နွေဦးတော်လှန်ရေး အားပေးစကားပြောရင်း သူပုန်ဖြူစာအုပ်ကို ရေးခဲ့ကြောင်း ဒေါက်တာညို ပြော

အာရက္ခတပ်တော်၏ ဒု-စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ရေးသားသည့် သူပုန်ဖြူကဗျာများမှာ အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးလောကထဲကို ရောက်လာကြသည့် တော်လှန်ကဗျာဆရာ၊ ဆေးပညာအသိုင်းဝိုင်း၊ အနုပညာရှင်များနှင့် ခံစားချက်များကို ပြောဆိုရာကနေ ရေးသားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြောလာသည်။

By Admin 04 Aug 2025

ဓာတ်ပုံ - သူပုန်ဖြူ Team
ဓာတ်ပုံ - သူပုန်ဖြူ Team

DMG ၊ ဩဂုတ် ၄

အာရက္ခတပ်တော်၏ ဒု-စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ရေးသားသည့် သူပုန်ဖြူကဗျာများမှာ အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးလောကထဲကို ရောက်လာကြသည့် တော်လှန်ကဗျာဆရာ၊ ဆေးပညာအသိုင်းဝိုင်း၊ အနုပညာရှင်များနှင့် ခံစားချက်များကို ပြောဆိုရာကနေ ရေးသားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြောလာသည်။

ယနေ့ (ဩဂုတ်လ ၄) တွင် ပြုလုပ်သည့် သူပုန်ဖြူစာအုပ် လေလံပြိုင်ပွဲ တိုက်ရိုက်ထုတ်လွှင့်ခဲ့ရာတွင် ကဗျာဆရာ သူပုန်ဖြူ(ခ)ဒေါ်တာ ညိုထွန်းအောင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

" ဒီသူပုန်ဖြူစာအုပ်က မြန်မာနိုင်ငံထဲမှာ ၂၀၂၁ နောက်ပိုင်း အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း တော်လှန်ရေးထဲကို ရောက်လာကြတဲ့ တော်လှန်ရေးညီငယ်၊ ညီမငယ်တွေကို အားပေးစကားပြောရင်းနဲ့ တစ်ခါတစ်ခါ တော်လှန်ရေးထဲကို ရောက်လာကြတဲ့ ကဗျာဆရာတွေ၊ အနုပညာသမားတွေ ဘက်ပေါင်းစုံ၊ နယ်ပယ်အသီးသီးကလူတွေ အပေါ်မှာ အားပေးစကားပြောတာရှိသလို ကဗျာအကြောင်း၊ ဆေးအကြောင်းတွေ ပြောရင်းနဲ့ ရေးဖြစ်တာပါ " ဟု ဒေါက်တာညိုထွန်းအောင်က ရှင်းပြခဲ့သည်။

ယင်းအပြင် သူပုန်ဖြူစာအုပ်တွင် အမှာစာရေးသားခဲ့သူ ULA ၏ နိုင်ငံရေးမှူး ဆရာ ဦးဦးလှစော (သို့မဟုတ်) ကဗျာဆရာ မောင်ခိုင်အောင် (စစ်တွေ) ကိုလည်း ကျေးဇူးအထူးတင်ကြောင်း ပြောခဲ့သည်။

ထို့အတူ သူပုန်ဖြူ ကဗျာများစုစည်းမှု စာအုပ်လေလံပြိုင်ပွဲကို တိုက်ရိုက်ထုတ်လွှင့်ခဲ့ရာ အမြင့်ဆုံး လေလံဈေး အမေရိကန်ဒေါ်လာ ၄၀,၀၀၀ အထိ ရောက်ရှိခဲ့ကြောင်း သိရသည်။

