စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား

ထိုသို့ ဘွဲ့ချီးမြှင့်ခံရခြင်းနှင့် ပတ်သက်ပြီး ဒေါ်စောမြရာဇာလင်းက " ကဏ္ဍအသီးသီးတွင် ထူးချွန်ထက်မြက်စွာ လုပ် ဆောင်ခဲ့ကြတဲ့ အမျိုးသမီးသူရဲကောင်းတွေအားလုံးကို ဂုဏ်ပြုဂုဏ်ပြုအပ်ပါတယ် " ဟု သူ၏ ဆိုရှယ် မီဒီယာ facebook စာမျက်နှာတွင် ရေးသားထားသည်။

By Admin 03 Jul 2025

စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား

DMG ၊ ဇူလိုင် ၃

စစ်ကောင်စီ ဦးဆောင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အဆက်မပြတ်တက်ရောက်နေသည့် ရခိုင်ပြည် လွတ် မြောက်ရေးပါတီ (ALP) ဥက္ကဌ ဒေါ်စောမြရာဇာလင်းကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စွမ်း ဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ (ဝဏ္ဏကျော်ထင်ဘွဲ့) ချီးမြှင့်လိုက်သည်။

ယနေ့ (ဇူလိုင် ၃) တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် သက်ဆိုင်ရာနယ် ပယ် များတွင် ထူးချွန်စွာ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အမျိုးသမီးများအား ယခုကဲ့သို့ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ခြင်း ဖြစ်ကြောင်း စစ်ကောင်စီပိုင် သတင်းစာများက ဖော်ပြသည်။

ထိုသို့ ဘွဲ့ချီးမြှင့်ခံရခြင်းနှင့် ပတ်သက်ပြီး ဒေါ်စောမြရာဇာလင်းက " ကဏ္ဍအသီးသီးတွင် ထူးချွန်ထက်မြက်စွာ လုပ် ဆောင်ခဲ့ကြတဲ့ အမျိုးသမီးသူရဲကောင်းတွေအားလုံးကို ဂုဏ်ပြုဂုဏ်ပြုအပ်ပါတယ် " ဟု သူ၏ ဆိုရှယ် မီဒီယာ facebook စာမျက်နှာတွင် ရေးသားထားသည်။

ဝဏ္ဏကျော်ထင်ဘွဲ့ကို ဒေါ်စောမြရာဇာလင်း အပါအဝင် ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) ဒုတိယဥက္ကဋ္ဌ နော်ကပေါ်ထူးနှင့် ပညာရေးဝန်ကြီးဌာနက ပါမောက္ခ/ဌာနမှူး(ငြိမ်း) ဒေါက်တာဒေါ်ပိုတို့ကို စစ်ကောင်စီက ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်ကလည်း စစ်ခေါင်းဆောင်ပေးအပ်သည့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ 'ဇေယျကျော်သူ'ဘွဲ့ကို ဒေါ်စောမြရာဇာလင်းက ရရှိထားသေးသည်။

ယင်းသို့ ဘွဲ့တံဆိပ်များ ချီးမြှင့်ခြင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့မှုများနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းမှုများကို အသိအမှတ်ပြုခြင်းဟု စစ်ကောင်စီကဆိုသည်။

အခြားတစ်ဖက်မှာလည်း ဒေါ်စောမြရာဇာလင်းကို စစ်ကောင်စီက မြှောက်စားခြင်းသက်သက်သာဖြစ်ကြောင်း နိုင်ငံရေးသမား ဦးဖေသန်းကရှုမြင်သည်။

"စစ်ကောင်စီ အလိုကျလုပ်တော့ ပေးတဲ့ဆု။ ဒီဆုအပေါ်မှာ ဒါတွေကို ပြည်သူတွေက အလေးအနက်မထားဘူး။ ဒါပေမဲ့ သူတို့ကိုလည်း တစ်ချိန်ချိန်မှာ ပြည်သူဘက်က ရပ်တည်ဖို့၊ တော်လှန်ရေးလမ်းကြောင်းကို ပြတ်ပြတ်သားသားရွေးချယ်ဖို့၊ စစ်ကောင်စီကို ပြန်အာခံဖို့လုပ်ရင် ဒီဆုတွေကို ပြန်ရုပ်သိမ်းမယ်။ အရင်ခေတ် အဆက်ဆက်မှာလည်း ဒီလိုဆုတွေ အများကြီးပေးခဲ့တာပါ" ၎င်းကပြောသည်။

ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ALP ပါတီသည် ၂၀၁၅ ခုနှစ်က အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားပြီး ၂၀၂၁ စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် စစ်ကောင်စီဦးဆောင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ အမြဲမပြတ် တက်ရောက်လျက်ရှိသည်။

လက်ရှိတွင် စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်၊ အေးသာယာလမ်းတွင် ALP ဌာနချုပ်ကို ရုံးစိုက်ထားပြီး စစ်ကောင်စီတပ်နှင့်ပူးပေါင်းကာ ဒေသခံများကို ဖမ်းဆီးခြင်းနှင့် လူသစ်စုဆောင်းခြင်းတို့ကို လုပ်ဆောင်နေကြောင်း မြို့ခံများကပြောသည်။

"အဓိကတော့ စစ်ကောင်စီအားကိုးနဲ့ စစ်တွေမြို့ထဲမှာ လှုပ်ရှားတယ်။ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ကင်းလှည့်တယ်။ မြို့ခံတွေကို ဖမ်းဆီးပြီး လူသစ်စုတာတွေလုပ်နေတာ။ ဖမ်းဆီးပြီး ငွေညှစ်တာတွေလည်း ရှိနေတာ့ မြို့ခံတွေက စစ်ကောင်စီလည်းကြောက်ရ ALP ကိုလည်း ကြောက်ရနဲ့ တကယ့်အကျပ်အတည်းဖြစ်စေတယ်" ဟု စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်တွေမြို့တွင် အစုလိုက်အပြုံလိုက် လူသတ်မှုတစ်ခုအဖြစ် ထင်ရှားသည့် ဗျိုင်းဖြူရွာဖြစ်စဉ်တွင်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့်အတူ ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ALP တပ်ဖွဲ့ဝင်များလည်းပါဝင်ကြောင်း ရွာသားများက ပြောဆိုကြသည်။

ရခိုင်လူထုကိုယ်စားပြု ခံယူဖွဲ့စည်းထားသည့် ရခိုင်လက်နက်ကိုင်အဖွဲ့များမှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/ ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော် (ALP/ALA)နှင့် ရခိုင်ပြည်အမျိုးသားကောင်စီ/ရခိုင်ပြည်တပ်မတော် (ANC/AA)တို့ဖြစ်ကြသည်။