- တစ်လကျော်အတွင်း လူငယ် ၃၀ ကျော်ကို အွန်လိုင်းမှ စောင့်ကြည့်ပြီး စစ်ကောင်စီ ဖမ်းဆီးခဲ့
- ဒုက္ခသည်စခန်းများတွင် စစ်ရေးပြင်ဆင်မှုများ ရှိနေသည်ဆိုသည့် ICG ပြောကြားချက် ဘင်္ဂလားဒေ့ရှ် ငြင်းဆို
- အာရက္ခတပ်တော်ကို တိုက်ခိုက်ရန် မွတ်ဆလင်လက်နက်ကိုင်များ ဘင်္ဂလားဒေ့ရှ်တွင် လူစုနေ
- ရခိုင်တွင် စက်ပစ္စည်းရှားပါးမှုကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ထိခိုက်
- စစ်တလင်းမှ မသန်စွမ်း အမျိုးသမီးများ
မင်းပြား ရွှေကျန် ထ(ခွဲ)နှင့် ကြိမ်ချောင်း အ.ထ.က တို့တွင် ကျောင်းသားများ စာသင်ကြားရန် ခက်အခဲရှိနေ
ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ရွှေကျန်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် Grade 11 စနစ်သစ်အတန်းကို စာသင်ကြားရန် အဆောင်မရှိဖြင့် ကျောင်းသားများ အခက်အခဲဖြစ်နေရသလို ကြိမ်ချောင်း အ.ထ.က ကျောင်းတွင်လည်း စာသင်ကြားရန် အခက်အခဲများ ရှိနေကြာင်း သတင်းရရှိသည်။
12 Jun 2022

DMG ၊ ဇွန် ၁၂
ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ရွှေကျန်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် Grade 11 စနစ်သစ်အတန်းကို စာသင်ကြားရန် အဆောင်မရှိဖြင့် ကျောင်းသားများ အခက်အခဲဖြစ်နေရသလို ကြိမ်ချောင်း အ.ထ.က ကျောင်းတွင်လည်း စာသင်ကြားရန် အခက်အခဲများ ရှိနေကြာင်း သတင်းရရှိသည်။
အဆိုပါ ကျောင်းတွင် Grade 10 အတွက် ကျောင်းဆောင် တဆောင်သာရှိပြီး Grade 11 စနစ်သစ်အတွက်မူ ပညာရေးဝန်ကြီးဌာနက ကျောင်းဆောင်သစ်များ ချပေးထားခြင်းမရှိသေးသဖြင့် စာသင်ရန် အခက်အခဲရှိနေခြင်းဖြစ်ကြောင်း ကျောင်းတာဝန်ရှိသူများထံမှ သိရသည်။
လတ်တလော၌ စနစ်သစ် Grade 11 ကို သင်ကြားနေသည့် ကျောင်းသူ၊ ကျောင်းသား (၁၈) ဦးရှိပြီး ၎င်းတို့စာသင်ရန်အတွက် ကျောင်းဆောင်မရှိသဖြင့် တာပေါ်လိန်စမိုးပြီး သွပ်ပြားအဟောင်းများကာရန် ဆောက်လုပ်ထားသည့် ယာယီ ကိုယ်ထူကိုယ်ထအခန်းငယ်တခု၌ စာသင်နေရကြောင်း ရွှေကျန် အ.ထ.က(ခွဲ)ကျောင်းမှ တာဝန်ခံ ဆရာဦးစိုးမြင့်က DMG သို့ ပြောသည်။
