- "စာနာမှုစင်္ကြံ" သည် လုပ်ကြံသတင်းသာဖြစ်ဟု ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် ပြော
- တရုတ်ဖိအားနှင့် AA ၏ ကျောက်ဖြူတိုက်ပွဲ
- ရခိုင်တွင် အခြေခံစားကုန်များ နှစ်ဆကျော် ဈေးတက်၊ လက်လုပ်လက်စားများ အခက်တွေ့
- ထိုင်းနယ်စပ်တကြောကို တောက်လျှောက်သိမ်းလာသည့် KNU ၏ တကျော့ပြန်တိုက်ပွဲ
- တာဝါကုန်းစခန်း AA သိမ်းပြီးနောက် နတ်ရေကန်တိုက်ပွဲ ပြင်းထန်လာ
တရုတ်ဖိအားနှင့် AA ၏ ကျောက်ဖြူတိုက်ပွဲ
ရခိုင်ဒေသသည် တရုတ်နှင့် အိမ်းနီချင်းမဟုတ်ခြင်းမှာ ပထဝီအနေအထား အားသာချက်များကြောင့် ရှမ်းမြောက်ဒေသ၊ ကချင်ဒေသများပုံစံ အာရက္ခတပ်တော်အနေဖြင့် တရုတ်ဖိအား အပေါ် စိုးရိမ်စရာမရှိ နိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။
07 Jun 2025

DMG ၊ ဇွန် ၇
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် စတင်ခဲ့သည့် ကျောက်ဖြူကျောက်ပွဲများသည် လက်ရှိတွင် ၃ လကျော် ကြာမြင့်လာနေပြီး အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များသည် မြို့နှင့် ၆ မိုင်အနီးထိ သိမ်းပိုက်ထိန်းချုပ်ထားကြောင်း သိရသည်။
စစ်ကောင်စီ၏ အမှတ် ၃၂ ရဲတပ်ရင်းအနီး မင်းတပ်တောင်နှင့် နှမ်းဖဲတောင် ကျေးရွာအနီးရှိ ကာကင်းစခန်းများကို AA က သိမ်းပိုက်ထားပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိသူတစ်ဦး အပါအဝင်အခြား အဆင့်တပ်ဖွဲ့ဝင် အမြောက်အများ ဖမ်းဆီးရထားသည်။
လက်ရှိတိုက်ပွဲများသည် ဓညဝတီရေတပ်ဌာနချုပ်နှင့် အမှတ် (၃၂) ရဲ တပ်ရင်းအနီးတွင် ရှိနေခြင်းဖြစ်သည်။
ထိုသို့ အာရက္ခတပ်တော်၏ စစ်ရေးအောင်မြင်မှုများနှင့်အတူ အခြားတစ်ဖက်တွင်လည်း ကျောက်ဖြူတိုက်ပွဲကို ရပ်နားရန် တရုတ်က ဖိအားပေးနေကြောင်း သိရသည်။
AA အနေဖြင့် ကျောက်ဖြူ ထိုးစစ်များရပ်တန့်ရန် ပြီးခဲ့သည့် မတ်လကုန်ပိုင်းတွင် တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက ပြောဆိုခဲ့ကြောင်း ဧရာဝတီသတင်းဌာနတွင် ဖော်ပြသည်။
" ဓာတ်ငွေ့ပိုက်လိုင်းရှိတဲ့ ပျားတဲနဲ့ ကပ်သပြေရွာကြားမှာ တိုက်ပွဲကြိုကြား၊ ကြိုကြားဖြစ်တယ်။ ပြီးတော့ ဇွန် လ ၄ ရက်နေ့ မနက်ပိုင်းက ဓာတ်ငွေ့သန့်စင်တဲ့ စက်ရုံအနီးအနားမှာလည်း လက်နက်ကြီးပစ်သံနဲ့ လက်နက်ငယ် ပစ်သံတွေ ကြားရတယ် " ဟု စစ်ရေးအခြေအနေသိသူ ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
တရုတ်စီမံကိန်း ရွှေသဘာဝဓာတ်ငွေ့သန့်စင်သော (OGT) စက်ရုံသည် ကျောက်ဖြူမြို့နှင့် ၆ မိုင်ခန့်သာ အကွာအဝေးရှိပြီး ဓာတ်ငွေ့ပိုက်လိုင်းအနီးဝန်းကျင်တို့တွင် ဇွန်လ ၃ ရက်နှင့် ၄ ရက်တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဇွန် ၅ ရက်နေ့၊ ညနေပိုင်းကလည်း စစ်ကောင်စီ ရေတပ်မှ အာရက္ခတပ်တော်သိမ်းပိုက်ထားရာ နေရာများသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း သိရသည်။
တစ်ဖက်တွင် တရုတ်သည် ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ခဲ့သော ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီကြားတွေ့ဆုံ ဆွေးနွေးမှုများလုပ်ရန် ယခုနှစ် အစောပိုင်းမှစ၍ ဖိအားပေးမှုများ ဆက်တိုက်ရှိနေသည်။
