ဒုစရိုက်မှု များလာ၍ ကျောက်တော်က ကျေးရွာအချို့တွင် အလှည့်ကျ ကင်းစောင့်နေရ

ကျေးရွာလုံခြုံရေးအတွက် အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် ကျေးရွာသားများ ပူးပေါင်းကာ ညကင်းလှည့်ခြင်းများ စီစဉ်နေကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

By Admin 04 Aug 2025

အပေါက်ဝကျေးရွာအဝင် ဆိုင်းဘုတ်ကို ၂၀၂၄ ဧပြီလ အတွင်းက တွေ့ရစဉ်။
အပေါက်ဝကျေးရွာအဝင် ဆိုင်းဘုတ်ကို ၂၀၂၄ ဧပြီလ အတွင်းက တွေ့ရစဉ်။

DMG ၊ ဩဂုတ် ၄

အာရက္ခတပ်တော်ထိန်းချုပ်ရာ ရခိုင်ပြည်က ဒေသများတွင် ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှုနှင့် လူသတ်မှုစသည့် ဒုစရိုက်မှုများ ခပ်စိပ်စိပ်ရှိလာ၍ ဒေသခံများမှာ စိုးရိမ်စိတ်မြင့်တက်နေကြောင်း ပြောဆိုကြသည်။

ယင်းအခြေအနေများကို လျှော့ချရေးအတွက် ကျောက်တော်မြို့နယ် တောင်ပိုင်းရှိ အပေါက်ဝ၊ ပြိန်းချောင်း၊ ကွမ်းအုံချောင်းစသည့် ကျေးရွာတို့တွင် ရွာသားများက အလှည့်ကျကင်းစောင့်ပြီး လုံခြုံရေးပေးနေရကြောင်း သိရသည်။

အပေါက်ဝကျေးရွာသားတစ်ဦးက " တစ်ညတည်းနဲ့ အိမ်နှစ်ဆယ်လောက်ကို ပတ်လို့ ခိုးကြတာ။ ဆိုင်ကယ် ဖုန်းရော အစုံပဲ အခိုးခံလိုက်ကြရတယ်။ ဒါကြောင့် ရွာမှာ အလှည့်ကျ ကင်းစောင့်ဖို့ စီစဉ်နေကြတယ် " ဟု ပြောသည်။

ကျေးရွာလုံခြုံရေးအတွက် အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် ကျေးရွာသားများ ပူးပေါင်းကာ ညကင်းလှည့်ခြင်းများ စီစဉ်နေကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ကျေးရွာများတွင် ပြီးခဲ့သည့် ဇူလိုင်လက ဓားပြမှု၊ ခိုးဆိုးလုယက်မှုများ ဖြစ်ပွားခဲ့ပြီး ဒေသခံများမှာ ရွှေထည်၊ ငွေအပါအဝင် ဖုန်း၊ ဆေးဝါး၊ ဆိုင်ကယ်စသည့် ပစ္စည်းများ ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ယင်းအပြင် ရက်ပိုင်းအတွင်း ကျေးရွာအတွင်းရှိ ဖုန်းဆိုင်တစ်ခုမှလည်း ဖုန်းနှင့် ငွေကြေးများ ခိုးယူခံခဲ့ရပြီး အခြားကျေးရွာသားတစ်ဦးမှာလည်း ညအချိန် အလစ်သုတ်မှုခံရမှုကြောင့် ငွေသား သိန်းနှစ်ဆယ် ပါသွားကြောင်း သိရသည်။

ထိုသို့ ခိုးဆိုးလုယက်မှုများသည် ယခုမိုးရာသီတွင် အဖြစ်များလာပြီး အုပ်စုလိုက်၊ တစ်ဦးချင်းအလိုက် စသည်ဖြင့် နည်းမျိုးစုံနှင့် ခိုးယူနေကြခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

