- ဆုံးရှုံးနယ်မြေများကို ပြန်သိမ်းရန် စစ်ကောင်စီ အပြင်းအထန်ကြိုးစားနေဟု AA ပြော
- ရက် ၅၀ အတွင်း ယူကရိန်းစစ် မရပ်လျှင် ကုန်စည်ခွန် ၁၀၀ ရာခိုင်နှုန်းကောက်မည်ဟု ရုရှားကို သမ္မတထရမ့် ခြိမ်းခြောက်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
- ရေကြည်မြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲများ ပြင်းထန်နေ
- တက္ကနာ-မောင်တော ကုန်သွယ်ရေး ရပ်နေသည့်အတွက် တက္ကနာဆိပ်ကမ်းရှိ သိုလှောင်ကုန်များ ပျက်စီး
အမ်းမြို့နယ်က ပညာရေးဝန်ထမ်း ၇၀ ကျော် ယာယီရပ်ဆိုင်းခံရ
ရပ်ဆိုင်းခံလိုက်ရသည့် ပညာရေးဝန်ထမ်းများမှာ တိုက်ပွဲအတွင်း အသက်အာမခံချက်မရှိ၍ တာဝန်ထမ်းဆောင်ရန် မရောက်ရှိခြင်းဖြစ်သည်ဟု အမ်းမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသည့် ဆရာတစ်ဦးက ပြောသည်။
13 Jul 2024

DMG ၊ ဇူလိုင် ၁၃
ရခိုင်ပြည်၊ အမ်းမြို့နယ်မှ ပညာရေးဝန်ထမ်း ၇၁ ဦးကို “တာဝန်ထမ်းဆောင်ရန်မရောက်” ဟုဆိုကာ စစ်ကောင်စီက ဇွန်လမှစတင်ကာ တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။
ဆင်ပွတ်၊ ငပြယ်၊ သင်္ဂနက်၊ သပြုချောင်း၊ ပိန္နဲပင်၊ တောင်စောက်၊ နေပဆေး၊ လုံးတုံ၊ လော်ဟိန်းစံပြ စသည့် အခြေခံပညာကျောင်းများမှ ဝန်ထမ်းများကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။
အမ်းမြို့မှ ပညာရေးဝန်ထမ်းတစ်ဦးက “ရပ်ဆိုင်းလိုက်တာတော့ ဟုတ်တယ်။ မြို့ထဲက ဆရာ/မတွေ မဟုတ်ဘူး။ နယ်ဘက်က ဆရာ/မတွေကို ရပ်လိုက်တာ။ တာဝန်ထမ်းဆောင်ဖို့ မရောက်ဘူးဆိုပြီး ရပ်လိုက်တာ” ဟု ပြောသည်။
အမ်းမြို့နယ်အတွင်း စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်နေပြီး AA က စစ်ကောင်စီတပ်စခန်းများကို ပိတ်ဆို့တိုက်ခိုက်လျက် ရှိသည်။
ရပ်ဆိုင်းခံလိုက်ရသည့် ပညာရေးဝန်ထမ်းများမှာ တိုက်ပွဲအတွင်း အသက်အာမခံချက်မရှိ၍ တာဝန်ထမ်းဆောင်ရန် မရောက်ရှိခြင်းဖြစ်သည်ဟု အမ်းမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသည့် ဆရာတစ်ဦးက ပြောသည်။
“တိုက်ပွဲက အမ်းမြို့ထဲကို မရောက်သေးဘူး။ နယ်ဘက်တွေမှာ ဖြစ်နေတာ။ အဲဒီတော့ ဝန်ထမ်းတွေက စိုးရိမ်စိတ်နဲ့ မရောက်ကြတာ။ ကျနော်တို့တောင် တိုက်ပွဲမရှိတဲ့နေရာမှာမို့လို့ ကိုယ့်ဒေသကို မပြန်သေးတာ။ ဝန်ထမ်းတွေကို ပညာရေးဌာနက အသက်အာမခံချက်ပေးထားတာ မဟုတ်ဘူး။ ကိုယ်ဖြစ်ရင် ကိုယ်ခံပဲ” ဟု ပြောသည်။
အမ်းမြို့နယ်မှ ပညာရေးဝန်ထမ်း ၇၁ ဦး တာဝန်မှ ယာယီရပ်ဆိုင်းခံရမှုနှင့်ပတ်သက်ပြီး ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်ကို DMG က ဆက်သွယ်ခဲ့သော်လည်း အဆက်သွယ်မရရှိခဲ့ပေ။
ဇွန်လ ၁ ရက်တွင် အခြေခံပညာစာသင်ကျောင်းများ၌ ကျောင်းအပ်လက်ခံမည်ဖြစ်၍ စစ်တွေ၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော် စသည့်မြို့နယ်များမှ ပညာရေးဝန်ထမ်းများအနေဖြင့် မေလ ၂၅ ရက်နေ့ကို နောက်ဆုံးထားပြီး သက်ဆိုင်ရာကျောင်းများသို့ အရောက်လာကြရန် ပြည်နယ်ပညာရေးမှူးမှတစ်ဆင့် ညွှန်ကြားထားသည်။
သတ်မှတ်ကာလအတွင်း မရောက်ရှိလျှင် တာဝန်မှရပ်စဲပြီး လစာခံစားခွင့်ကိုလည်း ဖြတ်တောက်သွားမည်ဟု ဖိအားပေးခြိမ်းခြောက်မှုများ ရှိခဲ့သည်။
ရခိုင်ပြည်အတွင်း စစ်ကောင်စီထိန်းချုပ်ဆဲ မြို့ပေါ်စာသင်ကျောင်းအချို့မှာလွဲ၍ စာသင်ကျောင်းအများအပြားမှာ တိုက်ပွဲပြင်းထန်နေမှုနှင့် လေကြောင်းအန္တရာယ်ကြောင့် ပိတ်ထားရသည်။
လက်ရှိတွင် အမ်း၊ သံတွဲ၊ မောင်တောမြို့နယ်၌ စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်နေပြီး တောင်ကုတ်နှင့် ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲခပ်စိပ်စိပ် ဖြစ်ပွားလျက်ရှိသည်။