မတရားအသင်းဆက်သွယ်မှုနှင့် တရားစွဲဆိုခံထားရသည့် မောင်တောဒေသခံနှစ်ဦး အမှုကို နှစ်လကျော်ကြာမှ စတင်စစ်ဆေး

မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ- ၁၇(၁)နှင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်၊ မောင်တောမြို့နယ်မှ တက္ကသိုလ်ကျောင်းသားတစ်ဦးနှင့် ဆိုင်ကယ်ကယ်ရီမောင်းသူတစ်ဦးတို့ အမှုကို နှစ်လကျော်အကြာမှ စတင်စစ်ဆေးခဲ့သည်။

By Admin 27 Jan 2023

မတရားအသင်းဆက်သွယ်မှုနှင့် တရားစွဲဆိုခံထားရသည့် မောင်တောဒေသခံနှစ်ဦး အမှုကို နှစ်လကျော်ကြာမှ စတင်စစ်ဆေး

တရားစွဲဆိုခံထားရသည့် ကိုမောင်ဆန်းဌေးနှင့် ကိုခင်ဇော်။

DMG ၊ ဇန်နဝါရီ ၂၇

မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ- ၁၇(၁)နှင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်၊ မောင်တောမြို့နယ်မှ တက္ကသိုလ်ကျောင်းသားတစ်ဦးနှင့် ဆိုင်ကယ်ကယ်ရီမောင်းသူတစ်ဦးတို့ အမှုကို နှစ်လကျော်အကြာမှ စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းအမှုတွင် တရားလိုပြသက်သေဖြစ်သည့် မောင်တောမြို့နယ်၊ အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးမှ ရဲတစ်ဦးကို ဇန်နဝါရီလ ၂၆ ရက်နေ့က မောင်တောမြို့နယ်တရားရုံးတွင် စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။

“ရုံးချိန်းမှာ ကျီးကန်းပြင်ဌာနချုပ်က တရားလိုသက်သေအဖြစ် ရဲတစ်ယောက်ရောက်တယ်။ အဲဒီရဲထွက်ဆိုခဲ့တာက သူတို့ကိုတွေ့တဲ့အခါ ဆိုင်ကယ်တစ်စီးပေါ်မှာ လူနှစ်ယောက်တွေ့တယ်။ ပြီးရင် ဖုန်းသုံးလုံး တွေ့တယ်လို့ပြောတယ်”ဟု တရားစွဲဆိုခံထားရသည့် ကိုခင်ဇော်၏ အစ်မဖြစ်သူ မနုသန်းယဉ်က ပြောသည်။

မတရားအသင်းဆက်သွယ်မှုနှင့် တရားစွဲဆိုခံထားရသူနှစ်ဦးမှာ မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာမှ အဝေးသင်တက္ကသိုလ်၊ ဒုတိယနှစ် ကျောင်းသား ကိုမောင်ဆန်းဌေး(၂၄)နှစ်နှင့် မင်္ဂလာညွှန့်ကျေးရွာမှ ဆိုင်ကယ်ကယ်ရီမောင်းသူ ကိုခင်ဇော်(၂၂)နှစ်တို့ဖြစ်ကြသည်။

၎င်းတို့နှစ်ဦးမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့က မောင်တောမြို့မှ ခမောင်းဆိပ်ကျေးရွာသို့ သွားရာတွင် အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးအနီးရှိ စစ်ဆေးရေးဂိတ်တွင် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တို့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ယင်းနောက် ရက္ခိုင့်တပ်တော်(AA)နှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဟုဆိုကာ ၎င်းတို့နှစ်ဦးကို မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ- ၁၇(၁)နှင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် မြန်မာစစ်တပ်က တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုတွင် လိုပြသက်သေနှစ်ဦးရှိပြီး တရားလိုဘက်မှ ရုံးချိန်းမလာရောက်သဖြင့် အမှုကိုမစစ်ဆေးနိုင်ဘဲ ရုံးချိန်းများ အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ရသည်မှာ နှစ်လကျော်အထိ ကြာမြင့်ခဲ့သည်ဟု တရားစွဲဆိုခံထားရသူများ၏ မိသားစုဝင်များကပြောသည်။

