- စစ်ကောင်စီနှင့် အေအေ ပါဝင်သည့် ပူးပေါင်းတပ်တို့ ရေကြည်အမြောက်တပ်အနီးတွင် တိုက်ပွဲပြင်းနေ
- စစ်ပြေးလက်ခံထားသည့် စွပ်စွဲချက်ဖြင့် ကျောက်ဖြူမြို့ခံ လေးဦးကို စစ်ကောင်စီ ဖမ်းဆီး
- တိုက်နေသူများ မပါဝင်သည့် "ငြိမ်းချမ်းရေးဖိုရမ်"ကို စစ်ကောင်စီ ကျင်းပခဲ့
- စစ်တကောင်းဆိပ်ကမ်းနှင့် ရခိုင်စာနာမှုစင်္ကြံကိစ္စ ဘင်္ဂလားဒေ့ရှ်မှာ ကန့်ကွက်ဆန္ဒပြ
- မြန်မာနယ်စပ်အနီးထိ ရောက်မည့် မီဇိုရမ် ရထားလမ်းသစ်အတွက် ကွင်းဆင်းလေ့လာမှု ပြီးစီး
ပေါက်တောမြို့အတွင်း ပိတ်မိနေသူများ အကူအညီလိုအပ်နေ
ပိတ်မိနေသူဦးရေကို အတိအကျသိရှိရန် ခဲယဉ်းနေပြီး ပိတ်မိနေသူများ၏ ပြောဆိုချက်အရ ရာဂဏန်းထိရှိကြောင်း သိရသည်။ ယင်းထဲတွင် ကျန်းမာရေး မကောင်းဖြစ်နေသူများလည်း ပါဝင်သည်။
17 Nov 2023

DMG ၊ နိုဝင်ဘာ ၁၇
ရခိုင်ပြည်၊ ပေါက်တောမြို့ကို စစ်ကောင်စီက ရဟတ်ယာဉ်အပါအဝင် နေဗီကနေ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်နေ၍ ယမန်နေ့ကစပြီး လူဦးရေသောင်းနှင့်ချီမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။ သို့သော်လည်း ပန်းသီး၊ ဘဝမ်း၊ ရပ်ကွက် (၁) (၂) (၃) ၊ ဗိုလ်တထောင်၊ ချောင်းဖျား ရပ်ကွက်များအတွင်း ဒေသခအချို့ ပိတ်မိနေသေးပြီး အရေးပေါ်အကူညီများ လိုအပ်နေကြောင်း သိရသည်။
ပိတ်မိနေသူဦးရေကို အတိအကျသိရှိရန် ခဲယဉ်းနေပြီး ပိတ်မိနေသူများ၏ ပြောဆိုချက်အရ ရာဂဏန်းထိရှိကြောင်း သိရသည်။ ယင်းထဲတွင် ကျန်းမာရေး မကောင်းဖြစ်နေသူများလည်း ပါဝင်သည်။
“ကျနော်တို့ကို သက်ဆိုင်ရာလူမှုကူညီရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့ ကူညီပေးစေချင်တယ်။ အခုက အပြင်ကိုလည်း ထွက်လို့မရဘူး။ လူတွေကိုမြင်တာနဲ့ စစ်သားတွေကပစ်တယ်” ဟု ပိတ်မိနေသူတစ်ဦးက ပြောသည်။
လတ်တလောတွင် စစ်ကောင်စီက မြို့တွင်းနေရာအနှံ့အတွင် နေရာယူထားသည့်အတွက် အပြင်သို့ထွက်ရန် အခက်အခဲရှိနေကြောင်း ပေါက်တောမြို့ ရပ်ကွက်တစ်ခုတွင် ပိတ်မိနေသူတစ်ဦးက ပြောသည်။
“ဒီလောက်ထိ ဆိုးဆိုးဝါးဝါး ဖြစ်လာမယ်လို့ မထင်ထားဘူး။ အခု ကျနော်တို့ ထွက်လို့မရတော့ဘူး။ စစ်သားတွေက မြို့ဝင်၊ မြို့ထွက်ပေါက်တွေကိုလည်း ပိတ်ထားတယ်လို့ ပြောသံကြားတယ်။ အပြင်ကိုလည်း ထွက်မကြည့်ရဲဘူး” ဟု ၎င်းက ဆိုသည်။
ပေါက်တောမြို့နေရာအနှံ့တွင် စစ်ကောင်စီတပ်သားများ နေရာယူထားပြီး ဒေသခံများအား ပစ်ခတ်မှုများရှိသည်ဟု ပြောဆိုချက်နှင့်ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။
ပေါက်တောမြို့ပေါ်တွင် နိုဝင်ဘာ ၁၆ ရက်နေ့က လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုနှင့် စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ သေဆုံး၊ ဒဏ်ရာရရှိသူ အနည်းဆုံး ၂၀ ဦးခန့်ရှိသည်။
ပေါက်တောမြို့တွင် လတ်တလော အခြေအနေအရ စစ်ကောင်စီနှင့် AA တို့ စစ်ရေးတင်းမာနေပြီး လောကထိပ်ပန်ဘုရားတွင် စစ်ကောင်စီက ဒေသခံ ၁၀၀ ကျော်ကို ဖမ်းဆီးထားကြောင်း သတင်းများ ထွက်ပေါ်နေသည်။
#D002 #DMG