- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
တိုက်ပွဲပြင်းနေချိန် အမ်းမြို့တွင် အခြေခံစားကုန်များ ပြတ်လပ်
" ရိုးရိုးဆန်တွေလည်း မရှိတော့ဘူး။ ရှိတဲ့ဆန်တွေက ဈေးတက်နေတယ်။ ငွေကြေး အဆင်ပြေရင်တောင် ဝယ်လို့မရတာတွေ အများကြီး ဖြစ်သွားပြီ" ဟု အမ်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
25 Oct 2024

DMG ၊ အောက်တိုဘာ ၂၅
အမ်းမြို့နယ်အတွင်း စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်နေချိန်တွင် အမ်းမြို့၌ ဆန်အပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်းများ ပြတ်လပ်လာနေပြီး ဈေးနှုန်းများ မြင့်တက်နေကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် အောက်တိုဘာ ၁၇ ရက်မှစကာ အမ်းမြို့ အဝင်၊အထွက်ကို စစ်ကောင်စီက ပိတ်ဆို့ထားသဖြင့် လက်ရှိတွင် စားသောက်ကုန်ပစ္စည်းများ ပြတ်လပ်မှုဒဏ်ကို ဒေသခံများမှာ ကြုံတွေ့နေရခြင်းဖြစ်သည်။
" ရိုးရိုးဆန်တွေလည်း မရှိတော့ဘူး။ ရှိတဲ့ဆန်တွေက ဈေးတက်နေတယ်။ ငွေကြေး အဆင်ပြေရင်တောင် ဝယ်လို့မရတာတွေ အများကြီး ဖြစ်သွားပြီ" ဟု အမ်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
အမ်းမြို့နယ်အတွင်း တိုက်ပွဲစတင်ဖြစ်ပွားချိန်မှစ၍ အမ်းမြို့ခံအများစုမှာ ပြည်မဘက်သို့ တိမ်းရှောင်သွားကြသော်လည်း အကြောင်းအမျိုးမျိုးဖြင့် မြို့တွင်း ကျန်ရှိနေခဲ့သူများနှင့် စစ်ဘေးရှောင်နေသူများမှာ စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ကြုံတွေ့ရခြင်းဖြစ်သည်။
လက်ရှိတွင် အမ်းမြို့ရှိ ဒေသခံများမှာ ကုန်ဈေးနှုန်း မြင့်တက်မှုဒဏ်နှင့် ကြုံတွေ့နေရပြီး ရိုးရိုးဆန် တပြည်ကို ငွေကျပ် ၃,၀၀၀ မှ ၆,၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေး တပြည်ကို ငွေကျပ် ၅,၀၀၀မှ ၁၀,၀၀၀ ကျပ်၊ စားသုံးဆီ တစ်ပိဿာကို ငွေကျပ် ၃၀,၀၀၀ မှ ၅၀,၀၀၀ ကျပ်အထိ မြင့်တက်နေကြောင်း သိရသည်။
ယင်းအထဲတွင် ရိုးရိုးဆန်များမှာ ပြတ်လပ်နေပြီဖြစ်ပြီး ဒေသခံများမှာ တိုက်ပွဲဒဏ်နှင့်အတူ ကုန်ပစ္စည်း ပြတ်လပ်မှုဒဏ်ကို ခံစားနေရသည်ဟု အမ်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
" တိုက်ပွဲဖြစ်နေတော့ ဈေးဆိုင်တွေလည်း အများအပြား မဖွင့်တော့ဘူး။ စားကုန်ဝယ်ယူရတာလည်း ခက်ခဲတယ်။ ပြီးတော့ ဈေးနှုန်းတွေက ထိုးတက်နေတယ်" ဟု သူက ဆိုသည်။
အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)အနီးသို့ ရောက်ရှိလာသည့် တိုက်ပွဲများမှာ နေ့စဉ်နှင့်အမျှပြင်းထန်နေပြီး လက်ရှိတွင် အမှတ် ၃၇၄ တပ်ရင်း၊ စစ်လက်နက်ပစ္စည်းသိုလှောင်ရေး (COD)အပြင် (နပခ) အနီးရှိ ဒိုင်းကြီး၊ ဂျင်းကုန်း၊ ဆင်တိုးကျေးရွာများတွင် တိုက်ပွဲများပြင်းထန်နေကြောင်း သိရဿည်။
" ညဆိုရင် အိပ်လို့ မရဘူး။ သားသမီးတွေကို စိတ်ပူရတာ။ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေက ညဆိုရင် ပိုကြားရတယ်။ တိုက်ပွဲနယ်မြေဆိုတော့လည်း သိတဲ့ အတိုင်းပဲ" ဟု အမ်းမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
တိုက်ပွဲပြင်းထန်နေမှုနှင့်အတူ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသောကြောင့် အရပ်သားထိခိုက်သေဆုံးမှုများရှိနေသည်။
အောက်တိုဘာ ၂၁ ရက်က အမ်းမြို့နယ်၊ လောင်းစပ်ကျေးရွာတွင် စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် ဒေသခံ ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိသွားခဲ့သည်။
လက်ရှိတွင် (နပခ) တည်ရှိရာ အမ်းမြို့နယ်အတွင်းက စစ်ကောင်စီ၏ စစ်ရေးအရအရေးပါသည့် တောဟိန်းတောင်နှင့် မဲတောင်ဗျူဟာကုန်းတို့ကို AA က သိမ်းပိုက်ထားပြီး အမ်းမြို့နယ်ကို အလုံးစုံသိမ်းပိုက်နိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင်နေ၍ တိုက်ပွဲများပြင်းထန်နေသည်။