မတရားအသင်းပုဒ်မဖြင့် တရားရင်ဆိုင်နေရသည့် တောင်ကုတ်မြို့မှ ဆရာဝန်တစ်ဦးကို ပို့ကုန်သွင်းကုန်ဥပဒေဖြင့် ထပ်တိုးတရားစွဲ 

ဒေါက်တာကျော်သူရထွန်းကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် သူနာပြုဖြစ်သည့် ဇနီးဖြစ်သူကို ဆေးရုံသို့ ပို့ဆောင်ပြီးအပြန် တောင်ကုတ်မြို့ တပ်ရှောင်လမ်း၌ အရပ်ဝတ်ဖြင့် လူခြောက်ဦးက ခမရ ၅၄၄ တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ 

By Admin 13 Jan 2023

မတရားအသင်းပုဒ်မဖြင့် တရားရင်ဆိုင်နေရသည့် တောင်ကုတ်မြို့မှ ဆရာဝန်တစ်ဦးကို ပို့ကုန်သွင်းကုန်ဥပဒေဖြင့် ထပ်တိုးတရားစွဲ 

ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မဖြင့် ထပ်တို့တရားစွဲခံထားရသည့် ဒေါက်တာ ကျော်သူရထွန်း။

DMG ၊ ဇန်နဝါရီ ၁၃

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ချောင်းကောက်ရပ်ကွက်မှ မတရားအသင်းဥပဒေပုဒ်မ ၁၇(၁) ဖြင့် တရားရင်ဆိုင်နေရသည့် သွားဆရာဝန် ဒေါက်တာ ကျော်သူရထွန်း ကို ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် ဇန်နဝါရီလ ၁၂ ရက်နေ့ရုံးချိန်းတွင် တောင်ကုတ်မြို့နယ်တရားရုံး၌ ထပ်တိုး တရားစွဲဆိုလိုက်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

“မနေ့က ရုံးထုတ်တဲ့အခါမှ နောက်တစ်မှု ထပ်တိုးတယ်ဆိုတာ သိရတာ။ ကားအမှု ပို့ကုန်သွင်းကုန် ဥပဒေနဲ့လေ။ ရုံးမှာ နောက်ထပ်တစ်မှု ထပ်တိုးတယ်ကြားလို့ တရားရုံးကိုသွားမေးတာ ဟုတ်တယ်တဲ့။ အစ်မတို့မှာ ကားက လိုင်စင်မဲ့လေ။ သူ့ကိုဖမ်းတဲ့အခါ ကားလည်း ပါသွားတယ်။ ဒါကြောင့် ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မနဲ့ အမှုထပ်စွဲတာနေမှာပေါ့” ဟု ဆရာဝန်၏ ဇနီးဖြစ်သူ ဒေါ်မို့မို့ဝါက ပြောသည်။ 

အသက်  ၄၂ နှစ်အရွယ် ဒေါက်တာကျော်သူရထွန်းကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် သူနာပြုဖြစ်သည့် ဇနီးဖြစ်သူကို ဆေးရုံသို့ ပို့ဆောင်ပြီးအပြန် တောင်ကုတ်မြို့ တပ်ရှောင်လမ်း၌ အရပ်ဝတ်ဖြင့် လူခြောက်ဦးက ခမရ ၅၄၄ တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ 

ထို့နောက် စက်တင်ဘာလ ၂၃ ရက်နေ့တွင် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)(၂)တို့ဖြင့် ခမရ ၅၄၄ တပ်ရင်းမှ ဗိုလ်ကြီး ကျော်ဇင်ဦးက တရားလိုပြုလုပ်ကာ တောင်ကုတ်မြို့နယ်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ 

ယခုကဲ့သို့ ဒေါက်တာကျော်သူရထွန်းအား ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မဖြင့် ထပ်တိုးတရားစွဲခံရသည့်အတွက် အမှုကို အမြန်ဆုံး ကြီးကြပ်ဆောင်ရွက်စေချင်ကြောင်း ဒေါ်မို့မို့ဝါက ဆက်ပြောသည်။

“အမြန်ဆုံး ကြီးကြပ်စေချင်တယ်။ အခုဆိုရင် တရားလိုရဲ့သက်သေတွေက မလာ။ ကျန်းမာရေး အနေအထားကတစ်မျိုး။ ဘယ်အချိန် ကျန်းမာရေး ဖောက်လာမယ်မှန်း ပြောလို့မရဘူးလေ။ စိတ်ညစ်ရတယ်။ ပြီးရင်လည်း မြန်မြန်ပြီး၊ အမိန့်ချမယ်ဆိုရင်လည်း မြန်မြန်ချ၊ စစ်ဆေးရင်လည်း မြန်မြန်စစ်ဆေးစေချင်တယ်။ အခုဆိုရင် ၄ လ ရှိပြီ၊ တရားလိုဘက်က သက်သေစစ်လို့ မပြီးသေးဘူး။ အရမ်းစိတ်ညစ်ရတယ်” ဟု ၎င်းကပြောသည်။ 

ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားလျှင် ထောင်ဒဏ် ၃ နှစ်နှင့် ငွေဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဥပဒေပြဋ္ဌာန်းချက်တွင် ဖော်ပြထားသည်။ ထို့အပြင် တရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)သည်လည်း ပြစ်ဒဏ်ချက်မှတ်ခံရပါက ၂ နှစ်ထက်မနည်း၊ ၃ နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်ကိုပါ ကျခံရနိုင်ကြောင်း သိရသည်။  

#I001

ဗီဒီယိုများ