- ကမ္ဘာ့စစ်ရာဇဝတ်မှုများ စစ်ဆေးရေးအသုံးစရိတ် ထရမ့်အစိုးရ အကြီးအကျယ် ဖြတ်တောက်ရန် လိုလား
- ရခိုင်တွင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သူ အာမခံဖြင့် လွတ်မြောက်နေ
- ရခိုင်လွတ်မြောက်ခြင်းသည် တစ်နိုင်ငံလုံးတော်လှန်ရေးအတွက် ကြီးမားသောသက်ရောက်မှုရှိနေကြောင်း ချင်းညီနောင်ပြော
- အိန္ဒိယနယ်စပ်တွင် အလုပ်သမားစရိတ် မြင့်တက်နေသဖြင့် ရခိုင်ကုန်သည်များ ညဉ်းညူ
- ငှက်ဖျားကြောင့် သေဆုံးမှုမြင့်တက်နေသည့် အမ်းတွင် ကျန်းမာရေးစောင့်ရှောက်မှု အရေးတကြီး လိုအပ်နေ
စစ်ကောင်စီလက်ချက်ကြောင့် ကျန်းမာရေးဝန်ထမ်း ၂၆၀ ကျော် ထိခိုက်သေဆုံးခဲ့ရကြောင်း ကုလပြော
အာဏာသိမ်းကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုများကို ဆန့်ကျင်သည့် အကြမ်းဖက်မှုပေါင်း ၁,၅၁၇ ကြိမ် ဖြစ်ပွားခဲ့ပြီး ကျန်းမာရေးဆိုင်ရာအဆောက်အအုံပေါင်း ၃၃၃ ခု ဖျက်ဆီးခံခဲ့ရသည်ဟု UNOCHA က ထုတ်ပြန်သည်။
14 Dec 2024

DMG ၊ ဒီဇင်ဘာ ၁၄
မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ၄ နှစ် နီးပါးကာလအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ကျန်းမာရေးဝန်ထမ်း ၁၃၁ ဦးသေဆုံးခဲ့ပြီး၊ ၁၃၅ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က ထုတ်ပြန်သည်။
အာဏာသိမ်းကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုများကို ဆန့်ကျင်သည့် အကြမ်းဖက်မှုပေါင်း ၁,၅၁၇ ကြိမ် ဖြစ်ပွားခဲ့ပြီး ကျန်းမာရေးဆိုင်ရာအဆောက်အအုံပေါင်း ၃၃၃ ခု ဖျက်ဆီးခံခဲ့ရသည်ဟု ဒီဇင်ဘာ ၁၃ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ကျန်းမာရေးအဆောက်အအုံများ ပျက်စီးခြင်း၊ ကျန်းမာရေးဝန်ထမ်းများတိုက်ခိုက်ခံရခြင်း၊ ဆေးဘက်ဆိုင်ရာ အခြေခံပစ္စည်းများ ရောက်ရှိမှုအားနည်းခြင်းနှင့် ကျွမ်းကျွင်သည့် ကျန်းမာရေးဝန်ထမ်း နည်းပါးခြင်း တို့ကြောင့် ပြည်သူများမှာ ကျန်းမာရေးကိစ္စနှင့်ပတ်သက်၍ အခက်အခဲများစွာကို ကြုံတွေ့နေရသည်။
“အမျိုးသမီး၊ ကလေး၊ သက်ကြီးရွယ်အို၊ မသန်စွမ်းနဲ့ စိတ်ကျန်းမာရေး ချို့တဲ့သူတွေကို ကျန်းမာရေးစောင့်ရှောက်ဖို့ အတားအဆီးတွေ များလာနိုင်တဲ့ အန္တရာယ်နဲ့ရင်ဆိုင်နေရတယ်။ အဲဒါအပြင် နေရာပြောင်းရွေ့တာတွေ သောက်သုံးရေ မသန့်တာတွေကြောင့် ရောဂါဖြစ်ပွားနှုန်းကလည်း သိသိသာသာ တိုးစေတယ်” ဟု ထုတ်ပြန်ချက်က ဖော်ပြသည်။
ထိုသို့အခြေအနေများကြောင့် မြန်မာနိုင်ငံတွင် လာမည့် ၂၀၂၅ ခုနှစ်အတွင်း လူဦးရေ ၁၂ ဒသမ ၉ သန်းမှာ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများလိုအပ်နေပြီး ရခိုင်၊ စစ်ကိုင်း၊ ကချင်၊ ကယား(ကရင်နီ)၊ တနင်္သာရီ၊ ပဲခူးအရှေ့ဘက်နှင့် ရှမ်းမြောက်ဒေသတို့တွင် အများဆုံးဖြစ်ကြောင်း UNOCHA က ဆိုထားသည်။
နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုများ၏ အရှိန်မြင့်ထိုးစစ်များကြောင့် အထိနာနေသော စစ်ကောင်စီသည် လေကြောင်းကို အဓိကအသုံးပြုကာ အရပ်သားနေထိုင်ရာ မြို့ရွာ၊ ဆေးရုံဆေးခန်း၊ အဆောက်အအုံများကို ပစ်ခတ်ထားတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိနေသည်။
“စစ်ကောင်စီက မြေပြင်တိုက်ပွဲတွေမှာ မနိုင်တော့ အရပ်သားတွေကို ဆေးကုပေးတဲ့ ဆေးရုံဆေးခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တာက အကျင့်တစ်ခုလို ဖြစ်နေပြီ။ ကျန်းမာရေးအဆောက်အအုံတွေကို တိုက်ခိုက်လို့ အရပ်သားတွေရော၊ ကျန်းမာရေးဝန်ထမ်းတွေရော အကုန်လုံးထိခိုက်နေရတယ်” ဟု ရခိုင်က ကျန်းမာရေးဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောသည်။
နိုင်ငံတကာအနေဖြင့် ကျန်းမာရေးကဏ္ဍနှင့် ပြည်သူများအပေါ် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုကျူးလွန်မှုများကို လစ်လျူရှုမထားဘဲ နည်းလမ်းမျိုးစုံဖြင့် တားဆီးအရေးယူရန်လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ - NUG က တိုက်တွန်းထားသည်။