" အရင်တုန်းကဆိုရင် ည ၉ နာရီရောက်တာနဲ့ လမ်းမှာ လူမတွေ့ရတော့ဘူး။ အခုခါကျတော့ ညနက်တဲ့အချိန် မိုးသည်းတဲ့ ညတွေဆို လူစိမ်းတွေက ခြံနားတွေ လမ်းတွေမှာ မကြာခဏ လှုပ်ရှားသွားလာတာတွေကို သတိထားမိတယ်။ ဒါကြောင့် စိုးရိမ်စိတ်တွေ အများကြီးဖြစ်ရတယ် " ဟု အပေါက်ဝကျေးရွာက အမျိုးသမီးတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ပထမအပတ်ကလည်း ကျောက်တော်မြို့နယ်၊ ကွမ်းအုံချောင်းကျေးရွာမှ ဆန်စက်ပိုင်ရှင် ကိုကျော်သက်လှိုင်၏ နေအိမ်ဓားပြတိုက်ခံရပြီး ရွှေ ၁၀ ကျပ်သားနှင့် ငွေသားအချို့ ပါသွားခဲ့သည်။

ထို့အတူ ဇူလိုင် ၂၄ ရက်က ပြိန်းချောင်းကျေးရွာတွင် အသက် ၆၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးတည်း နေအိမ်၌ အိပ်နေစဉ် ဓားပြတိုက်သတ်ဖြတ်ခံခဲ့ပြီး ရွှေ၊ ငွေ၊ ဖုန်းစသည့် ပစ္စည်းများ ပါသွားကြောင်း သိရသည်။

ပြိန်းချောင်းကျေးရွာမှ ဦးထွန်းလှိုင်က " ဒီလို အမှုတွေနောက်ဆက်ပြီး မဖြစ်ရအောင် အုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာ သားတွေ ပေါင်းပြီး ကင်းစောင့်ကြမှာ " ဟု ပြောသည်။ ယင်းဖြစ်စဉ်များကြောင့် ဒေသခံများမှာ လုံခြုံရေး စိုးရိမ်မှုများစွာ ရှိနေကြခြင်းဖြစ်သည်။

ယင်းကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် ထိုသို့ဒုစရိုက်မှုများနှင့် ပတ်သက်ပြီး ဥပဒေနှင့်အညီ ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်သင့်ကြောင်း ထောက်ပြမှုများ ရှိနေသည်။

" လုံခြုံရေးအခြေအနေကလည်း ပိုပြီး စိုးရိမ်စရာဖြစ်လာတယ်။ တပ်တော် (AA) အနေနဲ့လည်း ကျေးရွာလုံခြုံရေးနဲ့ ပတ်သက်ပြီး ရွာတာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး ကာကွယ်ရေးအပိုင်းကို သတ်သတ်မတ်မတ် အစီအစဉ်တစ်ခုချပြီး လုပ်ဆောင်သင့်တယ်လို့ ထင်တယ်။ ပြီးတော့ လက်ရှိ ဖြစ်နေတဲ့ အမှုတွေကိုလည်း တရားခံပေါ်အောင် အားစိုက်ပေးစေချင်တယ်" ဟု ကျောက်တော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ရခိုင်ပြည်အတွင်းက မြို့နယ်အများစုကို သိမ်းပိုက်ထားသည့် ULA/AA သည် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရတစ်ရပ်ကို ထူထောင်ကာ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးစသည့် အုပ်ချုပ်ရေးယန္တရားများဖြင့် ပြန်လည်တည်ဆောက်ရေးများကို လုပ်ဆောင်နေသည်။

သို့သော် ULA/AA ၏ အဆိုပါ လုပ်ငန်းများကို ကိုင်တွယ်ဖြေရှင်းရာတွင် အမှုမှန် မပေါ်ခြင်း၊ ကျူးလွန်သူကို ဖမ်းမမိနိုင်သေးခြင်း စသည့် အားနည်း ချက်များစွာရှိနေသေးကြောင်း ဒေသခံများက ထောက်ပြဝေဖန်မှုများ ရှိနေသည်။