မြောက်ဦးတွင် မိုင်းနင်းမိ၍ လူငယ်တစ်ဦး  ပြင်းထန်ဒဏ်ရာရ

မြောက်ဦးမြို့နယ်၊ ပန်းဖဲတန်းကျေးရွာမှ လူငယ်တစ်ဦး  ဥယျာဉ်ခြံဟောင်းသို့သွားစဉ် မိုင်းနင်းမိ၍ ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်။

By Admin 18 Jan 2023

မြောက်ဦးတွင် မိုင်းနင်းမိ၍ လူငယ်တစ်ဦး  ပြင်းထန်ဒဏ်ရာရ

DMG ၊ ဇန်နဝါရီ ၁၈

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပန်းဖဲတန်းကျေးရွာမှ လူငယ်တစ်ဦး ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် မိုင်းနင်းမိ၍ ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း မိသားစုဝင်ထံမှ သိရသည်။

ဒဏ်ရာရရှိသူမှာ အသက် (၂၂) အရွယ် ခမီတိုင်းရင်းသား ကိုကျော်ဆန်းဖြစ်သည်။ ၎င်းမှာ ယနေ့နေ့လယ်ပိုင်းက ကျေးရွာနှင့်တစ်မိုင်ခန့်ဝေးကွာသည့် ဘုရားကြီးတောင်အနီးရှိ ဥယျာဉ်ခြံဟောင်းသို့ အဖော်သုံးဦးနှင့်အတူ သစ်ခုတ်ရန်သွားစဉ် မိုင်းနင်းမိခြင်းဖြစ်သည်ဟု ဆွေမျိုးတော်စပ်သူ ဦးစိုးသူက ပြောသည်။

“ကျနော်တို့ ဥယျာဉ်မှာ သစ်ပင်တွေအကြီးကြီးရှိလို့ သုံးယောက်သွားခုတ်ကြတာ။ သူကပဲ မိုင်းနင်းမိသွားတယ်။ လူငယ်တစ်ယောက် အခုလို ဖြစ်သွားတော့ အရမ်းစိတ်မကောင်း ဖြစ်ရပါတယ်။ လူကတော့ အကောင်းဆိုပေမဲ့ အခုက မသန်စွမ်းဖြစ်သွားခဲ့ရပြီ”  ဟု ဦးစိုးသူက ပြောသည်။

မိုင်းနင်းမိမှုကြောင့် ကိုကျော်ဆန်းမှာ ညာဘက်ခြေထောက် ဒူးဆစ်အောက်မှ ပြတ်ထွက်သွားပြီး ဘယ်ဘက်ခြေထောက်မှာလည်း ပြင်းထန်ဒဏ်ရာရရှိသွားကာ မြောက်ဦးဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။

မြောက်ဦး ကရုဏာလှိုင်း သွေးလှူရှင်အသင်းမှ တာဝန်ရှိသူတစ်ဦးက “ကိုကျော်ဆန်းရဲ့ ညာဘက်ခြေထောက်ကို ဖြတ်လိုက်ရတယ်။ အခုသွေးသွင်းထားတယ်။ လူနာကတော့ သတိရပါတယ်” ဟု ပြောသည်။

လက်ရှိ မိုင်းနင်းမိသည့် ဘုရာကြီးတောင်အနီးတွင် မြောက်ဦးအခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၃၇၈ တပ်ရင်းမှ တပ်စွဲနေထိုင်နေသည့်အတွက် အဆိုပါအနီးတဝိုက်သို့ သွားလာမှုမပြုလုပ်ကြရန် မြန်မာစစ်တပ်က သတိပေးထားကြောင်း သိရသည်။

ယခုဖြစ်စဉ်သည် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲများ ရပ်တန့်ပြီးနောက်ပိုင်း ရခိုင်ပြည်အတွင်း ပထမဆုံးအကြိမ် မိုင်းနင်းမိခြင်းလည်း ဖြစ်သည်။ 

ရခိုင်ပြည်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က မြေမြုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရရှိသူဦးရေ ၁၆၂ ဦးနှင့် သေဆုံးခဲ့သူဦးရေ ၆၄ ဦးထိရှိခဲ့ကြောင်း DMG မှ ကောက်ယူထားသည့် စာရင်းအရ သိရသည်။ 

#R010

ဗီဒီယိုများ