- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
လွှဲပြောင်းခံရသူများထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့်ရဲများနှင့် မိသားစုဝင်အချို့ ပါဝင်ပြီး ရခိုင်တိုက်ပွဲအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားရာမှ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။
10 May 2025

DMG ၊ မေ ၁၀
ရခိုင်ပြည် မြို့သိမ်းတိုက်ပွဲများအတွင်း အာရက္ခတပ်တော်၏ ထိုးစစ်ကို မခုခံနိုင်၍ နယ်စပ်ဒေသ မောင်တောမြို့နယ်ထဲမှ တစ်ဆင့် နတ်မြစ်ကို ဖြတ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံခဲ့သူ စစ်ကောင်စီတပ်သား အများအပြားရှိခဲ့သည်။
အဆိုပါ ထွက်ပြေးသူများထဲမှ မေလ ၇ ရက်အထိ ၉၀၉ ဦးကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက စစ်ကောင်စီဘက်ကို လွှဲပြောင်းထားပြီးဖြစ်ကြောင်း သိရသည်။
လွှဲပြောင်းခံရသူများထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့်ရဲများနှင့် မိသားစုဝင်အချို့ ပါဝင်ပြီး ရခိုင်တိုက်ပွဲအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားရာမှ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။
ယင်းထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများကို ဘင်္ဂလားဒေ့ရှ်အစိုးရဘက်မှ အသုတ်လိုက်ခွဲပြီး စစ်ကောင်စီထံ ပြန်လည်ပို့ပေးခြင်းမှာ မေလ ၇ ရက်တွင် ၅ ကြိမ်အထိရှိလာပြီ ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် စစ်ကောင်စီတပ်သားများကို ဘင်္ဂလားဒေ့ရှ်အစိုးရက လေကြောင်း၊ ရေကြောင်းများမှ တစ်ဆင့် အသုတ်လိုက် ပို့ပေးနေခြင်းလည်း ဖြစ်သည်။
မေလ ၇ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄ ဦးကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ကော့ဘဇားလေဆိပ်မှ တစ်ဆင့် မြန်မာနိုင်ငံသို့ ပို့ပေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်ဘက်က ဆိုထားသည်။
အလားတူ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၃ ဦးကို မြန်မာနိုင်ငံအတွင်း အကျဉ်းကျခံနေရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈၅ ဦးနှင့် အလဲအလှယ်လုပ်ပြီး သင်္ဘောဖြင့် လွှဲပြောင်းပေးခဲ့သည်။
ယင်းအပြင် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၉ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၄ ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၅ ဦးနှင့် လဲလှယ်ခဲ့ပြီး ဧပြီလ ၂၅ ရက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၈၈ ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၃ ဦးနှင့် လဲလှယ်ခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်တွင်လည်း မိသားစုဝင်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၀ ဦးကို စစ်ကောင်စီက ရေတပ်သင်္ဘောဖြင့် ပြန်လည် လွှဲပြောင်းယူခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်ဘက်က စစ်ကောင်စီကို လွှဲပြောင်းပေးခဲ့သည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ အပါအဝင် စစ်ကောင်စီတပ်သား ၈၇၅ ဦး အထိရှိခဲ့ပြီး ယခုနှစ်မေလအထိ လွှဲပြောင်းပေးခဲ့သူ ၉၀၉ ဦးအထိ ရှိလာပြီဖြစ်သည်။
လက်ရှိတွင် ရခိုင်- ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်ကို အာရက္ခတပ်တော်က အပြည့်အဝထိန်းချုပ်ထားပြီး မောင်တောမြို့နယ်တစ်ခုလုံးကိုလည်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် အပြီးသတ်သိမ်းပိုက်ထားသည်။