- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
တိုက်ပွဲကာလ နေအိမ်ပျက်စီးသွားသည့် တောင်ကုတ်မြို့ခံ ၁,၀၀၀ ခန့် အခက်အခဲကြုံနေ
တိုက်ပွဲဖြစ်ပွားနှင့်အတူ စစ်ကောင်စီ၏ မီးရှို့မှု၊ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုတို့ကြောင့် ရန်ခေါ်ရွာ၊ ဂျိုကြာကွင်းရပ်ကွက်နှင့် စစ်ကောင်စီယာယီတပ်စွဲခဲ့သည့် နေရာအနီးမှ နေအိမ် ၂၀၀ ကျော် ပျက်စီးခဲ့ရသည်။
12 Mar 2025

DMG ၊ မတ် ၁၂
တိုက်ပွဲကာလအတွင်း နေအိမ်ပျက်စီးသွားခဲ့သည့် ရခိုင်ပြည်၊ တောင်ကုတ်မြို့ခံ ၁,၀၀၀ ခန့်မှာ စားရေးသောက်ရေးအပြင် ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲ စိန်ခေါ်မှုများရှိနေကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ကောင်စီ၏ မီးရှို့မှု၊ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုတို့ကြောင့် ရန်ခေါ်ရွာ၊ ဂျိုကြာကွင်းရပ်ကွက်နှင့် စစ်ကောင်စီယာယီတပ်စွဲခဲ့သည့် နေရာအနီးမှ နေအိမ် ၂၀၀ ကျော် ပျက်စီးခဲ့ရသည်။
"စစ်ကောင်စီ တပ်ရင်းတွေ တပ်စွဲခဲ့တဲ့ နေရာတွေနဲ့ နီးတဲ့ ရပ်ကွက်တွေက နေအိမ် တော်တော်များများကို စစ်ကောင်စီက မီးရှို့တာ၊ လက်နက်ကြီး၊ လေကြောင် တိုက်ခိုက်တာတွေကြောင့် အိမ်တွေ ပျက်စီးသွားသူတွေက အခုထိ ပြန်ဆောက်နိုင်ကြတာ မတွေ့ရဘူး။ ရန်ခေါ်ရွာမှာဆို အိမ်ခြေ ၆၀ ကျော်လောက် ပျက်စီးသွားတယ်" ဟု တောင်ကုတ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိ တောင်ကုတ်မြို့ခံများကို အာရက္ခတပ်တော်က ဝင်ရောက်နေထိုင်ခွင့်ပြုထားပြီး စားနပ်ရိက္ခာအချို့ ထောက်ပံ့ပေးထားကြောင်း သိရသည်။
နေအိမ်ပျက်စီးသွားသူများမှာ လက်ရှိအချိန်ထိ စစ်ဘေးတိမ်းရှောင်နေကြရပြီး အခက်အခဲများစွာဖြင့် ရင်ဆိုင်ကြုံတွေ့နေကြရကာ ပြန်လည်ထူထောင်ရေးအတွက် အကူအညီများ လိုအပ်နေသည်။
"အိမ်အကောင်းအတိုင်း ရှိတဲ့သူတွေက အေးအေးဆေးဆေး ပြန်နေထိုင်နေကြပြီ။ အိမ် ပြန်မဆောက် နိုင်သေးတဲ့ သူတွေကတော့ တိုက်ပွဲကာလကတည်းက စစ်ဘေးရှောင်နေရတဲ့ နေရာတွေမှာပဲ ကြုံရာကျပန်း လုပ်ကိုင်စားသောက်နေရတယ်" ဟု နောက်ထပ် တောင်ကုတ်မြို့ခံ တစ်ဦးက ပြောသည်။
အာရက္ခတပ်တော်က တောင်ကုတ်မြို့နယ်တစ်ခုလုံးကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် အပြီးသတ်သိမ်းပိုက်ခဲ့ပြီးနောက် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို တဖြည်းဖြည်းလုပ်ဆောင်လျက်ရှိသည်။
လက်ရှိ တောင်ကုတ်မြို့နယ်တွင် AA က မိုင်းရှင်းလင်းရေးများ ပြုလုပ်နေသော်လည်း တိုက်ပွဲပြင်းထန်ခဲ့သည့် ဒေသတစ်ခုဖြစ်သဖြင့် မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်ကို ဒေသခံများ ကြုံနေကြရသည်။
မတ် ၁၁ ရက်က တောင်ကုတ်မြို့ခံတစ်ဦးမှာ စစ်ကောင်စီ၏ စကခ ၅ အနီး ဟင်းရှာနေစဉ် မိုင်းနင်းမိ၍ ခြေတစ်ဖက် ပြတ်ထွက်သွားခဲ့သည်။
"မိုင်းရှင်းလင်းရေးကတော့ တပ်ဖက်က နိုင်သလောက် လုပ်နေတာ တွေ့ရပါတယ်။ ဒါပေမဲ့ စစ်ကောင်စီက အများကြီး ထောင်ထားခဲ့တော့ မြို့ခံတွေအတွက် မလုံခြုံသေးဘူး။ ဒီထက်ရှင်းလင်းရေးကို မြှင့်တင်လုပ်ဖို့ လိုပါတယ်" ဟု ULA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ရခိုင်တွင် အာရက္ခတပ်တော်က ထိန်းချုပ်ဒေသအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသော်လည်း တိုက်ပွဲကာလ ထိခိုက်ပျက်စီးမှုများပြားသဖြင့် အခက်အခဲများရှိနေဆဲ ဖြစ်သည်။