- ဗုံးစထိမှန်မှုကြောင့် မျက်လုံးထိခိုက်ခဲ့သည့် ပုဏ္ဏားကျွန်းက စစ်ရှောင်ကျောင်းသူတစ်ဦး အကူအညီလိုအပ်နေ
- " ရခိုင်ပြည် ရွေးကောက်ပွဲ အခင်းအကျင်း ဘယ်လိုဖြစ်လာမလဲ " Vox Pop
- ထိုင်းဂယ်လာရီတွင် ပြသထားသည့် တရုတ်နှင့် ဆက်စပ်သော အနုပညာလက်ရာများ ဖယ်ရှားခံရ
- ကျောက်ဖြူနှင့် ရသေ့တောင်မြို့နယ်တို့ကို စစ်ကောင်စီ လေကြောင်း ဗုံးကြဲ
- အာဆီယံကိုယ်စားလှယ်အဖွဲ့ စက်တင်ဘာတွင် မြန်မာသို့လာပြီး ရွေးကောက်ပွဲ အစီအစဉ်များ လေ့လာမည်
ဗုံးစထိမှန်မှုကြောင့် မျက်လုံးထိခိုက်ခဲ့သည့် ပုဏ္ဏားကျွန်းက စစ်ရှောင်ကျောင်းသူတစ်ဦး အကူအညီလိုအပ်နေ
စစ်ကောင်စီ ဗုံးကြဲမှုကြောင့် မျက်လုံးတစ်ဖက် ထိခိုက်ခဲ့ရသည့် ပုဏ္ဏားကျွန်းမြို့နယ်က အသက် (၁၆) နှစ် အရွယ် စစ်ဘေးရှောင် ကျောင်းသူတစ်ဦးမှာ ဆေးဝါးကုသရန် ငွေကြေးအကူအညီလိုအပ်နေကြောင်း သိရသည်။
09 Aug 2025

DMG ၊ ဩဂုတ် ၉
စစ်ကောင်စီ ဗုံးကြဲမှုကြောင့် မျက်လုံးတစ်ဖက် ထိခိုက်ခဲ့ရသည့် ပုဏ္ဏားကျွန်းမြို့နယ်က အသက် (၁၆) နှစ် အရွယ် စစ်ဘေးရှောင် ကျောင်းသူတစ်ဦးမှာ ဆေးဝါးကုသရန် ငွေကြေးအကူအညီလိုအပ်နေကြောင်း သိရသည်။
ဗုံးစမှာ မျက်လုံးထဲသို့ စိုက်ဝင်သွားသဖြင့် အမြင်အာရုံ အဆင်မပြေဖြစ်နေသည့်အပြင် ဒူးဆစ်ပါ ကျိုးသွားခဲ့ရပြီး ကိုက်ခဲသောဝေဒနာများကိုပါ ခံစားနေရသည်ဟု ကာယကံရှင်က ပြောသည်။
"မျက်လုံးက တစ်ရက်ထက်တစ်ရက် အထဲကို ဝင်နေပြီ။ ကိုက်တာတွေလည်း ရှိတယ်။ ကြာလာရင် တစ်ဖက်ကနေ တစ်ဖက်ကို ကူးသွားမှာကို ကြောက်တယ်။ မီးခိုးဒဏ်ကိုလည်း လုံးဝ မခံနိုင်ဘူး။ ဒူးကလည်း အကွေးအဆန့် လုပ်လို့ မရဘူး။ နည်းနည်းသက်သာနေပေမယ့် ကိုက်တာခဲတာတွေ ရှိနေတယ်။ ဖြစ်နိုင်ရင် အမြန်ဆုံးခွဲစိတ်ချင်တယ်။ ပိုက်ဆံက မတတ်နိုင်လို့ပါ" ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်တွင် ယိုးတရုပ်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲခဲ့သဖြင့် ဇေယျ မဏ္ဏိုင်ဘုန်းကြီးကျောင်းနှင့် မူလွန် (၂) စာသင်ကျောင်းသို့ ကျရောက်ပေါက်ကွဲကာ ဒေသခံ ၅ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။
ထိုကျောင်းသူမှာ ကွမ်းတောင်ကျေးရွာမှ ဖြစ်ပြီး ဇေယျမဏ္ဏိုင်ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်နေခြင်း ဖြစ်သည်။ ဗုံးကြဲမှုကြောင့် ညာဖက်မျက်လုံးကို ဗုံးစဖောက်ဝင်သွားပြီး ဘယ်ဖက်ခြေထောက် ဒူးဆစ်နှင့် ခြေသလုံးတို့တွင်လည်း ဗုံးစထိမှန်သွားခဲ့သည်။
လက်ရှိ မျက်လုံးဒဏ်ရာအခြေအနေမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွာလာနေသဖြင့် အချိန်မီ ဆေးဝါးကုသရန် အရေးပေါ်လိုအပ်နေသည်။
၎င်း မျက်လုံးဒဏ်ရာကို AA ထိန်းချုပ်ဒေသမှာ ကုသ၍ မရနိုင်ဘဲ ပြည်ပတွင် သွားရောက်ကုန်သရန် လိုအပ်နေပြီး ဆေးကုသရန်အတွက် ဒေါ်လာ ၅,၀၀၀ ခန့်ကုန်ကျနိုင်ကြောင်း ကူညီဆောင်ရွက်ပေးနေသည့် Triple -T အဖွဲ့တည်ထောင်သူ ကိုဗစ်တာက ပြောသည်။
" ဒဏ်ရာကုဖို့အတွက် ရခိုင်ပြည်ပြင်ပကို ထွက်ဖို့က အခက်အခဲရှိတယ်။ လေယာဉ်လက်မှတ် အလွယ်တကူ ဝယ်လို့မရတဲ့အပြင် စစ်ကောင်စီရဲ့ စစ်ဆေးမှုတွေလည်း ရှိတယ်။ စစ်တွေကို သွားဖို့လည်း အဆင်မပြေဘူး။ လိုအပ်တဲ့ ဆေးကုသဖို့အတွက် ငွေကြေးလုံလုံလောက်လောက် မရှိသေးဘူး။ တခြားအဖွဲ့အစည်းတွေကိုလည်း ဝိုင်းဝန်းကူညီပံ့ပိုးပေးကြဖို့ မေတ္တာရပ်ခံချင်တယ်" ဟု ကိုဗစ်တာက ပြောသည်။
ရခိုင်တွင် တိုက်ပွဲကာလ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှု၊ မိုင်းနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုတို့ကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသူ၊ အမြင်၊ အကြားအာရုံဆုံးရှုံးသူ အများအပြားရှိနေသည်။
ဆေးဝါးကုသရန်ငွေကြေးမရှိသည့်အပြင် အကူအညီလည်းမရရှိသဖြင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုဒဏ်ကို ခံစားနေကြရသည်။