- မြန်မာ စစ်ဘေးရှောင်များကို ထိုင်းအစိုးရက တရားဝင် အလုပ်ပေးမည်
- AA ထိန်းချုပ်ဒေသများတွင် အင်တာနက်ဝန်ဆောင်မှုများ ယာယီပိတ်
- စစ်ပွဲနှင့်အတူ တကျော့ပြန် ခေါင်းထောင်လာသည့် ရခိုင်ပြည်က ငှက်ဖျား
- မြောက်ဦးမြို့ ဗုံးကြဲခံရမှုတွင် ဒဏ်ရာရသူများအနက် နှစ်ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၁၄ ဦးအထိ ရှိလာ
- ငွေကြေးအဆင်မပြေ၍ စစ်ဘေးရှောင် အခမဲ့စာသင်ကျောင်းအချို့ ရပ်ထားရ
မြန်မာ စစ်ဘေးရှောင်များကို ထိုင်းအစိုးရက တရားဝင် အလုပ်ပေးမည်
ထိုင်းနိုင်ငံအတွင်း ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြသော မြန်မာနိုင်ငံသား စစ်ဘေးရှောင်များကို တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပေးရန် ထိုင်းအစိုးရက ဆုံးဖြတ်လိုက်ကြောင်း သိရသည်။
27 Aug 2025

DMG ၊ ဩဂုတ် ၂၇
ထိုင်းနိုင်ငံအတွင်း ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြသော မြန်မာနိုင်ငံသား စစ်ဘေးရှောင်များကို တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပေးရန် ထိုင်းအစိုးရက ဆုံးဖြတ်လိုက်ကြောင်း သိရသည်။
ဒုက္ခသည်စခန်းများတွင် ကာလရှည်ကြာ နေထိုင်နေကြရသည့် မြန်မာလူမျိုးများကို အလုပ်အကိုင်ရရှိရေး ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၏ တင်ပြထားမှုအပေါ် ယမန်နေ့ (ဩဂုတ် ၂၆ ) တွင် ထိုင်းအစိုးရက အတည်ပြုလိုက်ခြင်းဖြစ်သည်။
သို့သော်လည်း အဆိုပါ အတည်ပြုချက်ကို အသေးစိတ် အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ စည်းကမ်းဉပဒေများ ဆက်လက် ရေးဆွဲနေကြောင်း သိရသည်။
" အလုပ်လုပ်ကိုင်ခွင့်နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ ဥပမာ ဘယ်လိုအချက်အလက်တွေ လိုမယ်၊ ဘယ်လိုလျှောက်ထားရမယ်။ ဘယ်လုပ်ငန်းတွေမှာ လုပ်ကိုင်ခွင့်ရှိမယ်စတဲ့အချက်တွေ ထုတ်ပြန်လာဖို့တော့ မနည်းစောင့်ဆိုင်းရဦးမယ် ထင်တယ် " ဟု ထိုင်းရောက် စစ်ဘေးရှောင် ကရင်အမျိုးသားတစ်ဦးက ပြောသည်။
မြန်မာစစ်တပ်နှင့် KNU တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ၁၉၈၄ နောက်ပိုင်း ကရင်ပြည်နယ်အပါအဝင် မွန်၊ ကယားစသည့် ပြည်နယ်များမှ ဒေသခံများမှာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ စစ်ဘေးရှောင်ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။
ယင်းအချိန်က စ၍ ထိုင်းအစိုးရက နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ယာယီနေထိုင်ရာ ဒုက္ခသည်စခန်း ၉ ခုကို ယနေ့တိုင် ဖွင့်လှစ်ထားသည်။