လက်ရှိတွင် အမှုမှ တရားလိုသက်သေတစ်ဦးကို စတင်စစ်ဆေးထားပြီး လာမည့်ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် လိုပြသက်သေနောက်တစ်ဦးကို စစ်ဆေးရန် ထပ်မံရုံးချိန်းလိုက်ကြောင်း တရားစွဲဆိုခံထားရသူများ၏ မိသားစုဝင်များထံမှ သိရသည်။

မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ- ၁၇(၁)နှင့် တရားစွဲဆိုခံထားရသည့် ကိုမောင်ဆန်းဌေးနှင့် ကိုခင်ဇော်တို့မှာ မြန်မာစစ်တပ်က စွပ်စွဲသလို AA နှင့်ပတ်သက်ဆက်နွယ်မှု တစ်စုံတစ်ရာမရှိကြောင်း မိသားစုဝင်များက အခိုင်အမာပြောဆိုကြသည်။

ယင်းအပြင် ကိုမောင်ဆန်းဌေးမှာ အဝေးသင်တက္ကသိုလ်တက်ရောက်နေသည့် ကျောင်းသားတစ်ဦးဖြစ်သဖြင့် အမြန်ဆုံး ပြန်လွှတ်ပေးစေလိုကြောင်း မိခင်ဖြစ်သူ ဒေါ်မလှစိန်က တောင်းဆိုသည်။

“ကျမတို့အနေနဲ့ ဘာပဲဖြစ်ဖြစ် သူတို့ အမြန်ဆုံးလွတ်မြောက်လာဖို့ကို မျှော်လင့်ချက်ရှိတယ်။ အခုလည်း သားက ကျောင်းတက်ချင်တယ်လို့ ပြောတာကြောင့် သားအတွက် ကျောင်းအပ်ထားတယ်။ လွတ်လာမယ်၊ မလွတ်လာဘူး ဆိုတာကတော့ မပြောတက်ဘူး”ဟု ၎င်းကပြောသည်။

၂၀၂၂ ခုနှစ်၊ ဩဂုတ်လအတွင်းမှစတင်ကာ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား ရခိုင်ပြည်အတွင်း အပြင်းအထန်ဖြစ်ပွားခဲ့သည့် တကျော့ပြန်တိုက်ပွဲများသည် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် နှစ်ဖက်နားလည်မှုဖြင့် အပစ်ရပ်ခဲ့ကြပြီး လက်ရှိတွင် တိုက်ပွဲရပ်တန့်နေသည်မှာ ၂ လအထိ ကြာမြင့်လာပြီဖြစ်သည်။

သို့သော် AA နှင့် ဆက်စပ်သည့်သံသယဖြင့် ဖမ်းဆီးခံထားရသော ဒေသခံအများအပြားမှာ လွတ်မြောက်လာခြင်း မရှိသေးသည့်အတွက် အပြစ်မရှိဘဲ ဖမ်းဆီးတရားစွဲဆိုခံထားရသူများကို အမြန်ဆုံးပြန်လွှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုကြသည်။

DMG က ကောက်ယူထားသည့်စာရင်းအရ ရခိုင်တွင်ဖြစ်ပွားခဲ့သည့် တကျော့ပြန်တိုက်ပွဲကာလအတွင်း AA နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့် ဖမ်းဆီးခံရပြီးနောက် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မများနှင့် အမှုဖွင့်ခံထားရသူ ၅၀ ဦးခန့်ရှိခဲ့သည်။

ရခိုင်တွင် တကျော့ပြန်စစ်ရေးတင်းမာနေချိန်အတွင်း စစ်ကောင်စီမှ အပြစ်မဲ့ပြည်သူ ၃၂၄ ဦးကို ဖမ်းဆီးခဲ့ပြီး ယင်းအထဲမှ ၈၅ ဦးကို ပြန်လွှတ်ပေးခဲ့ကာ ကျန် ၂၃၉ ဦးကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်သည်ဟု ရက္ခိုင့်တပ်တော်(AA)က ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောဆိုထားသည်။

#I001

ဗီဒီယိုများ