- အင်္ဂပူက ကျေးရွာနှစ်ခုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
- ပြည်တွင် အဖမ်းခံရသည့် ရခိုင်အချို့ စစ်မှုထမ်းအပို့ခံရ
- ပို့ကုန်ရငွေကျန်သည့် ကုမ္ပဏီ ၁၉၇ ခုကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်း
- မြန်မာအပေါ် ဆင်နွှဲတဲ့ ထရမ့်ရဲ့ စစ်ပွဲ
စစ်တွေမြို့မှထွက်ရှိသည့် အမှိုက်များကို နေရာပြောင်းရွှေ့စွန့်ပစ်ရန် စီစဉ်နေ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ထွက်ရှိသည့်အမှိုက်များကို လက်ရှိစွန့်ပစ်နေသည့် စက်ရုံစုရပ်ကွက်၊ အာကျိတ်တော်ကုန်းပေါ်ရှိ အမှိုက်ပုံ၌မဟုတ်ဘဲ အခြားနေရာတွင်စွန့်ပစ်ရန် စီစဉ်ထားကြောင်း စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
28 Dec 2020
သက်ပိုင် | DMG
ဒီဇင်ဘာ ၂၈ ၊ စစ်တွေ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ထွက်ရှိသည့်အမှိုက်များကို လက်ရှိစွန့်ပစ်နေသည့် စက်ရုံစုရပ်ကွက်၊ အာကျိတ်တော်ကုန်းပေါ်ရှိ အမှိုက်ပုံ၌မဟုတ်ဘဲ အခြားနေရာတွင်စွန့်ပစ်ရန် စီစဉ်ထားကြောင်း စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
လက်ရှိစွန့်ပစ်နေသည့်အမှိုက်ပုံအနီးတွင် လူနေအိမ်များ၊ ကျူးကျော်များ တိုးလာနေပြီး အမှိုက်များမှာလည်း ပွားများလာခြင်းကြောင့် အမှိုက်ကျင်းနေရာပြောင်းရွှေ့ရန် စီစဉ်နေခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးကပြောသည်။
ထို့သို့ အမှိုက်များစွန့်ပစ်ရန်အတွက် စစ်တွေမြို့နယ်၊ မှန်စီကျေးရွာ၌ရှိသော ဘာသာပေါင်းစုံသုဿန်မြေမှ မြေ ၂၅ ဧကကိုလျာထားကြောင်း၊ သင်္ဂနက်ကျေးရွာနှင့် ဆက်ရိုးကျကျေးရွာကြားရှိ လယ်မြေအချို့တွင် အမှိုက်ကျင်း ပြုလုပ်ရန်လျာထားကြောင်း ၎င်းကဆိုသည်။
“မှန်စီရွာဘက်က သုဿန်မှာတော့ အချို့ကိုအမှိုက်ကျင်းလုပ်ပြီးတော့ ကျန်တာကို သုဿန်အတွက် အသုံးပြုဖို့ လျာထားတယ်။ ဒါပေမယ့် သွားရေးလာရေးနည်းနည်းခက်ခဲတော့ လူကြီးတွေစဉ်းစားနေကြတာဖြစ်မယ်။ ဆတ်ရိုးကျဖက်ကျတော့ လယ်မြေတွေဝယ်ရမယ်၊ လမ်းတွေပြင်ရအုံးမယ် ကျန်ကျစရိတ်တွေတော့ရှိတာပေါ့၊ သုဿန်ထက်တော့ပိုနီးတာပေါ့” ဟု ဦးကျော်မိုးက ရှင်းပြသည်။
သန့်မြန်မာအဖွဲ့၏ မန်နေးဂျင်းဒါရိုက်တာ ဒေါ်သက်သက်ထွေးကမူ လူနေထူထပ်မှုများပြားလာသည့်အတွက် အမှိုက်များ ပိုမိုဖောင်းပွလာကာ အမှိုက်စွန့်ပစ်သည့်နေရာ မလုံလောက်မှုများဖြစ်ပေါ်လာသဖြင့် သြော်ဂဲနစ် အမှိုက်များကိုခွဲထုတ်ကာ စွန့်ပစ်ခြင်းများ ပြုလုပ်သင့်ကြောင်း အကြုံပြုသည်။
“စစ်တွေမှာဆိုရင် အမှိုက်တွေရဲ့ ၆၀ ရာခိုင်နှုန်းလောက်က သြော်ဂဲနစ်အမှိုက်တွေဖြစ်တယ်။ ဒါတွေကိုခွဲထုတ်ပြီး သြော်ဂဲနစ်အမှိုက်တွေကို သပ်သပ်စွန့်ပစ်လိုက်ရင် အမှိုက်ပုံမြေနေရာကိစ္စက တော်တော်လေးဖြေရှင်းနိုင်ပါ လိမ့်မယ်။ ဒီလိုလုပ်ဖို့ဆိုရင် ပြည်သူတွေကိုယ်တိုင်ကလည်း အမှိုက်တွေကို စနစ်တကျခွဲပြီး စွန့်ပစ်ပေးဖို့လိုပါ လိမ့်မယ်” ဟု ၎င်းကပြောသည်။
လက်ရှိ အာကျိတ်တော်ကုန်းမှ အမှိုက်ကျင်းအနီးပတ်ဝန်းကျင်၌ လူနေရပ်ကွက်များ၊ ဘုန်းတော်ကြီးကျောင်းများ ရှိနေပြီး တိုက်ပွဲကြောင့်နေရပ်စွန့်ခွာထွက်ပြေးလာကြသည့် စစ်ဘေးရှောင်များမှာလည်း ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံလျှက်ရှိနေသည်။
ယင်းအမှိုက်ကျင်းအနီးနေထိုင်လျှက်ရှိသူများမှာ အမှိုက်ပုံမှထွက်ရှိသော အနံ့များကို ရှူရှိုက်နေရခြင်းကြောင့် ကျန်းမာရေးထိခိုက်မှုများ ဖြစ်ပေါ်နေသည်ဟု ဆိုကြသည်။
“မိုးတွင်းဆိုရင် အမိုက်ပုံကအနံ့တွေ မတရားနံတယ်။ ယင်ကောင်တွေလည်း တအားရောက်တယ်။ ယင်ကောင်တွေရောက်လွန်းလို့ ထမင်းစားရင်တောင် ခြင်ထောင်ထဲဝင်ပြီးစားရတယ်။ ပွင့်လင်းရာသီရောက်ရင် အမှိုက်ပုံကိုမီးရှို့ကြတာတွေရှိတော့ အဲကမီးခိုးတွေကြောင့် ဆေးခန်းပြရတဲ့လူတွေလည်းရှိတယ်” ဟု စက်ရုံစု(၁) ရပ်ကွက် ကယ်ဆယ်ရေးစခန်းတွင်နေထိုင်သည့် ဦးမောင်ဇံက ပြောသည်။
ထိုသို့ အမှိုက်မီးလောင်ခြင်းမှာ အပူရှိန်ကြောင့်လောင်ကျွမ်းခြင်းနှင့် အမှိုက်လာရောက် ကောက်ယူသူများမှ မီးရှို့ခဲ့သည့်အတွက် လောင်ကျွမ်းရခြင်းဖြစ်ကြောင်း စစ်တွေမြို့စည်ပင်သာယာရေးအဖွဲ့က ဆိုသည်။ သို့သော် အမှိုက်လာရောက်ကောက်ယူနေသူများကမူ ၎င်းတို့မှမီးရှို့မှုများရှိသလို စည်ပင်ကလည်း မီးရှို့သည်များရှိကြောင်း ဆိုကြသည်။