လက်ရှိ တရားဝင်းအလုပ်လုပ်ကိုင်ခွင့်ပေးမည့် ဆုံးဖြတ်ချက်မှာ အဆိုပါ ဒုက္ခသည်စခန်း ၉ ခုတွင် နေထိုင်ကြသူများကို ဖြစ်ပြီး ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက တိမ်းရှောင်လာကြသူများ ပါ၊ မပါကို ရှင်းရှင်းလင်းလင်း မရှိရသေးကြောင်း ထိုင်းနိုင်ငံရှိ လူမှုအဖွဲ့အစည်းများက ပြောသည်။
" ကျနော်တို့ သိရသလောက်ကတော့ ဒီဒုက္ခသည်စခန်းတွေမှာ အနည်းဆုံး ၁၀ စုနှစ် တစ်ခုထိ ကာလရှည်ကြာ နေထိုင်နေကြရတဲ့သူတွေကို အဓိက ဦးစားပေးမှာလို့ သိရတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထွက်ပြေးလာတဲ့သူတွေ အဖို့တော့ နေထိုင်၊ စားသောက်ရေးနဲ့ အဖမ်းမခံရရေးအတွက် စိန်ခေါ်မှုတွေ ရှိနေအုံးမှာပဲ" ဟု ထိုင်းနိုင်ငံရောက် မြန်မာလူမှုရေးအဖွဲ့အစည်းတစ်ခုမှ အမျိုးသားတစ်ဦးက ပြောသည်။
ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်အရ အဆိုပါ ဒုက္ခသည်စခန်း ၉ ခုတွင် ၂၀၂၅ ခုနှစ် သြဂုတ်လ ၁၅ ရက်အထိ မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာသူ ၈၀,၀၀၀ ခန့် ရှိပြီး ၄၇ ရာခိုင်းနှုန်းခန့်မှာ ယင်းဒုက္ခသည်စခန်းတွင် မွေးဖွားသူများဖြစ်ကြောင်း သိရသည်။
ယင်းအထဲမှ လူဦးရေ ၄၂,၀၀၀ ခန့်ကို အလုပ်ပေးရန် ကနဦး ခန့်မှန်းထားပြီး အလုပ်လုပ်ခွင့်သက်တမ်း ၁ နှစ်ဖြစ်ကာ အလုပ်လုပ်မည့်သူများမှာ ကျန်းမာရေးစစ်ဆေးမှု ခံယူရမည်ဖြစ်ကြောင်း သိရသည်။
" အခု ထိုင်းမှာက အလုပ်သမား လိုအပ်ချက်နဲ့ ပတ်သက်ပြီး စိန်ခေါ်မှု အကြီးကြီး ရင်ဆိုင်နေရတယ်။ ဒါကြောင့် သူတို့ရဲ့ လိုအပ်ချက်ကို ဖြေရှင်းရင်း တစ်ဘက်မှာလည်း ဂရုဏာရှင်ကြီးခံယူဖို့ ဒီကိစ္စကို အတည်ပြုလိုက်တာလို့ပဲ ယူဆတယ် " ဟု မဲဆောက်တွင် နေထိုင်သော မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးက ပြောသည်။
မကြာသေးမီက ဖြစ်ပွားခဲ့သည့် ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခကြောင့် ထိုင်းတွင် အလုပ်လုပ်နေသော ကမ္ဘောဒီးယား နိုင်ငံသား ၁၄၀,၀၀၀ ကျော်မှာ လုံခြုံရေးစိုးရိမ်ချက်ဖြင့် မိခင်နိုင်ငံသို့ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း ကမ္ဘောဒီးယားအစိုးရက ထုတ်ပြန်ထားသည်။
ကမ္ဘောဒီးယားအလုပ်သမားများ ထွက်ခွာမှုကြောင့် ထိုင်းနိုင်ငံရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တို့တွင် လုပ်သားရှားပါးမှု ပြသနာကြုံတွေ့နေရပြီး ယင်းလိုအပ်ချက်ကို ဖြေရှင်းရန် ဒုက္ခသည်စခန်းက မြန်မာနိုင်ငံသားများကို အစားထိုးခြင်းဖြစ်ကြောင်း သုံးသပ်မှုရှိနေကြသည်။