- ဝေးလံခေါင်ဖျား မုန်တိုင်းသင့်ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ
- မုန်တိုင်းအလွန် ရခိုင်မြို့နယ်တချို့တွင် သောက်သုံးရေ အခက်ကြုံ
- မြောက်ကိုရီးယား၏ ပထမဆုံး ထောက်လှမ်းရေးဂြိုဟ်တု ဇွန်လတွင် လွှတ်တင်မည်
- မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများအတွက် အလှူငွေ ကျပ်သိန်းတစ်သောင်း AA လက်ခံရရှိထား
- ရခိုင်က မုန်တိုင်းဘေးဒဏ်ခံ ကျေးရွာအချို့တွင် တစ်ရွာလုံးအတွက် ဆန်နှစ်အိတ်နှင့် အဝတ်ထည့်ဗူးအချို့သာ အထောက်အပံ့ရရှိ
ပေါက်တော မွတ်ဆလင်ဒုက္ခသည်စခန်းတွင် မီးလောင်မှုဖြစ်၍ လူဦးရေ ၃,၇၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်
“အိမ်မီးလောင်သွားတော့ ဘာမှမရလိုက်ဘူး။ အကုန်မီးထဲပါသွားတယ်။ အခုအခက်ခဲဆုံးက နေစရာအိမ်ပဲ။ ဒီလောက်ပူပြင်းတဲ့ ရာသီဥတုရောက်မှ နေစရာမရှိဘူးဖြစ်နေတယ်။
08 May 2023

DMG ၊ မေ ၈
ရခိုင်ပြည်၊ ပေါက်တောမြို့နယ် ကြိမ်နီပြင်ကျေးရွာရှိ မွတ်ဆလင်ဒုက္ခသည်စခန်းတွင် မေလ ၇ ရက်နေ့ ညနေ ၆ နာရီခန့်က မီးလောင်မှုဖြစ်ပွား၍ နေအိမ်နှင့် တန်းလျားဆောင်များ မီးလောင်ပျက်စီးပြီး လူဦးရေ ၃,၇၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသည်။
ပေါ့ဆမီးကတဆင့် မီးလောင်ကျွမ်းခြင်းဖြစ်ပြီး တန်းလျားဆောင် ၃၅ ဆောင်နှင့် နေအိမ် ၁၅၀ ခန့် ပျက်စီးသွားကြောင်း ကြယ်နီပြင်ဒုက္ခသည်စခန်း တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုအဒူဖဒူက ပြောသည်။
“မီးလောင်မှုဖြစ်တာက ထမင်းချက်ပြီး မီးကြွင်းမီးကျန်ကနေ စပြီးလောင်ကျွမ်းတာ။ လူတွေကတော့ ထိခိုက်ဒဏ်ရာရရှိတာ မရှိဘူး။ မီးလောင်မှုကြောင့် ပျက်စီးသွားတဲ့ အိမ်တွေက လူဦးရေ ၃,၇၁၀ ဦးတို့ဟာ လောလောဆယ်မှာ တာပေါ်လင်တဲတွေထိုးပြီး ဖြစ်သလို နေထိုင်နေကြရတယ်” ဟု သူက ပြောသည်။
မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်း ၆ ထောင်ခန့်ရှိကြောင်း သိရသည်။ လက်ရှိမှာ မီးဘေးသင့်ဒုက္ခသည်များအတွက် နေအိမ်ပြန်တည်ဆောက်ရန်နှင့် စားဝတ်နေရေးအကူအညီများ အရေးပေါ်လိုအပ်နေကြောင်း မွတ်ဆလင်ဒုက္ခသည်များက ပြောဆိုကြသည်။
“အိမ်မီးလောင်သွားတော့ ဘာမှမရလိုက်ဘူး။ အကုန်မီးထဲပါသွားတယ်။ အခုအခက်ခဲဆုံးက နေစရာအိမ်ပဲ။ ဒီလောက်ပူပြင်းတဲ့ ရာသီဥတုရောက်မှ နေစရာမရှိဘူးဖြစ်နေတယ်။ နောက် မုန်တိုင်းလည်းရှိတယ်ကြားတော့ တော်တော်လေးအခက်ခဲရှိတယ်။ စားဖို့အတွက်လည်း ဘာမှမရှိတော့ဘူး” ဟု မွတ်ဆလင်ဒုက္ခသည် ကိုကျော်လှက ပြောသည်။
ကြိမ်နီပြင် မွတ်ဆလင်ဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ၁,၄၀၀ ကျော်နှင့် လူဦးရေ ၇,၀၀၀ ကျော်ရှိပြီး အဆိုပါစခန်းကို ၂၀၁၂ ခုနှစ်၊ အရေးအခင်းပြီးနောက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ရခိုင်တွင် ယခုနှစ်အစပိုင်းကပင် မီးလောင်ကျွမ်းမှုများ မကြာခဏ ဖြစ်ပေါ်နေသည့်အတွက် ပြည်သူများအနေဖြင့် မီးသုံးစွဲမှုကို အထူးသတိပြုရန် လိုအပ်နေသည်။
၂၀၂၃ ခုနှစ်တွင် ဇန်နဝါရီလမှ မေလ ၈ ရက်နေ့အထိ မီးလောင်မှု ၃၅ ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး နေအိမ် ၁၉၀ ဆောင်၊ တန်းလျားဆောင် ၃၅ ဆောင်နှင့် ဆိုင်ခန်းတစ်ချို့ပျက်စီးခဲ့ကာ ရဟန်းတစ်ပါးအပါဝင် လူ ၆ ဦး သေဆုံးမှုရှိခဲ့ကြောင်း ရခိုင်ပြည်နယ်မီးသတ်ဦးစီဌာနက ထုတ်ပြန်ထားသည်။
ရခိုင်ပြည်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ မီးလောင်မှုပေါင်း ၇၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁,၃၆၉ သိန်းကျော် အထိရှိခဲ့သည်။
#I006