ထိုစာအုပ်ကို ယခုနှစ် မေလ တတိယအပတ်က စတင်ရောင်းချခဲ့ပြီး ပထမဆုံး လေလံဆွဲခဲ့သူမှာ ကဗျာစာအုပ် အမှတ်စဉ် (၁၁၅၄၃) ကို အမေရိကန်ဒေါ်လ ၁,၀၀၀ ဖြင့် မေ ၂၃ ရက်က ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

သူပုန်ဖြူ ကဗျာစာအုပ် အမှတ်စဉ် (၀၀၆၆၆) ပိုင်ရှင် Mr.ET ဟာ ဇူလိုင်လ ၂၁ ရက်၊ သူ့မွေးနေ့အတွက် အမှတ်တရအဖြစ် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ယခု လေလံပွဲကျင်းပရာ ကဗျာစာအုပ်အမှတ်စဉ် (၀၁၁၀၉)ပိုင်ရှင်က အမြင့်ဆုံးဈေး အမေရိကန်ဒေါ်လာ ၄၀,၀၀၀ ဖြင့် လေလံပိတ်ခဲ့ခြင်းဖြစ်သည်။

သူပုန်ဖြူကဗျာစာအုပ်သည် ရခိုင်၊ မြန်မာနှစ်ဘာသာဖြင့် ရေးသားထားပြီး စစ်အာဏာရှင်တော်လှန်ရေး ကာလအတွင်း ရခိုင်တော်လှန်ရေးနှင့် မြန်မာ့နွေဦးတော်လှန်ရေး အကြောင်းအရာများလည်း ပါဝင်ကြောင်း သိရသည်။

ယင်းအပြင် သူပုန်ဖြူစာအုပ်ရေးသားသူ ဒေါက်တာညိုထွန်းအောင်က ရခိုင်၊ မြန်မာ နှစ်ဘာသာအပြင် အင်္ဂလိပ်ဘာသာဖြင့်လည်း ဘာသာပြန်ရေးသားမည်ဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းတွင် ထုတ်ဝေသွားမည်ဖြစ်ကြောင်း ဆိုထားသည်။

" အစတုန်းက ဒီစာအုပ်ကို ရခိုင်၊ မြန်မာ၊ အင်္ဂလိပ်ဘာသားစကား ၃ မျိုးနဲ့ ထုတ်မယ်လို့ စီစဉ်ခဲ့တာ။ အခုဒီစာအုပ်မှာတော့ ရခိုင်နဲ့ မြန်မာ ဘာသာစကား ၂ မျိုးနဲ့ ဖြစ်သွားတယ်။ မကြာခင် အင်္ဂလိပ်လို ထုတ်ဖို့ လုပ်နေတယ် " ဟု ဒေါက်တာညိုထွန်းအောင်က ဆက်ပြောသည်။

ဒု-စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က လေလံပွဲအနိုင်ရသူများအား ညစာစားပွဲများ စီစဉ်ပေးခြင်း၊ လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းနှင့် အခြားသော အကျိုးခံစားခွင့်တစ်ချို့ရရှိအောင် စီစဉ်ထားကြောင်း ဆိုသည်။

ယင်းအပြင် ကဗျာချစ်သူများ၊ သူပုန်ဖြူ ကဗျာပရိသတ်များက ကဗျာစာအုပ်ကို ပုံမှန်ဈေးနှုန်း (မြန်မာငွေကျပ် ၇၀, ၀၀၀) နှင့် ဝယ်ယူအားပေးမှုများ ရှိပြီး ပုံမှန်ထက်ပိုသည့် တန်ဖိုးများပေး၍ အားပေးကြသူများလည်း ရှိနေသည်။

သူပုန်ဖြူစာအုပ်ကို ပထမအကြိမ်အဖြစ် အုပ်ရေ ၁၄,၀၀၀ ထုတ်ဝေထားပြီး ရောင်းရငွေ၏ ၃၅ ရာခိုင်နှုန်းကို အာ ဏာ သိမ်းပြီးနောက်ပိုင်း ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရသည့် တော်လှန်ရေးတပ်သားများကို ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။