- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးဓားစာခံအဖြစ် ဖမ်းဆီးထားခြင်းကို ရှုတ်ချကြောင်း NLD ထုတ်ပြန်
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှု ၁၉ မှုဖြင့် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားသည်။ ယင်းအထဲမှ ၆ နှစ်ကို ပြီးခဲ့သည့်နှစ်က လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ပြီး ကျန်ထောင်ဒဏ် ၂၇ နှစ် ကို ကျခံနေရဆဲ ဖြစ်သည်။
19 Jun 2024

DMG ၊ ဇွန် ၁၉
စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစ၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဖမ်းဆီးအကျဥ်းချထားသည်မှာ ၃ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။
ယင်းကာလတစ်လျှောက်လုံး မိသားစုနှင့် ထောင်ဝင်စာတွေ့ခွင့်ကို ပိတ်ပင်ထားသည့်အပြင် မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကို စစ်ကောင်စီက ယနေ့အချိန်ထိ တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပေ။
“ထိုလုပ်ရပ်သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စစ်ခေါင်းဆောင်မင်းအောင်လှိုင်မှ သူရဲဘောကြောင်စွာ နိုင်ငံရေးဓားစာခံအဖြစ် ဖမ်းဆီးချုပ်နှောင်ထားခြင်း” ဟု NLD က ရှုမြင်ကြောင်း ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဉက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ကျရောက်သော ၇၉ နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုသည့် NLD ထုတ်ပြန်ချက်တွင် ဖော်ပြခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှု ၁၉ မှုဖြင့် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားသည်။ ယင်းအထဲမှ ၆ နှစ်ကို ပြီးခဲ့သည့်နှစ်က လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ပြီး ကျန်ထောင်ဒဏ် ၂၇ နှစ် ကို ကျခံနေရဆဲ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူတရပ်လုံး၏ ယုံကြည်အားကိုးသူအဖြစ် သတ်မှတ်ခံထားရဆဲဖြစ်ပြီး မြန်မာ့အရေးပြဿနာများ ပြေလည်အောင်ဖြေရှင်းရာတွင် ချန်လှပ်ထား၍မရသော အရေးပါဆုံးပုဂ္ဂိုလ်အဖြစ် NLD က ယုံကြည်ကြောင်း ဆိုသည်။
ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဥ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်နိုင်ရေးအတွက် မိတ်ဆွေနိုင်ငံများ၊ ပြည်တွင်း၊ ပြည်ပ မိတ်ဖက်အင်အားစုများက ဆက်လက်ကြိုးပမ်းအားထုတ်ပေးရန် NLD က တိုက်တွန်းထားသည်။