တရုတ်၏ ဖိအားကြောင့် MNDAA က သိမ်းပိုက်ရရှိခဲ့သော လားရှိုးမြို့ကို စစ်ကောင်စီထံပြန်ပေးခဲ့ရသဖြင့် ကျောက်ဖြူမြို့သိမ်းတိုက်ပွဲအပေါ် တရုတ်၏ ဖိအားပေးလာမှုနှင့် ပတ်သက်၍ ဒေသခံများက စိုးရိမ်မှုများ ရှိနေကြသည်။
ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက " ဒီကိုယ့်မြို့ကို ကိုယ့်လူမျိုး၊ ကိုယ့်တပ်က သိမ်းလိုက်တာကိုတော့ အထူးတလေ ပြောစရာမလိုဘူး။ ကောင်ကျိုးတွေလည်း ရှိမှာပေါ့နော်။ မသိမ်းဘဲ ကြန့်ကြာနေမယ်ဆိုရင်တော့ ပြည်သူအတွက် ဒုက္ခများနိုင်တယ်။ ဥပမာအားဖြင့် ကျောက်ဖြူမှာ သောင်းနှင့်ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင်နေရတယ်။ စားနပ်ရိက္ခာ ကျန်းမာရေးဆိုင်ရာတွေ အဆင်မပြေကြဘူး။ ဒီကိစ္စတွေက အချိန်ကြာလာတာနဲ့အမျှ ပြည်သူတွေ တောင့်ခံနိုင်မှာ မဟုတ်ဘူး " ဟု ပြောသည်။
ကျောက်ဖြူမြို့နယ်တွင် တရုတ်နိုင်ငံ၏ မဒေးကျွန်း ရေနက်ဆိပ်ကမ်းအပါအဝင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း၊ အထူးစီးပွားရေးဇုန်နှင့် အခြားစီမံကိန်းမျာစွာရှိနေသဖြင့် အာရက္ခတပ်တော်ကို ဖိအားပေးခြင်းဖြစ်ကြောင်း ရူမြင်ကြသည်။
သို့သော်လည်း ရခိုင်ဒေသသည် တရုတ်နှင့် အိမ်းနီချင်းမဟုတ်ခြင်းမှာ ပထဝီအနေအထား အားသာချက်များကြောင့် ရှမ်းမြောက်ဒေသ၊ ကချင်ဒေသများပုံစံ အာရက္ခတပ်တော်အနေဖြင့် တရုတ်ဖိအား အပေါ် စိုးရိမ်စရာမရှိ နိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။
" တရုတ်ကတော့ တိုက်ရိုက်ဖိအားပေးလို့ မရဘူး။ ဘာလို့ဆိုတော့ ပထဝီအနေအထားအရ အာရက္ခတပ်တော် အပေါ်မှာ လွှမ်းမိုးလို့ မရဘူး။ နောက်တစ်ချက်ကတော့ ကျောက်ဖြူမြို့ရဲ့ ၇၀၊ ၈၀ ရာခိုင်နှုန်းလောက်ကို AA က အုပ်စိုးထားတဲ့အချိန်ဆိုတော့ တရုတ်အနေနဲ့ ဖိအားပေးရမှာမျိုး မဟုတ်ဘဲ သူ့အကျိုးစီးပွားကို ကာကွယ်ဖို့ဆိုရင် AA နဲ့ ဆွေးနွေးရမယ့် အနေအထားလို့ မြင်တယ် " ဟု ကျောက်ဖြူဒေသခံ နိုင်ငံရေးလေ့လာသူ လူငယ်တစ်ဦးက ပြောသည်။
ထို့အတူ ကျောက်ဖြူမြို့ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ၏ အနာဂတ်သည် အာရက္ခတပ်တော်၏ လက်ထဲကို ရောက်ရှိနေပြီဖြစ်ကြောင်း ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ (Arakan Oil Watch) (AWO) က ဧပြီ ၂၁ ရက်က ထုတ်ဝေသည့် အစီရင်ခံစာတွင် ဖော်ပြသည်။
ကျောက်ဖြူမြို့နယ်တွင် ကျေးရွာအုပ်စု ပေါင်း ၅၄ ခုအနက် ၅၀ ကို အာရက္ခတပ်တော်က ထိန်းချုပ်ထားကာ မြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ရန် စစ်ရေးအင်အား အပြည့်ရှိနေကြောင်းလည်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြသည်။
ရခိုင်ပြည်တွင် မြို့နယ် ၁၇ ခုအနက် ၁၄ မြို့နယ်ကို AA က သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ကောင်စီက ကျောက်ဖြူ၊ စစ်တွေနှင့် မာန်အောင်မြို့များကိုသာ ထိန်ချုပ်ထားသည်။