- တစ်လကျော်အတွင်း လူငယ် ၃၀ ကျော်ကို အွန်လိုင်းမှ စောင့်ကြည့်ပြီး စစ်ကောင်စီ ဖမ်းဆီးခဲ့
- ဒုက္ခသည်စခန်းများတွင် စစ်ရေးပြင်ဆင်မှုများ ရှိနေသည်ဆိုသည့် ICG ပြောကြားချက် ဘင်္ဂလားဒေ့ရှ် ငြင်းဆို
- အာရက္ခတပ်တော်ကို တိုက်ခိုက်ရန် မွတ်ဆလင်လက်နက်ကိုင်များ ဘင်္ဂလားဒေ့ရှ်တွင် လူစုနေ
- ရခိုင်တွင် စက်ပစ္စည်းရှားပါးမှုကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ထိခိုက်
- စစ်တလင်းမှ မသန်စွမ်း အမျိုးသမီးများ
ဖားကန့်တွင် နေ့စဉ်တိုက်ပွဲပြင်းထန်၊ အရပ်သားထိခိုက်သေဆုံးမှု များလာ
ကချင်ပြည်နယ်၊ ဖားကန်မြို့နယ်၊ လုံးခင်းကျေးအုပ်စုတွင် စစ်ကောင်စီနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ PDF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများပြင်းထန်နေပြီး အရပ်သား ထိခိုက်သေဆုံးမှုလည်း ဆက်တိုက်မြင့်တက်နေကြောင်း သိရသည်။
17 Jun 2025

DMG ၊ ဇွန် ၁၇
ကချင်ပြည်နယ်၊ ဖားကန်မြို့နယ်၊ လုံးခင်းကျေးအုပ်စုတွင် စစ်ကောင်စီနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ PDF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများပြင်းထန်နေပြီး အရပ်သား ထိခိုက်သေဆုံးမှုလည်း ဆက်တိုက်မြင့်တက်နေကြောင်း သိရသည်။
လုံးခင်းအုပ်စုရှိ လုံးခင်း၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းလေး၊ မှော်ဝန်းနီ၊ မှော်စီစာ၊ ကုဋေကျေးရွာတို့တွင် နေ့တိုင်း တိုက်ပွဲ ပြင်းထန်နေကြောင်း ဖားကန့်ဒေသခံများက ပြောသည်။
“ တိုက်ပွဲက နေ့တိုင်းဖြစ်နေကြတာ။ ဒီနေ့မနက်မှာလည်း မှော်စီစာဖက်မှာ တိုက်ပွဲအတော်လည်း ပြင်းထန်နေတယ်။ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားတွေ နေတိုင်း ထိခိုက် သေဆုံးမှု ရှိကြတယ်။ ဒီနေ့လည်း မှော်စီစာဖက်မှာ အရပ်သားတွေ ထိခိုက်မှုတွေ ရှိကြတယ်လို့ သိရတယ်။ ပစ်ခတ်မှုတွေဖြစ်နေတော့ အတိအကျမသိရသေးဘူး” ဟု ဖားကန့်မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
ယနေ့ နံနက်ပိုင်းတွင် ဖားကန့်မြို့နယ် မှော်စီစာနှင့် ကုဋေကျေးရွာတို့မှာ တိုက်ပွဲများ ပြင်းထန်နေပြီး ဖားကန့်မြို့လယ်ရှိ စစ်ကောင်စီ ဗျူဟာစခန်းကနေ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။
တိုက်ပွဲများပြင်းထန်မှုနှင့်အတူ ဖားကန်မြို့နယ်မှာ ယခုရက်ပိုင်းအတွင်း အရပ်သားထိခိုက်သေဆုံးမှုနှင့် ဒဏ်ရာရရှိများမှာလည်း ဆက်တိုက်များလာနေကြောင်း ပြောဆိုကြသည်။
နောက်ထပ် ဒေသခံတစ်ဦးက “ ထိခိုက်သေဆုံးမှုတွေက နေ့တိုင်းရှိတယ်။ စစ်ကောင်စီ စစ်ကြောင်းနဲ့ တွေ့ပြီး ပစ်သတ်ခံရသူ ရှိသလို လက်နက်ကြီးကျပြီး ဒဏ်ရာရကြတာလည်း ရှိတယ်။ ကျနော်တို့ဆီမှာတော့ ထိခိုက်သေဆုံးမှု စာရင်းအတိအကျတော့ မရှိဘူး။ ဒါပေမဲ့ တစ်ပတ်အတွင်းမှာတင် ထိခိုက်သေဆုံးသူနဲ့ ဒဏ်ရာရရ အနည်းဆုံး ၁၀ ယောက်လောက် ရှိနိုင်တယ် ” ဟု ပြောသည်။
ဒေသခံများ၏ ပြောကြားချက်များအရ ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ကုဋေကျေးရွာမှာ မိသားစုဝင် ၃ ဦး လက်နက်ကြီးကြောင့် ဒဏ်ရာရရှိခဲ့ကာ မှော်စီစာကျေးရွာတွင်လည်း ယနေ့ နံနက်ပိုင်းက အမျိုးသားတစ်ဦး ပစ်ခတ်ခံခဲ့ရသည်ဟု သိရသည်။
ယင်းအပြင် ဇွန်လ ၁၆ ရက်ကလည်း လုံးခင်းကျေးရွာနှင့် အောင်ရာကျေးရွာတို့တွင် ကျေးရွာသား ၂ ဦး ပစ်သတ်ခံခဲ့ရပြီး၊ ဇွန် ၁၄ ရက်ကလည်း ဘုရားကုန်းကျေးရွာသားတစ်ဦးကို စစ်ကောင်စီစစ်ကြောင်းက ပစ်သတ်ခဲ့သည်ဟု သိရသည်။
စစ်ကောင်စီသည် မိုးကောင်းအခြေစိုက် အမှတ် ၃ ခြေလျင်တပ်မဟာနှင့် ပြည်သူ့စစ်တို့ ပူးပေါင်းပြီး ဧပြီလ တတိယအပတ်ကတည်းက မိုးကောင်း-ကာမိုင်း-လုံးခင်း-ဖားကန့်လမ်းအတိုင်း စစ်ကြောင်း ထိုးကာ လုံးခင်းသို့ရောက်ရှိလာခြင်းဖြစ်သည်။