- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
စစ်တွေက မွတ်ဆလင် ၁,၀၀၀ ကျော်ကို စစ်ကောင်စီ စစ်သင်သန်းပေး၊ လူ ၁,၀၀၀ ထပ်တောင်းထား
ဘုမေကျေးရွာ၊ ဘာဆာကျေးရွာ၊ ဘောဒူဖဒုက္ခသည်စခန်း၊ အုန်းတောကြီးဒုက္ခသည်စခန်း စသည်တို့မှ မွတ်ဆလင် ၁,၀၀၀ ကျော်ကို ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဒကစ(စစ်တွေ)တွင် ၁၄ ရက်ကြာ စစ်သင်တန်းပေးခဲ့သည်။
11 Apr 2024

DMG ၊ ဧပြီ ၁၁
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ ကျေးရွာများနှင့် ဒုက္ခသည်စခန်းများမှ မွတ်ဆလင် ၁,၀၀၀ ကျော်ကို စစ်ကောင်စီက ပြီးခဲ့သည့် မတ်လအတွင်း အတင်းအဓမ္မခေါ်ယူကာ စစ်သင်တန်းပေးထားပြီး နောက်ထပ်လည်း လူဦးရေ ၁,၀၀၀ ထပ်တောင်းထားကြောင်း သိရသည်။
ဘုမေကျေးရွာ၊ ဘာဆာကျေးရွာ၊ ဘောဒူဖဒုက္ခသည်စခန်း၊ အုန်းတောကြီးဒုက္ခသည်စခန်း စသည်တို့မှ မွတ်ဆလင် ၁,၀၀၀ ကျော်ကို ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဒကစ(စစ်တွေ)တွင် ၁၄ ရက်ကြာ စစ်သင်တန်းပေးခဲ့သည်။
“သင်တန်းတက်ရသူတွေထဲ ရသေ့တောင်တိုက်ပွဲမှာ သေသွားတဲ့သူတွေလည်းပါတယ်။ သင်တန်းတစ်ခါပေးရင် လူ ၂၀၀ ကျော်လောက်ရှိတယ်။ အခု သင်တန်းဆင်းတဲ့သူတွေကို ပလ္လင်ပြင်ကျေးရွာမှာ ကင်းစောင့်ခိုင်းထားတာတွေ ရှိတယ်” ဟု စစ်တွေမြို့နယ်မှ မွတ်ဆလင်လူငယ်တစ်ဦးက ပြောသည်။
ယင်းအပြင် ပြီးခဲ့သည့်ရက်ပိုင်းက ရခိုင်ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး အပါအဝင် မြို့နယ်အုပ်ချုပ်မှူးတို့က မွတ်ဆလင်ကျေးရွာမှ အုပ်ချုပ်ရေးမှူးများနှင့် ဒုက္ခသည်စခန်းတာဝန်ရှိသူများအား အစည်းအဝေးခေါ်ယူပြီး စစ်မှုထမ်းရန် နောက်ထပ်လူ ၁,၀၀၀ ပေးရမည်ဟု တောင်းထားကြောင်း သိရသည်။
“နောက်ထပ်လည်း ကျေးရွာက လူ ၅၀၀ နဲ့ ဒုက္ခသည်စခန်းက လူ ၅၀၀ ပေးရမယ်ဆိုပြီးတော့ ပြောတယ်။ ကျနော်တို့မှာ အီးဒ်ဝါကျွတ်ပွဲတော်နေ့ရှိတဲ့အတွက် အဲဒီပွဲပြီးမှ စဉ်းစားပေးမယ်ဆိုပြီး ပြောထားရတယ်။ ကျနော်တို့က စစ်မှုမထမ်းချင်ဘူး။ အခုဆိုရင် စစ်ကောင်စီက စစ်တွေမြို့မှာ သွားလာခွင့်တွေ ပိတ်ထားတဲ့အတွက် ဘယ်နေရာကို ထွက်ပြေးရမလဲ မသိတော့ဘူး” ဟု ဘုမေကျေးရွာမှ မွတ်ဆလင်တစ်ဦးက ပြောသည်။
စစ်ကောင်စီသည် မွတ်ဆလင်များအား အဓမ္မစစ်မှုထမ်းခိုင်းနေသည့်အပြင် စစ်တွေမြို့နှင့် ဘူးသီးတောင်မြို့ရှိ မွတ်ဆလင်များကို “AA အလိုမရှိ”ကြောင်း ဆန္ဒဖော်ထုတ်ပွဲများ အတင်းပြုလုပ်ခိုင်းပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများဖြစ်ပေါ်အောင် သွေးထိုးလှုံ့ဆော်လျက် ရှိသည်။
ယင်းအပြင် စစ်ကောင်စီက ကျောက်ဖြူ၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့ရှိ မွတ်ဆလင်များကို အတင်းအဓမ္မ စစ်သင်တန်းပေးပြီး စစ်မြေပြင်သို့ပို့ဆောင်နေသဖြင့် ထွက်ပြေးတိမ်းရှောင်နေသူများ ရှိသည်။
ကျောက်ဖြူမြို့နယ်၊ ကျောက်တလုံးဒုက္ခသည်စခန်းမှ မွတ်ဆလင်အမျိုးသားတစ်ဦးက “ကျနော်တို့ကို မင်းတို့က နိုင်ငံသားတွေပါ၊ စစ်မှုထမ်းကိုထမ်းရမယ်၊ နိုင်ငံအတွက်အလုပ်လုပ်ပေးရမယ် ဆိုပြီးပြောတယ်။ ကျနော်တို့က စစ်ကောင်စီထံမှာ စစ်မှုမထမ်းချင်တဲ့အတွက် ထွက်ပြေးလာတာ” ဟု ပြောသည်။
မွတ်ဆလင်များကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းနေခြင်းမှာ လူမျိုးတုန်းသတ်ဖြတ်နေခြင်း ဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်နေခြင်းဖြစ်ကြောင်း မွတ်ဆလင်အရေး လှုပ်ရှားနေသူများက ပြောဆိုကြသည်။
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန် ရည်ရွယ်ချက်ဖြင့် အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ယခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် ပြဌာန်းလိုက်သည်။
စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် စစ်ကောင်စီသည် ပြည်သူများကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းနေပြီး စစ်သင်တန်ပေးကာ စစ်မြေပြင်သို့ ပို့ဆောင်လျက်ရှိသည်။