အမြဲတမ်းဝန်ထမ်းခန့်ပေးရန် ရခိုင်က တိုင်းရင်းသားစာပေသင် ဆရာ/မများ တောင်းဆို 

ဘွဲ့ရပြီး တိုင်းရင်းသားစာပေသင် TA များမှာ ကျောက်ဖြူပညာရေးကောလိပ်တွင် (၂၅) ရက်တာ မူလတန်းဆရာအတတ်သင်သင်တန်း တက်ရောက်ပြီးဖြစ်သော်လည်း အမြဲတန်းဝန်ထမ်းအဖြစ် ခန့်အပ်ခြင်းမရှိသေးပေ။

By Admin 11 Aug 2023

ဓာတ်ပုံ - (ပုံဟောင်း) ကျောက်တော်မြို့နယ်ပညာရေးမှူးရုံး
ဓာတ်ပုံ - (ပုံဟောင်း) ကျောက်တော်မြို့နယ်ပညာရေးမှူးရုံး

DMG ၊ ဩဂုတ် ၁၁

ရခိုင်ပြည်အတွင်းက ဘွဲ့ရပြီးသား တိုင်းရင်းသားစာပေသင် နေ့စားလပေး ဆရာ/ဆရာမ Teaching Assistant (TA) များက ၎င်းတို့အား အမြဲတမ်းဝန်ထမ်းခန့်အပ်ပေးရန် တောင်းဆိုနေကြသည်။ 

ဘွဲ့ရပြီး တိုင်းရင်းသားစာပေသင် TA များမှာ ကျောက်ဖြူပညာရေးကောလိပ်တွင် (၂၅) ရက်တာ မူလတန်းဆရာအတတ်သင်သင်တန်း တက်ရောက်ပြီးဖြစ်သော်လည်း အမြဲတန်းဝန်ထမ်းအဖြစ် ခန့်အပ်ခြင်းမရှိသေးဟု ဆရာမ၊ ဆရာမများက ပြောသည်။  

“မနှစ်ကတော့ ဘွဲ့ရပြီးသား TA တွေကို အမြဲတမ်းဝန်ထမ်းခန့်မယ်ဆိုပြီး ကျောက်ဖြူပညာရေးကောလိပ်မှာ စွမ်းရည်မြှင့်သင်တန်းပေးတယ်။ သင်တန်းပြီးတော့ အမြဲတမ်းဝန်ထမ်းခန့်မယ့်ကိစ္စလည်း ပျောက်သွားတာပဲ” ဟု တိုင်းရင်းသားစာပေသင် ဆရာမ မဖြူလေးက ပြောသည်။

ဘွဲ့ရပြီးသား တိုင်းရင်းသားစာပေသင် ဆရာ၊ ဆရာမအများစုမှာ အမြဲတမ်းဝန်ထမ်းရရှိရန်အတွက် PPTT (မူလတန်းဆရာသင်တန်း) ဝင်ရောက်ဖြေဆိုမည်ဆိုလျှင်လည်း အသက်အရွယ်ကန့်သတ်ချက်ကြောင့် အခက်အခဲရှိနေကြသည်။ 

“ကျမကတော့ အသက်ကြီးပြီဆိုတော့ PPTT လည်း လျှောက်လို့မရတော့ဘူ။ TA ဘဝနဲ့ပဲ ပိုက်ဆံတစ်သိန်းကျော်နဲ့ တစ်သက်လုံးလုပ်သွားရမယ်ထင်တယ်။ အမြဲတမ်းဝန်ထမ်းလည်း အခုထိမဖြစ်သေးဘူး” ဟု တိုင်းရင်းသားစာပေသင် ဆရာမ ဒေါ်ညိုညိုဦးက ပြောသည်။ 

တိုင်းရင်းသားစာပေသင် ဆရာ၊ ဆရာမများမှာ အစိုးရက တရားဝင်ခန့်အပ်ထားသည့် နေ့စားလပေး ဆရာ၊ ဆရာမများဖြစ်ပြီး ကနဦးတွင် တစ်ရက်လျှင် ငွေကျပ် ၄,၅၀၀ ရရှိခဲ့ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလမှစ၍ တစ်လလျှင် ငွေကျပ် တစ်သိန်းသုံးသောင်းကို ပြောင်းလဲပေးခဲ့သည်။ 

လက်ရှိခေတ်ကာလတွင် ထိုဝင်ငွေနှင့်လုံလောက်မှုမရှိသဖြင့် အမြဲတမ်းဝန်ထမ်းခန့်အပ်ပေးရန် တိုင်းရင်းသားစာပေသင် ဆရာ၊ ဆရာမများက တောင်းဆိုနေကြခြင်းဖြစ်သည်။ 

တိုင်းရင်းသားစာပေသင် ဆရာမ ဦးခင်ဌေးက “အခုလိုခေတ်ကြီးမှာ သန့်ရှင်းရေးတွေတောင် အမြဲတမ်းဝန်ထမ်းတွေ ဖြစ်တယ်။ အဲဒီထဲမှာမှ ကျမတို့က ကျောင်းပိတ်ရင်လည်း ပိုက်ဆံမရ၊ စာပြရက်မှ ပိုက်ဆံရတယ်။ ဒီလိုအခြေအနေမျိုးက အဆင်မပြေတော့ဘူး”ဟု ပြောသည်။ 

လက်ရှိ ရခိုင်ပြည်အတွင်း တာဝန်ထမ်းဆောင်နေသော တိုင်းရင်းသားစာပေသင် ဆရာ၊ ဆရာမများကို ၂၀၁၉ ခုနှစ်မှစ၍ နေ့စားလပေးအဖြစ်ခန့်အပ်ခဲ့ပြီး အမြဲတမ်းဝန်ထမ်းတိုးမြှင့်ရန်အတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိရမည်ဖြစ်ကာ ပညာရေးကောလိပ်တစ်ခုခုမှ မူလတန်းဆရာ အတတ်သင် သင်တန်းအောင်မြင်ပြီးမြောက်ရမည်ဟု သတ်မှတ်ချက်များရှိခဲ့သည်။

ယခုကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးဘထွီးစိန်ကို DMG က ဆက်သွယ်မေးမြန်းရာ “အမြဲတမ်းဝန်ထမ်းခန့်မယ့် ကိစ္စကတော့ မသိရသေးဘူး။ TA ဘွဲ့ရ ကျောက်ဖြူသင်တန်းပြီးတွေ အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်မယ်လို့ ယူဆထားတာတော့ ရှိခဲ့တယ်ထင်တယ်။ အခုတော့ အဲကိစ္စနဲ့ ပတ်သက်လို့ ညွှန်ကြားတာတစ်ခုမှမရှိဘူး” ဟု ပြောသည်။

ရခိုင်တွင် တိုင်းရင်းသားစာပေသင် ဆရာ၊ ဆရာမ (၂ ) ထောင်ကျော်ရှိသည့်အနက် ဘွဲ့ရပြီး ကျောက်ဖြူ ပညာရေးကောလိပ် (၂၅) ရက်တာ မူလတန်းဆရာအတတ်သင် သင်တန်းတက်ရောက်ထားသူ (၅၇၀) ကျော်ရှိသည်။ 

#I010