ရခိုင်တွင် မုန်တိုင်းကြောင့်ပျက်စီးသွားသည့် စာသင်ကျောင်းများထဲမှ ကျောင်းပေါင်း ၂၀၀ ကျော်မှာ ပြုပြင်နေရဆဲ

ရခိုင်ပြည်တွင် မုန်တိုင်းကြောင့်ပျက်စီးသွားသည့် အခြေခံပညာစာသင်ကျောင်းများထဲမှ စာသင်ကျောင်းဆောင် ၂၇၀ ကို ပြုပြင်နေဆဲဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးက ပြောသည်။ 

By Admin 29 Jul 2023

မုန်တိုင်းကြောင့်ပျက်စီးသွားသည့် ရသေ့တောင်မြို့နယ်၊ ကံပြင်ကျေးရွာက စာသင်ကျောင်း။
မုန်တိုင်းကြောင့်ပျက်စီးသွားသည့် ရသေ့တောင်မြို့နယ်၊ ကံပြင်ကျေးရွာက စာသင်ကျောင်း။

DMG ၊ ဇူလိုင် ၂၉

ရခိုင်ပြည်တွင် မုန်တိုင်းကြောင့်ပျက်စီးသွားသည့် အခြေခံပညာစာသင်ကျောင်းများထဲမှ စာသင်ကျောင်းဆောင် ၂၇၀ ကို ပြုပြင်နေရဆဲဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံး၏ စာရင်းအရ သိရသည်။

မုန်တိုင်းကြောင့် မြို့နယ် ၁၀ ခုတွင် အခြေခံပညာစာသင်ကျောင်းဆောင် ၁,၅၃၈ ဆောင် ပျက်စီးခဲ့သည့်ထဲမှ ဇူလိုင်လ ၂၈ ရက်နေ့အထိ စာသင်ကျောင်း ၁,၂၆၇ ဆောင်မှာ ပြုပြင်ပြီးဖြစ်ကာ စာသင်ကျောင်း ၁ ကျောင်းမှာ ပြုပြင်နိုင်ခြင်းမရှိသေးဟု ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က ပြောသည်။

“မနေ့ကအထိ ဆောက်လုပ်နေဆဲ စာသင်ကျောင်း ၂၇၀ ရှိတယ်။ ဘူးသီးတောင်မြို့နယ် ကျောက်စာတိုင်က မူလွန်ကျောင်းတော့ လုံခြုံရေးကြောင့် မဆောက်လုပ်နိုင်သေးဘူး။ တခြားကျောင်းတွေမှာ ကုမ္ပဏီတွေက ဆောက်လုပ်နေကြပြီ။ လမ်းခရီးအခက်အခဲကြောင့် ကုမ္ပဏီတွေ မရောက်နိုင်သေးတဲ့ ကျောင်းတွေကလည်း ရှိနိုင်သေးတယ်” ဟု ဦးဘထွီးစိန်က ပြောသည်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် စာသင်ကျောင်းများထဲတွင် လုံးဝပျက်စီးသွားသည့် ကျောင်းဆောင်များရှိ၍ ယာယီအစားထိုး စာသင်ဆောင် ၁၄၄ ဆောင်ဖြင့် သင်ကြားပေးနေရကြောင်း သိရသည်။

မြို့ပေါ်နှင့် အလှမ်းဝေးသည့် ဒေသများတွင် သွားလာရေးအခက်အခဲကြောင့် ဆောက်လုပ်ပြုပြင်မှုအပိုင်းမှာ တိုးတက်မှု နှေးနေသေးသည်ဟု ပြည်နယ်စစ်ကောင်စီမှ ဇူလိုင်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

“လုံးဝပျက်သွားလို့ ယာယီအစားထိုးဆောင် ၁၄၄ ရှိတယ်။ တချို့မြို့၊ ရွာတွေမှာ ပျက်စီးကျောင်းဆောင်တွေ ပြုပြင်ဆဲမို့ သင့်ရာအဆောက်အဦတွေမှာ စာသင်ကြားနေရတာတွေ ရှိဆဲပေမဲ့ သင်ကြားမှုအရှိန်အဟုန် ပျက်မသွားဘူးလို့ သိရတယ်” ဟု ထုတ်ပြန်ထားသည်။

မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ကျောင်းဆောင်များကို ပြန်လည်ပြုပြင်ပေးခြင်း မရှိသေး၍ ကျောင်းဆောင်ဟောင်းတွင် အဆင်ပြေသလို သင်ကြားနေရသည်ဟု ကျောက်တော်မြို့နယ်၊ လမ်းပိုက်ခွင်ကျေးရွာမှ မူ(လွန်)ကျောင်းအုပ်ဆရာကြီး ဦးစိန်ဝင်းမောင်က ပြောသည်။

“မုန်တိုင်းကြောင့် ကျောင်းဆောင်က ပျက်စီးသွားတဲ့အတွက် နိုင်ငံခြားအဖွဲ့အစည်းတစ်ခုနဲ့ ကျေးရွာက ပူးပြီးဆောက်လုပ်ထားကြတဲ့ ကျောင်းဆောင်ဟောင်းတစ်ခုမှာ အဆင်ပြေသလို သင်ကြားနေကြရတယ်။ ပျက်စီးသွားတဲ့ ကျောင်းဆောင်ကတော့ ပြန်ဆောက်ပေးတာမျိုး မရှိသေးဘူး။ မြို့နယ်ပညာရေးမှူးရုံးမှာတော့ တင်ပြထားတယ်” ဟု သူကပြောသည်။

လမ်းပိုက်ခွင်ကျေးရွာရှိ အခြေခံပညာ မူ(လွန်)စာသင်ကျောင်းတွင် ပင်မကျောင်းဆောင်မှာ လုံးဝပျက်စီးသွားပြီး ယခုအချိန်ထိ ပြုပြင်ပေးခြင်းမရှိသေး၍ ကျောင်းသား ၅၀ ကျော်ခန့်မှာ အဆင်ပြေသလို ပညာသင်ကြားနေရကြောင်း သိရသည်။

ရသေ့တောင်မြို့နယ် ချိန်ခါလိမ်ကျေးရွာက မူ(လွန်)ကျောင်းတွင်လည်း အခေါင်မိုးများ ပျက်စီးသွား၍ လက်ရှိတွင် တာပေါ်လင်စဖြင့် အမိုးအကာပြုလုပ်ပြီး စာသင်ကြားနေရသည့်အတွက် မိုးရွာလျှင် အခက်အခဲဖြစ်ရသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းတင်စိုးက ပြောသည်။

“ကျောင်းက အခေါင်မိုးတွေ ပျက်စီးသွားတော့ လက်ရှိမှာ တာပေါ်လင်တွေမိုးပြီး စာသင်ကြားနေကြရတယ်။ မိုးရွာရင် အဆင်မပြေကြဘူး။ မိုးယိုတာတွေ ရှိတယ်။ အစိုးရဆီကလည်း ပြန်ဆောက်ပေးတာ မရှိသေးဘူး။ အစိုးရမှာလည်း အပျက်အစီးများတော့ လိုက်မမှီသေးတာလည်း ဖြစ်နိုင်တယ်” ဟု သူကပြောသည်။

လက်ရှိတွင် မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ကျောင်းဆောင်များမှာ ပြုပြင်ဆောက်လုပ်ခြင်း မပြီးစီးနိုင်သေးသည့်အတွက် နှစ်သုတ်ခွဲပြီးတက်နေကြသည့် ကျောင်းများလည်း ရှိကြသည်။

မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်တွင် ဇူလိုင်လ ၂၈ ရက်နေ့ထိ ကျောင်းအပ်နှံထားသည့် ကျောင်းသား/သူဦးရေ ၅၆၉,၉၃၃ (ငါးသိန်းခြောက်သောင်းကိုးထောင့်ကိုးရာသုံးဆယ့်သုံးယောက်)ရှိသည်ဟု ပြည်နယ်ပညာရေးမှူးရုံး၏ စာရင်းအရ သိရသည်။

#I006