- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ခရီးသည်ကားတစ်စီးကို ARSA ပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံး၊ အများအပြားဒဏ်ရာရ
ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တော၊ ဘူးသီးတောင်နှင့် မေယုတောင်တန်းတကြောတွင် ARSA၊ RSO၊ ARA စသည့် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားနေပြီး ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်မှု၊ ပြန်ပြေးဆွဲမှု၊ ပစ်ခတ်တိုက်ခိုက်မှု၊ ငွေညှစ်မှုများ မကြာခဏ လုပ်ဆောင်လျက်ရှိသည်။
27 Dec 2024
DMG ၊ ဒီဇင်ဘာ ၂၇
ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် စေတနာ့ဝန်ထမ်းအမျိုးသမီးများနှင့် ဈေးဝယ်လာသည့် အမျိုးသမီးအပါအဝင် စုစုပေါင်း (၁၆) ဦး စီးနှင်းလိုက်ပါလာသည့် ခရီးသည်ကားတစ်စီးကို ARSA အဖွဲ့က ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကြောင်း AA က ဒီဇင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်သည်။
ဒီဇင်ဘာ ၂၄ ရက် ညနေ ၄ နာရီကျော်တွင် ကြိမ်ချောင်းမှ တောင်ပြိုသို့ ဈေးသွားဝယ်သည့် ခရီးသည်ကားကို အင်အား ၂၅ ဦးခန့်ပါဝင်သည့် ARSA အဖွဲ့က ကြိမ်ချောင်းနှင့် တောင်ပြိုအကြားတွင် ခြုံခိုပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ကားပေါ်တွင်ပါလာသော စေတနာ့ဝန်ထမ်းအမျိုးသမီး၊ ဈေးဝယ်အမျိုးသမီး စုစုပေါင်း (၁၆) ဦးထဲမှ တစ်ဦးသေဆုံးကာ အများအပြားဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဒဏ်ရာရရှိသွားသူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးထားပြီး အရပ်သားများကို တိုက်ခိုက်ခဲ့သည့် ARSA အဖွဲ့ကို အာရက္ခလုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေလျက်ရှိကြောင်း AA က ပြောထားသည်။
“မောင်တောဒေသမှာက အသွားအလာတွေကို စိုးရိမ်စိတ်နဲ့ သွားနေရတယ်။ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် လုံခြုံရေးစိုးရိမ်ရတဲ့ အခြေအနေလေ။ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေလည်း ရှိတယ်၊ ပြီးတော့ အာဆာကလည်း ရှိသေးတယ်ဆိုတော့ စိုးရိမ်စရာပေါ့” ဟု မောင်တောဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တော၊ ဘူးသီးတောင်နှင့် မေယုတောင်တန်းတကြောတွင် ARSA၊ RSO၊ ARA စသည့် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားနေပြီး ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်မှု၊ ပြန်ပြေးဆွဲမှု၊ ပစ်ခတ်တိုက်ခိုက်မှု၊ ငွေညှစ်မှုများ မကြာခဏ လုပ်ဆောင်လျက်ရှိသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်က မောင်တောမြို့နယ်၊ အောင်ဇေယျကျေးရွာမှ အသက် (၆၀) အရွယ် ဦးကျော်သာအောင်မှာ ရွာအနီးလယ်ကွင်း၌ နွားကျောင်းနေစဉ် ARSA အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည်။
မောင်တောခရိုင်ရှိ ဒေသခံများမှာ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များ၏ အန္တရာယ်ကြောင့် လူမှုစီးပွားဘဝ သွားလာလှုပ်ရှားရေးတွင် စိန်ခေါ်မှုများကြုံတွေ့ရပြီး စိုးရိမ်ထိတ်လန့်စိတ်ဖြင့် နေထိုင်နေကြရသည်။
“တောတောင်တွေက ထူထပ်ပြီး ကြောက်ဖို့လည်းကောင်းတယ်။ အထဲမှာ ARSA အဖွဲ့တွေရှိတယ်။ သူတို့ သေနတ်နဲ့ပစ်တာတွေကို ကြားလည်းကြားခဲ့ပြီးပြီ၊ မြင်လည်းမြင်ခဲ့ပြီးပြီ။ သူတို့သာမရှိဘူးဆိုရင် ကျနော်တို့အတွက်လည်း အဆင်ပြေတယ်” ဟု တောင်ပြိုဝဲမြို့မှ နယ်စပ်ကုန်သည် ဦးမောင်စောလှက DMG ကို ပြောသည်။
မောင်တောဒေသရှိ ARSA၊ RSO၊ ARA အဖွဲ့များသည် အာရက္ခတပ်တော်(AA)၏ လုံခြုံရေးတပ်ဖွဲ့ဝင်များ ကိုလည်း ခြုံခိုတိုက်ခိုက်မှုများရှိနေ၍ မကြာခဏ တိုက်ပွဲဖြစ်ပွားမှုများ ရှိနေသည်။
ရခိုင်ဒေသတွင် အာရက္ခတပ်တော်မှလွှဲ၍ မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းကိုမျှ အခြေချခွင့်မပြုကြောင်း AA က ပြတ်သားစွာ ပြောဆိုထားသည်။