြားလာ

မောင်တောခရိုင်အတွင်းက ကျေးရွာများတလျှောက်တွင် ARSA အဖွဲ့ဝင်များက လက်နက်ကိုင်၍လည်းကောင်း၊ လက်နက်မပါဘဲလည်းကောင်း  သွားလာလှုပ်ရှားမှုများမှုရှိနေ၍ ဒေသခံများမှာ စိုးရိမ်နေကြသည်။

By Admin 04 Sep 2023

၂ဝ၂၂ ခုနှစ် ဧပြီလလယ်ပိုင်းက တွေ့ရသော ARSA အဖွဲ့ဝင်များ။
၂ဝ၂၂ ခုနှစ် ဧပြီလလယ်ပိုင်းက တွေ့ရသော ARSA အဖွဲ့ဝင်များ။

DMG ၊ စက်တင်ဘာ ၄

ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် ဘူးသီးတောင်၊ မောင်တောမြို့နယ်ရှိ ကျေးရွာများတွင် ယခုရက်ပိုင်းအတွင်း ARSA အဖွဲ့ဝင်များ သွားလာလှုပ်ရှားမှု များပြားလာနေကြောင်း ဒေသခံများထံမှ သိရသည်။

မောင်တောခရိုင်အတွင်းက ကျေးရွာများတလျှောက်တွင် ARSA အဖွဲ့ဝင်များက လက်နက်ကိုင်၍လည်းကောင်း၊ လက်နက်မပါဘဲလည်းကောင်း  သွားလာလှုပ်ရှားမှုများမှုရှိနေ၍ ဒေသခံများမှာ စိုးရိမ်နေကြသည်။

“ဩဂုတ်လ ၃၁ ရက်နေ့ကဆိုရင် သဘိတ်ချောင်းရွာဘက်မှာ လက်နက်တွေ ထမ်းပြီး သွားနေကြတယ်။ တချို့ရွာတွေမှာတော့ လက်နက်မပါဘဲ သွားနေကြတာ ရှိတယ်။ သူတို့ သွားလာလှုပ်ရှားမှုတွေဟာ ရွာသားတွေကို တစုံတရာမထိခိုက်ဖို့ မျှော်လင့်တယ်” ဟု ဘူးသီးတောင်မြို့နယ်၊ ကြာညိုပြင်ကျေးရွာမှ လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

ARSA အဖွဲ့သည် မောင်တောမှဟိန္ဒူဘာသာဝင်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သဖြင့် မြန်မာအာဏာပိုင်များက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပြီး ဘင်္ဂလားဒေ့ရှ်က မွတ်ဆလင်ဒုက္ခသည် စခန်းများတွင် အနိုင်ကျင့်မှုများ၊ ဒုစရိုက်မှုများ ကျုးလွန်နေသဖြင့် မွတ်ဆလင်များကြား ထောက်ခံမှုကျဆင်းလာသော အဖွဲ့ဖြစ်သည်။ 

‘မွတ်ဆလင်များ လူမျိုးတုံးသတ်ဖြတ်ခံရမှု ၆ နှစ်ပြည့်’ အောက်မေ့ဖွယ်အခမ်းအနားကို ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်ဒုက္ခသည်များက ဩဂုတ်လ ၂၅ ရက်နေ့တွင် ကျင်းပခဲ့ကြသည်။ ယင်းနောက်ပိုင်းတွင် မောင်တောခရိုင်အတွင်း ARSA အဖွဲ့ဝင်များ သွားလာလှုပ်ရှားမှုကို တွင်ကျယ်စွာ မြင်တွေ့လာရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။ 

“ARSA တွေ ရွာထဲမှာ ရက်ကြာကြာနေထိုင်တာ၊ ခဏလာပြီး ထွက်သွားတာတွေရှိနေတော့ ရွာသားတွေက ကြောက်တာပေါ့။ မိန်းကလေးတွေဆိုရင် အပြင်ကိုတောင် မထွက်ရဲကြတော့ဘူး” ဟု ဘူးသီးတောင်မြို့နယ်၊ ဖုန်ညိုလိပ်ကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ သိမ်တောင်ကျေးရွာအနီးတွင် ARSA အဖွဲ့ဝင်များ ရောက်ရှိနေသည်ဟု စစ်ကောင်စီတပ်က သတင်းရရှိ၍ ကျေးရွာအနီး၌တပ်ဖြန့်ချိန် ထွက်ပြေးသွားကြကြောင်း မျက်မြင်ဒေသခံတစ်ဦးက DMG သို့ ပြောသည်။

