မဟာမုနိဘုရားရင်ပြင်မှ တိုင်များပြုပြင်ရန် ကျပ်သိန်းနှစ်သောင်းလို
ရခိုင်သမိုင်းတွင် ထင်ရှားကျော်ကြားသည့် မဟာမုနိဘုရားရင်ပြင်မှ အုတ်တိုင်များမှာ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ခိုင်ခံ့မှုမရှိသဖြင့် အသစ်ပြင်ဆင်နေရာတွင် အလှူငွေများလိုအပ်နေသည်ဟု ဂေါပကအဖွဲ့ထံမှသိရသည်။
10 Mar 2021

DMG ၊ မတ် ၁၀
ရခိုင်သမိုင်းတွင် ထင်ရှားကျော်ကြားသည့် မဟာမုနိဘုရားရင်ပြင်မှ အုတ်တိုင်များမှာ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ခိုင်ခံ့မှုမရှိသဖြင့် အသစ်ပြင်ဆင်နေရာတွင် အလှူငွေများလိုအပ်နေသည်ဟု ဂေါပကအဖွဲ့ထံမှသိရသည်။
အသစ်ပြန်လည်ပြင်ဆင်မှုကို မြောက်ဦးမြို့ ရတနာ့မာန်အောင်ဆရာတော်ကြီး အရှင်ဝါယာမိန္ဒမှ ဦးဆောင်ကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှစတင်ပြီး ပြုလုပ်နေကြောင်း၊ တစ်နှစ်နှင့်အပြီး ပြုလုပ်သွားမည်ဟု သိရသည်။
ဘုရားရင်ပြင်တွင်ရှိသည့် ပြင်ပေါ်တိုင် ၂၈ လုံးကို အသစ်ပြန်လည် ပြုလုပ်ရမှာဖြစ်ပြီး၊ နံရံကပ်တိုင် ၂၀ လုံး၊ အနောက်ဖက်အာရုံခံတွင် ၂၄ လုံး၊ တောင်ဖက်အာရုံခံတွင် ၈ လုံး၊ မြောက်ဖက် အာရုံခံတွင် ၈ လုံး၊ အရှေ့ဖက်အာရုံခံတွင် ၃၂ လုံးတို့ကို ပြုပြင်မွန်းမံသွားမည်ဟု ဂေါပကအဖွဲ့ ဥက္ကဌ ဦးသာလှအောင်က ပြောသည်။
“ခိုင်ခံ့မှုမရှိဘူး။ တိုင်တွေ အားလုံးက အက်ကွဲနေပါတယ်။ ဆရာတော်ကြီးမိန့်တာက ဒီဟာတွေကို မပြုပြင်ဘဲ ထားလိုက်မယ်ဆိုရင် သဘာဝဒဏ်တွေကို ခံနိုင်မှာမဟုတ်ဘူးလို့ ပြောပါတယ်။ အဲဒါကြောင့် ဆရာတော်ကြီး ဦးဆောင်ကာ ပြုလုပ်နေတာဖြစ်ပါတယ်” ဟု ဦးသာလှအောင်က ဆိုသည်။
ယင်းအပြင် ခေါင်မိုးပေါ်တွင် ပျက်စီးနေသည့် အမိုးပြားများကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အမိုးပြားများလှူဒါန်းရာတွင် ဂေါပကအဖွဲ့နှင့် ဆက်သွယ်လှူဒါန်းနိုင်သလို တိုင်ပြုလုပ်ရာတွင် ကုန်ကျငွေများကို ဆရာတော်ဘုရားကြီးမှတစ်ဆင့်လည်း လှူဒါန်းနိုင်ကြောင်းနှင့် တိုင်တစ်လုံးကို လှူဒါန်းလိုပါက မြန်မာငွေကျပ် သိန်းတစ်ရာ ကုန်ကျမည်ဖြစ်သည်။
တိုင်များအား ပြုလုပ်ရာတွင် စုစုပေါင်းကုန်ကျငွေ ကျပ် သိန်းနှစ်သောင်းခန့် ကုန်ကျနိုင်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
လက်ရှိတွင် အလှူငွေများရရှိအောင် ရင်ပြင်တွင် အလှူခံနေကာ ကားလမ်းမပေါ်တွင်လည်း ဂေါပကအဖွဲ့မှ ဦးဆောင်လျက် အလှူခံနေကြသည်။
ပြင်ပမှ အလှူရှင်များအနေဖြင့်လည်း ဆရာတော်ကြီးနှင့် ဆက်သွယ်လှူဒါန်းနိုင်သလို အလှူရှင်များအနေဖြင့်လည်း အုတ်တချပ်၊ သဲတစ်ပွင့်အနေဖြင့် ပါဝင်လှူတန်းရန် ဂေါပကအဖွဲ့မှ မေတ္တာရပ်ခံ တိုက်တွန်းထားသည်။
မဟာမုနိဘုရားရင်ပြင်ကို သူဌေးကြီးဦးရဲကျော်သူလက်ထက်တွင် ပြုပြင်မွန်းမံခဲ့ပြီး၊ ဗိုလ်ချုပ်ခင်ညွှန့် လက်ထက်တွင်လည်း တစ်ဖန်ပြန်လည်မွန်းမံခဲ့သည်ဟု သိရသည်။