စစ်ရေးကာလ ထိခိုက်ဒဏ်ရာရ ရခိုင်ဒေသခံများ ဆေးကုရန် ငွေကြေးမရှိ၍ နာတာရှည်ရောဂါ ခံစားနေကြရ

ရခိုင်ပြည်တွင် စစ်ရေးကာလအတွင်း ထိခိုက်ဒဏ်ရာရရှိသွားသည့် ဒေသခံများမှာ ငွေကြေးအခက်အခဲတို့ကြောင့် ဆေးဝါးမကုသနိုင်သဖြင့် နာတာရှည်ရောဂါ ဝေဒနာကို ခံစားနေရကြောင်း ကာယကံရှင်များက ပြောသည်။

By Admin 05 Aug 2025

စစ်ရေးကာလ ထိခိုက်ဒဏ်ရာရ ရခိုင်ဒေသခံများ ဆေးကုရန် ငွေကြေးမရှိ၍ နာတာရှည်ရောဂါ ခံစားနေကြရ

DMG ၊ ဩဂုတ် ၅

ရခိုင်ပြည်တွင် စစ်ရေးကာလအတွင်း ထိခိုက်ဒဏ်ရာရရှိသွားသည့် ဒေသခံများမှာ ငွေကြေးအခက်အခဲတို့ကြောင့် ဆေးဝါးမကုသနိုင်သဖြင့် နာတာရှည်ရောဂါ ဝေဒနာကို ခံစားနေရကြောင်း ကာယကံရှင်များက ပြောသည်။

စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီး၊ သေနတ်ဖြင့် ပစ်ခတ်မှုတို့ကြောင့် ထိခိုက်ခဲ့ကြရခြင်းဖြစ်ပြီး အချို့မှာ ခွဲစိတ်ကုသရမည့်သူများ၊ အချို့မှာလည်း ထိရောက်သည့် ဆေးဝါးကုသမှုခံယူရမည့်သူများ ပါဝင်သည်။

" ခြေမှာ လက်နက်ကြီး ကျည်စ ဝင်သွားတာ။ လမ်း မလျှောက်နိုင်တော့ဘူး။ ညဘက်တွေဆိုရင် နာတယ်၊ ကိုက်တယ်။ မအိပ်နိုင်ဘူး။ ကျည်စကို ခွဲစိပ်ပြီး ထုတ်ဖို့အတွက် ငွေကုန်မခံနိုင်လို့ တိုင်းရင်းဆေးတွေ လိမ်းပြီး နေတယ်" ဟု လက်နက်ကြီးထိမှန်၍ ဒဏ်ရာရရှိသွားသည့် မြောက်ဦးမြို့မှ အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းအပြင် ကျောက်တော်မြို့နယ်၊ သင်္ဂနက်ကျေးရွာမှ ဦးရွှေသိန်းထွန်းမှာ ၂၀၁၉ ခုနှစ် တိုက်ပွဲကာလအတွင်း စစ်တပ်နေဗီမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့သည်။

ထိုဒဏ်ရာများကြောင့် အာရုံကြောထိခိုက်သွားပြီး လမ်းမလျှောက်နိုင်တော့အထိဖြစ်ခဲ့ရသည့်အပြင် ခန္ဓာကိုယ်အနှံ့ လက်နက်ကြီးကျည်စများ ရှိနေသေးကာ ခွဲစိတ်ကုသမှုမလုပ်နိုင်သေးကြောင်း ဆိုသည်။

"နောက်ကျောတစ်ခုလုံးကို လက်နက်ကြီးအစတွေ ဝင်သွားပြီး အာရုံကြောကို ထိတာ။ အောက်ပိုင်း သေသွားတယ်။ အစတုန်းက စစ်တွေမှာ ဆရာဝန်နဲ့ ကုနေတာ။ အခု လမ်းတွေလည်း ပိတ်၊ ဆေးတွေလည်း ဈေးကြီးတော့ မကုနိုင်တော့ဘူး။ ခန္ဓာမှာ ကျန်နေသေးတဲ့ ကျည်စတွေကိုလည်း ငွေမရှိလို့ မထုတ်နိုင်သေးဘူး" ဟု ဦးရွှေသိန်းထွန်းက ပြောသည်။

ရခိုင်တွင် စစ်ရေးကာလအတွင်း စစ်တပ်၏ လက်နက်ကြီး၊ လေကြောင်း၊ သေနတ်ဖြင့်ပစ်ခတ်မှု၊ ဖမ်းဆီးနှိပ်စက်ခံရခြင်းအပြင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်တို့ကြောင့် ထိခိုက်ခဲ့ရသူအများအပြား ရှိနေပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာပြဿနာများကို ခံစားနေကြရသည်။

ကျောက်တော်မြို့နယ်၊ ကျောက်တန်းကျေးရွာမှ ဒေါ်အောင်မေ၏ သားဖြစ်သူမှာလည်း ၂၀၁၉ ခုနှစ်အတွင်း စစ်ကောင်စီတပ်စစ်ကြောင်းမှ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကာ လက်တစ်ဖက်ဆုံးရှုံးခဲ့ရသည်။

"သားက ဗမာစစ်သားတွေဆီမှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး လက်တစ်ဘက် ဖြတ်လိုက်ရတယ်။ ပြီးတော့ စိတ်မနှံ့တော့ဘူး။ အခုထိ စိတ်ငြိမ်ဆေးတွေတော့ သောက်နေရတယ်။ ပုံမှန်ဖြစ်အောင် ဆေးကုဖို့က မလွယ်ဘူး" ဟု ဒေါ်အောင်မေက ပြောသည်။

တစ်ဖက်တွင်လည်း စစ်ရေးကြား ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသူများတွင် အိမ်ထောင်ဦးစီးများ၊ မိသားစု စားဝတ်နေရေးကို ဦးဆောင်နေကြသည့် အမျိုးသမီးများလည်း ပါဝင်ပြီး ထိုသို့ထိခိုက်ခဲ့သဖြင့် မိသားစု လူမှုဘဝရပ်တည်ရေး စိန်ခေါ်မှုများ ရှိနေသည်။

လက်ရှိကာလ အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုတို့ကြောင့် အခက်အခဲများစွာ ရှိနေပြီး ကူညီထောက်ပံ့မှုလည်း နည်းပါးသဖြင့် ဒုက္ခရောက်နေကြရသည်။