ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ

ရခိုင်ပြည်၊ မြေပုံမြို့နယ်က အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့သည့်အမှုတွင် အာမခံဖြင့် လွတ်မြောက်နေသည့် ကျူးလွန်သူကို တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (DLEPS)မှ ပြန်လည်ဖမ်းဆီးခဲ့ပြီး ၎င်းအား အာမခံပေးခဲ့သည့် တရားသူကြီးကိုလည်း စစ်ဆေးနေကြောင်း သတင်းရရှိသည်။

By Admin 03 Jul 2025

ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ

DMG ၊ ဇူလိုင် ၃

ရခိုင်ပြည်၊ မြေပုံမြို့နယ်က အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့သည့်အမှုတွင် အာမခံဖြင့် လွတ်မြောက်နေသည့် ကျူးလွန်သူကို တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (DLEPS)မှ ပြန်လည်ဖမ်းဆီးခဲ့ပြီး ၎င်းအား အာမခံပေးခဲ့သည့် တရားသူကြီးကိုလည်း စစ်ဆေးနေကြောင်း သတင်းရရှိသည်။

"မီဒီယာတွေကနေတဆင့် တရားမျှတမှုရရှိရေး တောင်းဆိုတဲ့ ဖိအားတွေကြောင့် တရားသူကြီးကို စစ်ဆေးနေတာလို့ ယူဆရတယ်။ အမှုစစ်ဆေးနေတဲ့အချိန်မှာပဲ တရားသူကြီး အပြောင်းအလဲဖြစ်တော့ အသစ်ရောက်လာတဲ့ တရားသူကြီးက အမှုကိုသေချာမစစ်ဘဲ အာမခံပေးလိုက်တယ်လို့ သိရတယ်" ဟု နစ်နာသူ အမျိုးသမီးဘက်မှ လိုက်ပါကူညီပေးနေသည့် အမျိုးသားတစ်ဦးက DMG ကိုပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လ ၂၀ ရက် ည ၆ နာရီကျော်တွင် အသက် ၂၀ ကျော်အရွယ် အမျိုးသမီးမှ မိမိနေအိမ်ခြံဝင်းရှိ အိမ်သာသို့သွားစဉ် အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးက အနီးရှိ ဘတ်ဟိုးကျင်းထဲသို့ ဆွဲခေါ်ကာ အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့သည်။

ထိုအခြေအနေကို ကျေးရွာသားတစ်ဦးက မြင်တွေ့သွားသဖြင့် အဓမ္မပြုကျင့်ရန်ကြိုးပမ်းသူ ထွက်ပြေးရာတွင် ကျေးရွာသားများက ဝိုင်းဝန်းဖမ်းဆီးကာ သက်ဆိုင်ရာအာဏာပိုင်ထံ အပ်နှံခဲ့ကြသည်။

အဆိုပါအမှုကို နစ်နာသူအမျိုးသမီး၏ မိသားစုဝင်များက ပုဒ်မ-၃၂၅ (အပြင်းအထန်နာကျင်စေမှု)၊ ပုဒ်မ- ၄၅၂ (ပြင်ဆင်၍အိမ်ကျော်နင်းမှု)၊ ပုဒ်မ-၃၀၇ (လူသတ်မှုကျူးလွန်ရန် အားထုတ်ခြင်း)တို့ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။ သို့သော် တရားရုံးက ပုဒ်မ-၃၅၄ (မိန်းမကာယိန္ဒြေပျက်စီးစေရန် ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း) အမှုဖြင့် ကျူးလွန်သူကို အာမခံပေးခဲ့သည်။

အဆိုပါအမှုမှာ တစ်နှစ်ကျော်ကြာသော်လည်း တစ်စုံတစ်ရာ ထူးခြားမှုမရှိသဖြင့် နစ်နာသူ အမျိုးသမီးဘက်မှ ကျူးလွန်သူကို ထိရောက်သော ပြစ်ဒဏ်ပေးနိုင်ရန် မီဒီယာများမှတစ်ဆင့် တောင်းဆိုခဲ့သည်။

မီဒီယာများမှ သတင်းဖော်ပြခဲ့ပြီးနောက် အာမခံဖြင့်လွတ်မြောက်နေသည့် ကျူးလွန်သူအမျိုးသားကို အာရက္ခပြည်သူ့အစိုးရ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (DLEPS)မှ ပြန်လည်ဖမ်းဆီးခဲ့ကာ တရားသူကြီးကိုလည်း စစ်ဆေးမှုများရှိလာခဲ့သည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးများအပေါ် လိင်ပိုင်းအကြမ်းဖက်မှုကျူးလွန်ပြီး ကင်းလွတ်ခွင့်ရရှိနေမှုများကို အဆုံးရန်လိုအပ်ကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူများက ထောက်ပြပြောဆိုကြသည်။

"ကျူးလွန်သူ (သို့) ကျူးလွန်ဖို့ ကြိုးစားသူဟာ အာဏာပါ၀ါရှိသူနဲ့ မျိုးမကင်း၊ ဆွေမကင်းလို အနေအထားမျိုး ဖြစ်နေရင် နောက်ဒီလိုကျူးလွန်မှုတွေကို ထုတ်ဖော်ပြောဆိုလာမဲ့ အမျိုးသမီးတွေအတွက် ထပ်မံထုတ်ဖော် မပြောဆိုရဲတော့အောင်ဖြစ်စေမဲ့ အရာတွေဖြစ်သလို ကျူးလွန်သူတွေအနေနဲ့ကလည်း "ငါတို့ ဘာလုပ်လုပ် ရတယ်"ဆိုတာမျိုးနဲ့ တာ၀န်ယူမှု၊ တာ၀န်ခံမှု တစုံတရာလုပ်ဖို့မလိုတဲ့ အစဉ်အလာတခုကို ဖန်တီးပေးလိုက်သလို ဖြစ်လာမှာကိုတော့ ကျမတို့တွေအနေနဲ့ တကယ့်ကိုစိတ်ပူရတယ်" ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ၏ အထွေထွေအတွင်းရေးမှူး နော်ခင်စန်းထွေးက ပြောသည်။

ရခိုင်ပြည်အတွင်းက မြို့နယ်အများစုကို သိမ်းပိုက်ထားသည့် ULA/AA က တရားစီရင်ရေးကဏ္ဍကို ကိုင်တွယ်ဖြေရှင်းပေးနေသော်လည်း အားနည်းချက်များစွာရှိနေသေးကြောင်း ထောက်ပြဝေဖန်မှုများ ရှိနေသည်။

လက်ရှိ မြေပုံမြို့နယ်က အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့သည့်အမှုတွင်လည်း နစ်နာသူ အမျိုးသမီးအတွက် တရားမျှတမှုရရှိရန် မိသားစုဝင်များက မျှော်လင့်နေကြသည်။