“သိမ်တောင်ဘက်မှာ ARSA အဖွဲ့ရှိနေတာကို စစ်ကောင်စီက သတင်းရသွားတော့ အဲဒီရွာဘက်ကို စစ်ကောင်စီ တပ်သားတွေ လာဝိုင်းတယ်။ အဲဒါကြောင့် ARSA အဖွဲ့တွေ သပိတ်တောင်ရွာဘက်ကို ထွက်ပြေးလာကြတယ်။ သပိတ်တောင်ရွာထဲမှာ သွားလာနေတာကို ဒီရက်ပိုင်း အများကြီးတွေ့ရတယ်” ဟု ၎င်းက ပြောသည်။

လတ်တလောတွင် ARSA အဖွဲ့ဝင်အင်အား ၂၀ ကျော် ၃၀ ခန့်မှာ ကျေးရွာများအတွင်း အုပ်စုဖွဲ့သွားလာနေကြ၍ ဒေသခံများမှာ ဘေးအန္တရာယ်ဖြစ်လာမည်ကို စိုးရိမ်သဖြင့် လုံခြုံသောနေရာများသို့ ပြောင်းရွှေ့နေထိုင်မှုများ ရှိနေသည်။ 

မောင်တောမြို့နယ်၊ ငန်းချောင်း(မွတ်ဆလင်)ကျေးရွာမှ ဘူးသီးတောင်မြို့သို့ ပြောင်းရွှေ့လာသူတစ်ဦးက “ငန်းချောင်းရွာမှာ ARSA အဖွဲ့တွေ ရက်ကြာရှည် လာနေကြတယ်။ ကျနော်လည်း ရှေ့ရေးကိုစိုးရိမ်ပြီး ဘူးသီးတောင်ကို မိသားစုလိုက် ပြောင်းလာတာ” ဟု ပြောသည်။

ဩဂုတ်လ ၁၂ ရက်နေ့ ညနေပိုင်းက မောင်တောမြောက်ပိုင်း လောင်းဒုံရွာနှင့် ကြိမ်ချောင်းရွာကြား ကားလမ်းပေါ်တွင် ARSA အဖွဲ့ဝင် ၂၀ ကျော်က အိမ်စီးကားတစ်စီးကို မီးရှို့ခဲ့ပြီး စံပယ်ကုန်းကျေးရွာမှ မွတ်ဆလင်နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဘူးသီးတောင်နှင့် မောင်တောမြို့နယ်ရှိ စစ်ကောင်စီထိန်းချုပ်ရာ နယ်မြေများအတွင်း ARSA အဖွဲ့ဝင်များ သွားလာလှုပ်ရှားနေမှုမှာ ဒေသခံများအကြား စိုးရိမ်စရာဖြစ်လာနေသဖြင့် ထိန်းချုပ်ပေးရန် လိုအပ်နေကြောင်း  နိုင်ငံရေးသမားများက ပြောကြသည်။ 

“ဩဂုတ် ၂၅ ရက်နေ့နောက်ပိုင်း ပိုသိသာလာတယ်။ အခုရက်ပိုင်းမှာ ICJ မှာ ချေပလွှာတင်သွင်းရတဲ့ အခြေအနေလည်း ဖြစ်တယ်။ ဆုတောင်းပွဲတွေ၊ ပြီးတော့ လူထုစည်းရုံးမှုလုပ်တာတွေကို ပိုပြီးကြားလာရတယ်။  တချို့မွတ်ဆင်ရွာတွေမှာ ULA/AA နဲ့ပူးပေါင်းပြီး လုပ်နေတဲ့သူတွေကို ခြိမ်းခြောက်မှုရှိတယ်။  အဲဒါကြောင့် စစ်ကောင်စီအနေနဲ့လည်း လူထုလုံခြုံမှုရှိအောင် ထိန်းပေးရမယ့်တာဝန် အပြည့်အဝရှိတယ်” ဟု ဘူးသီးတောင်ဒေသခံ လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ နှင့် ၁၉ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာအုပ်စုရှိ စိမ်းညှင်းပြား၊ အာကာပျံ၊ ကျောက်စာတိုင် ကျေးရွာအနီး မယူတောင်ကြောတွင် ARSA နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောဒေသတွင် စစ်ကောင်စီ၊  AA အပါအဝင် မွတ်ဆလင်လက်နက်ကိုင် အဖွဲ့များဖြစ်ကြသည့် ARSA၊ RSO နှင့် တစ်ခြား ARSA ခွဲထွက်အဖွဲ့ငယ်များ လှုပ်ရှားနေကြခြင်း ဖြစ်သည်။  

#R005 #I011