ဗိုလ်ချုပ်ကြီးများသည် တရုတ်ကိုရှောင်ပြီး အနောက်နှင့် ဆက်ဆံရေးမြှင့်လိုကြောင်း မြန်မာစစ်တပ် ငှားရမ်းထားသည့် ပြည်ပလော်ဘီသမား ပြော

မြန်မာစစ်ဗိုလ်ချုပ်ကြီးများသည် အာဏာသိမ်းပြီးနောက် နိုင်ငံရေးကို စွန့်ခွာရန် စိတ်အားထက်သန်နေကြောင်း မြန်မာစစ်တပ် ငှားရမ်းထားသည့် ပြည်ပလော်ဘီသမားက ပြောကြားလိုက်သည်။

By Foreign Desk 09 Mar 2021

ဓာတ်ပုံ - EPA

မြန်မာစစ်ဗိုလ်ချုပ်ကြီးများသည် အာဏာသိမ်းပြီးနောက် နိုင်ငံရေးကို စွန့်ခွာရန် စိတ်အားထက်သန်နေကြောင်း မြန်မာစစ်တပ် ငှားရမ်းထားသည့် ပြည်ပလော်ဘီသမားက ပြောကြားလိုက်သည်။

ဗိုလ်ချုပ်ကြီးများသည် တရုတ်ကိုရှောင်ကာ အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးမြှင့်တင်လိုသည့် ဆန္ဒရှိကြောင်းလည်း အဆိုပါလော်ဘီသမားက ဆိုသည်။

မြန်မာစစ်တပ်က ငှားရမ်းထားသည့် လော်ဘီတစ်ဦးဖြစ်သူ အာရီဘန်မီနာရှီသည် အစ္စရေး-ကနေဒါ ကပြားတစ်ဦးဖြစ်သည်။ အစ္စရေးထောက်လှမ်းရေး အရာရှိဟောင်းတစ်ဦး ဖြစ်သော မီနာရှီသည် ဇင်ဘာဘွေခေါင်းဆောင် ရောဘတ်မူဂါဘီနှင့် ဆူဒန်စစ်အာဏာပိုင်များ အတွက်လည်း လော်ဘီလုပ်ပေးခဲ့ဖူးသူ ဖြစ်သည်။

မြန်မာစစ်တပ်အတွက် လော်ဘီလုပ်ပေးရန် နေပြည်တော်၌ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း မီနာရှီက ပြောသည်။

အမေရိကန်အပါအဝင် အခြားနိုင်ငံများနှင့် ဆက်သွယ်ဆောင်ရွက်ရန် မိမိနှင့် မိမိ၏ ကုမ္ပဏီ Dickens & Madson Canada အား မြန်မာစစ်ဗိုလ်ချုပ်ကြီးများက ငှားရမ်းခြင်းဖြစ်ပြီး ထိုနိုင်ငံများသည် ဗိုလ်ချုပ်ကြီးများအား “အထင်လွဲနေကြသည်” ဟု ဘန်မီနာရှီက တယ်လီဖုန်းဖြင့် ဖြေကြားသည်။

သမ္မတဂျိုးဘိုင်ဒန် အစိုးရအဖွဲ့သည် မြန်မာ့အာဏာသိမ်းမှုကို ရှုတ်ချပြီး မြန်မာစစ်တပ်နှင့် ၎င်းထိန်းချုပ်ထားသည့် စီးပွားရေးလုပ်ငန်းများအား အရေးယူပိတ်ဆို့မှုများ ချမှတ်ထားသည်။

မြန်မာဗိုလ်ချုပ်ကြီးများသည် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသော မွတ်ဆလင်ဒုက္ခသည်များကို ပြန်လည်ခေါ်ယူလိုသည့် ဆန္ဒ ရှိကြောင်းလည်း မီနာရှီက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင် ဒုက္ခသည်များကို ပြန်လည်ခေါ်ယူရေးအတွက် အကူအညီများ ရရှိရန် မိမိသည် ဆော်ဒီအာရေဗျ၊ ယူအေအီးနိုင်ငံတို့နှင့် ဆက်သွယ်နေကြောင်းလည်း မီနာရှီက ဆိုသည်။

၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များအတွင်း မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေးကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသော မွတ်ဆလင်ဒုက္ခသည် စုစုပေါင်း ၇ သိန်းခွဲခန့်ရှိသည်။

“အခြေခံအားဖြင့် ပြောရရင်တော့ ဘင်္ဂါလီတွေကို ပြန်လက်ခံမယ့်အစီအစဉ်အတွက် ရန်ပုံငွေအထောက်အပံ့ ရအောင် ကြိုးစားနေတဲ့သဘောပါ” ဟု မီနာရှီက ဖြေကြားသည်။

အာဏာသိမ်းမှုနောက်ပိုင်းတွင် မိမိသည် မြန်မာနိုင်ငံကို နှစ်ကြိမ်တိတိ သွားရောက်ခဲ့ကြောင်း ဘန်မီနာရှီက ပြောသည်။

ကန့်ကွက်ဆန္ဒပြမှုများသည် တစ်နိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေခြင်းမဟုတ်သလို ဆန္ဒပြသူများအား မြန်မာလူထုအများစုက မထောက်ခံကြကြောင်းလည်း မီနာရှီက ဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း ဆန္ဒဖော်ထုတ်မှုများအား မြန်မာစစ်တပ်နှင့် ရဲက နှိမ်နင်းမှုကြောင့် သေဆုံးသူ ၅၀ ကျော်ရှိပြီ ဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့ကြီးက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ကလည်း ဆန္ဒပြသူများအား သတ်ဖြတ်မှုအတွက် မြန်မာစစ်တပ်အား အရေးယူရန် ကုလလုံခြုံရေးကောင်စီအား သောကြာနေ့တွင်တိုက်တွန်းခဲ့သည်။

မင်နာရှီကမူ အာဏာသိမ်းမှုအပြီးတွင် ဒီမိုကရေစီလမ်းကြောင်းသို့ ပြန်သွားရန် စစ်တပ်သည်သာ အကောင်းဆုံး အနေအထားတွင် ရှိသည်ဟု စောဒကတက်သည်။

ဆန္ဒပြမှုများအား ရဲတပ်ဖွဲ့ကသာ ကိုင်တွယ်ဖြေရှင်းနေပြီး စစ်တပ်က ပါဝင်ပတ်သက်မှု မရှိဟုလည်း သူကဆိုသည်။

၂၀၁၆ ခုနှစ်မှစ၍ အာဏာရလာသော ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်ကြီးများ ဖြစ်စေလိုသည်ထက် ပိုမိုလွန်ကဲပြီး တရုတ်နှင့် အလွန်အမင်း နီးကပ်သွားခဲ့ကြောင်း မီနာရှီဆိုသည်။
“ဗိုလ်ချုပ်ကြီးတွေ တရုတ်ရဲ့ ရုပ်သေးရုပ် မဖြစ်လိုကြဘူး” ဟု မီနာရှီက ပြောသည်။

“သူတို့ (ဗိုလ်ချုပ်ကြီးတွေ) က နိုင်ငံရေးကို အပြီးတိုင် စွန့်ခွာချင်တာပါ။ ဒါပေမဲ့ ဒါက တစ်ဆင့်ချင်းသွားရမယ့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်” ဟု မီနာရှီက ပြောသည်။

ရည်ညွှန်း - Lobbyist says Myanmar junta wants to improve relations with the West, spurn China by Reuters

ဗီဒီယိုများ