လေးမြို့မြစ်တွင် စက်လှေမှောက်၍ မိန်းကလေးတစ်ဦး ပျောက်ဆုံးနေ

ရခိုင်ပြည်၊ လေးမြို့မြစ်တွင် ယမန့်နေ့ (ဒီဇင်ဘာ ၂၅) ရက်နေ့ နံနက် ၉ နာရီခန့်က စက်လှေနစ်မြုပ်ပြီး အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေကြောင်း ဒေသခံများထံမှ သိရသည်။

By Admin 26 Dec 2022

လေးမြို့မြစ်တွင် စက်လှေမှောက်၍ မိန်းကလေးတစ်ဦး ပျောက်ဆုံးနေ

ရေနစ်ပျောက်ဆုံးနေသည့် မအေးအေးနွယ်။ (ဓာတ်ပုံ - ABN)

DMG | ဒီဇင်ဘာ ၂၆

ရခိုင်ပြည်၊ လေးမြို့မြစ်တွင် ယမန့်နေ့ (ဒီဇင်ဘာ ၂၅) ရက်နေ့ နံနက် ၉ နာရီခန့်က စက်လှေနစ်မြုပ်ပြီး အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေကြောင်း ဒေသခံများထံမှ သိရသည်။

ပျောက်ဆုံးနေသူမှာ မြောက်ဦးမြို့ အလယ်ဈေးရပ်ကွက်မှ အသက် ၁၆ နှစ် အရွယ် မအေးအေးနွယ် ဖြစ်ပြီး သူငယ်ချင်းများနှင့်အတူ အပျော်ခရီးသွားစဉ် မြက်ရိတ်ကျွန်း ကျေးရွာအနီးတွင် စက်လှေ နစ်မြုပ်သွားခြင်းဖြစ်ကြောင်း စက်လှေသမားတစ်ဦးဖြစ်သူ ကိုစောမြတ်က DMG သို့ ပြောသည်။

“ သူတို့က အပျော် ထမင်းချက်စားဖို့ဆိုပြီးတော့ သွားကြတာ။ စက်လှေ မောင်းတဲ့သူကလည်း သိပ်မ မောင်းတတ်ဘူးထင်တယ်။ သွားတော့ အဲဒီရွာနားမှာ စက်လှေ နစ်မြုပ်သွားတာ။ တခြား လူတွေကတော့ ဘာမှမဖြစ်ဘူး။ အခုတော့ ရှာနေပါတယ် ” ဟု ၎င်းကဆိုသည်။

အဆိုပါ စက်လှေတွင် မအေးအေးနွယ်နှင့်အတူ အလယ်ဈေးရပ်ကွက်မှ လူငယ် ၃ ဦး၊ မိန်းကလေး ၆ ဦးတို့လိုက်ပါခဲ့ခြင်းဖြစ်သည်။ မအေးအေးနွယ်ကို လက်ရှိတွင် ကျေးရွာသားများက ရှာဖွေနေသော်လည်း မတွေ့သေးကြောင်း ကိုစောမြတ်ကက ဆက်ပြောသည်။

“ အဲဒီစက်လှေထဲမှာ လူငယ် ၃ ယောက်ပါတယ်၊ နောက်ပြီးတော့ မိန်းကလေး ၆ ယောက်ပါတယ်။ သူ့ကိုတော့ အခုထိရှာမတွေ့သေးဘူး။ အခုက ဒီရေမြင့်တက်ချိန်ဖြစ်တော့ ဘယ်နေရာကို မျောပါသွားမှန်း မသိဘူး ” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၁ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်၊ စေတီပြင် စစ်ဘေးရှောင်စခန်း အသက်(၄၀) ကျော် အရွယ် ဦးသန်းရွှေလှိုင်မှာ စက်လှေနစ်မြုပ်ပြီး သေဆုံးခဲ့သည်။

ယင်းအပြင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၂ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်၊ ကုလားဘာကျေးရွာတွင် ရေနစ်မြုပ်ပြီး မိသားစု သုံးဦးသေဆုံးသွားခဲ့သည်။

ဗီဒီယိုများ