“ စနစ်သစ်အတွက် ကျောင်းဆောင်ကို အစိုးရက မချပေးဘူး။ အခုဆောက်ထားတဲ့ အဆောင်ငယ်ကလည်း ကျနော်တို့နဲ့ ကျောင်းသားမိဘတွေက ကိုယ်နိုင်သလောက်ကူပြီး တာပေါ်လင်စတွေ၊ သွပ်တွေနဲ့ ဆောက်ထားတဲ့ အဆောင်ပါ။ ဒါကလည်း လက်ရှိ ကျောင်းသားတွေလောက်ပဲ ဆန့်တယ်။ ကျောင်းသား အသစ်တွေကလည်း ထပ်ရောက်လာနိုင်သေးတော့ သူတို့ရောက်လာရင် ဘယ်လိုမှ အဆင်မပြေတော့ဘူး။ အခုတောင် မိုးအရမ်းကြီးတဲ့ နေ့တွေဆိုရင် ကျောင်းက ပိတ်ချင်လည်း ပိတ်ထားရမယ့် အနေအထားရှိတယ် ” ဟု ဆရာဦးစိုးမြင့် ကပြောသည်။
ထို့အပြင် ရွှေကျန် အ.ထ.က(ခွဲ) တွင် အထက်တန်းပြနေရာ၌ လစ်လပ်နေရာ ၇ ခုရှိပြီးယင်းထဲမှ ဆရာတဦးသာလျှင် ပညာရေးဝန်ကြီးဌာနက ချပေးထားသဖြင့် သင်ကြားရေးပိုင်းတွင် အခက်အခဲရှိနေပြီး ကျောင်းဆောင်သစ်ရရှိရေးနှင့်ပတ်သက်၍ အစိုးရထံသို့အကြိမ်ကြိမ် တောင်းဆိုဖူးသော်လည်း ထူးခြားမှုမရှိသေးကြောင်း ဆရာဦးစိုးမြင့်က ရှင်းပြသည်။
လက်ရှိတွင် ကျောင်းသား၊ ကျောင်းသူများမှာ ကိုယ်ထူ၊ ကိုယ်ထ ဆောက်လုပ်ပေးထားသည့် အဆောင်ငယ်၌သာ အဆင်ပြေသလို သင်ကြားနေရကာ မိုးသည်းထန်စွာ ရွာသွန်းသည့်နေ့များတွင် သင်ခန်းစာကို စိတ်မဝင်စားနိုင်တော့ဘဲ ရေစိုမှုဒဏ်ကိုလည်း ခံနေရောကာင်း ကျောင်းသားများကေ ပြာဆိုကြသည်။
အဆိုပါ ကျောင်းတွင် Grade 11 စနစ်သစ်ကို တက်ရောက်သင်ကြားနေသည့် မမြင့်မြင့်ဌေးက “ အခန်းကကျဉ်းတော့ အနေရ အထိုင်ရ ကျဉ်းကျပ်ပြီး စာသင်ရင်အာရုံ မဝင်တော့ဘူး။ မိုးရွာတဲ့နေ့တွေဆိုရင် ပိုဆိုးပါသေးတယ်။ စာသင်တဲ့အသံကို လည်းမကြားရတော့ဘူး။ အပေါ်ကမိုးယို၊ ဘေးပတ်လည်က မိုးပက်တော့ တကိုယ်လုံး စိုကုန်ရော။ သမီးတို့လည်း တခြားကျောင်းသားတွေလို အခန်းကျယ်ကြီးထဲမှာ မိုးလုံလေ လုံစာသင်ချင်တာပေါ့ ” ဟု DMG ကို ပြောသည်။
ရွှေကျန် အ.ထ.က(ခွဲ) ကျောင်းတွင် မူလတန်းကျောင်းသူ/သား (၂၁၈) ဦး ၊အလယ်တန်းကျောင်းသူ/သား (၈၄) ဦးနှင့် အထက်တန်းကျောင်းသူ/သား (၄၃) ဦး ရှိကြောင်း သိရသည်။
အလားတူ မင်းပြားမြို့နယ်၊ ကြိမ်ချောင်းကျေးရွာရှိ အခြေ ခံပညာအထက်တန်းကျောင်းတွင်လည်း ကျောင်းဆောင်များမှာ ခေါင်မိုးများ ပျက်စီးနေသဖြင့် စာသင်ခန်း၌မိုးများယိုကာ ကျောင်းသူ၊ ကျောင်းသားများ စာသင်ရန်အခက်ခဲဖြစ်နေကြောင်း ကျောင်းအုပ်ဆရာကြီး ဦးအောင်သိန်းထွန်းကပြောသည်။
“ မေလအတွင်းက မုန်တိုင်းကြောင့် ခေါင်မိုးတွေလန်ထွက်သွားလို့ ရုံးကိုတင်ပြလိုက်တယ်။ ဒါပေမယ့်လည်း ကျောင်းဖွင့်တော့မှာ ဆိုတော့ရုံးက ငွေကျအောင်အ ထိစောင့်လို့ မရတော့ဘူးဆိုပြီး ကိုယ့် စရိတ်နဲ့ကိုယ် ပြင်လိုက်ရတာရှိတယ်။ ဒါပေမယ့်လည်း တချို့စာသင်ခန်းတွေက မိုးယိုနေတုန်းပဲ။ မိုးရွာတဲ့နေ့တွေဆိုရင် မိုးယိုတဲ့နေရာက ကျောင်းသားတွေက မိုးမယိုတဲ့နေရာတွေမှာ စုထိုင်ပြီး အစုလိုက်အ ပြုံလိုက် ရောသင်နေရတယ် ” ဟု ဦးအောင်သိန်းထွန်းက ဆိုသည်။
ကြိမ်ချောင်းအခြေခံပညာအထက်တန်းကျောင်းတွင် မူလတန်းမှ အထက်တန်းအဆင့်အထိ ကျောင်းသူ/သား စုစုပေါင်း ၃၅၀ ကျော်ရှိပြီး ယခုမိုးယိုနေသည့်အဆောင်မှာ အလယ်တန်းကျောင်းသူ/ ကျောင်းသား ၁၂၀ ကျော် သင်ကြားနေသည့် တစ်ထပ်ဆောင်တခုဖြစ်ကြောင်း သိရသည်။
ကျောင်းဆောင်သစ်များ ဆောက်လုပ်ရန်အတွက်ဆိုလျှင် တစ်နှစ်ကြိုတင်၍ လျှောက်ထားရပြီး လတ်တလော လိုအပ်ချက်များဖြစ်သည့် ကျောင်းပြုပြင်ရေးကိစ္စများကိုမူ ယခုနှစ်များအတွင်းပေးသွားမည်ဟု ပြည်နယ်ပညာရေးမှူးရုံး တာဝန်ရှိသူထံက DMG ကိုပြောသည်။
ရခိုင်ပြည်နယ်ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာထွန်းထွန်းသိန်းက “ ကျောင်းဆောင်လို အပ်ချက်တွေကို မြို့နယ်ကတဆင့် ပြည်နယ်ကို တင်ပြရတယ်။ ပြီးတော့မှ ကျောင်းဆောင်လိုအပ်ချက်နဲ့ ကျောင်းသားအချို့ကိုက်ညီမှု၊ စာသင်ခန်းဖွဲ့စည်းမှုတို့နဲ့အတူ ရုံးချုပ်ကိုတင်ပြပြီးတောင်းဆိုရတယ်။ ဒီရွှေကျန်ကျောင်းအတွက်ကတော့ နှစ်ထပ်ဆောင်တခုဦးစားပေးပြီး လျာထားပေးထားတယ်။ လတ်တလော လိုအပ်ချက်တွေဖြစ်တဲ့ ကျောင်းပြုပြင်ရေးတွေကိစ္စတွေကိုတော့ အခုကတည်းကနေ အဆင့် အဆင့် ပြုပြင်ပေးနေတယ် ” ဟု ပြောသည်။
ရခိုင်ပြည်ရှိ အခြေပညာစာသင်ကျောင်းများတွင် ပညာသင်ကြားရေး၊ ဆရာဆရာမ မလုံလောက်မှုစသည်ဖြင့် လိုအပ်ချက်များစွာရှိနေပြီး အစိုးရဘက်ကလည်း ကောင်းမွန်သည့် အစီအစဉ်များ ပြုပြင်ပေးခြင်းတို့ မရှိသည့်အတွက် ဒေသခံများက ဝေဖန်မှုများရှိနေကြသည်။
ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့က တောင်ကုတ်မြို့နယ်၊ တဲမှောက်ကျေးရွာ အ.ထ.က( ခွဲ) ကျောင်းတွင် ကျောင်းဆောင်ပြိုကျ၍ အလယ်တန်းပြ ဆရာမတဦးမှာ ဦးခေါင်းထိမှန်ဒဏ်ရာရရှိသွားပြီး ယခုအချိန်ထိ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။