မြန်မာစစ်တပ် ငှားရမ်းထားသည့် လော်ဘီသမား အကျိုးဆောင်ခ မရသောကြောင့် လုပ်ငန်းရပ်တန့်

သူ့ထံသို့ ငွေပေးချေ၍ မရသဖြင့် မြန်မာစစ်ဗိုလ်ချုပ်များနှင့် လုပ်ငန်းဆောင်ရွက်မှုကို ရပ်တန့်လိုက်ပြီဖြစ်ကြောင်း အစ္စရေး-ကနေဒါ ကပြား လော်ဘီသမား အာရီဘန်မီနာရှီက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

By Foreign Desk 15 Jul 2021

သရုပ်ဖော်ပုံ - Canadaland

DMG ၊ ဇူလိုင် ၁၅

မြန်မာစစ်ဗိုလ်ချုပ်များနှင့် လုပ်ငန်းဆောင်ရွက်မှုကို ရပ်တန့်လိုက်ပြီဖြစ်ကြောင်း အစ္စရေး-ကနေဒါ ကပြား လော်ဘီသမား အာရီဘန်မီနာရှီက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

မြန်မာစစ်တပ် ခေါင်းဆောင်များနှင့် မိမိအကြား ဆက်ဆံရေးသည် အဆင်ပြေနေဆဲ ဖြစ်ပြီး မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့ထားမှု များကြောင့် သူ့ထံသို့ ငွေပေးချေ၍ မရသဖြင့် လုပ်ငန်းများကို ရပ်ဆိုင်းထားကြောင်း မီနာရှီက ရိုက်တာသတင်းဌာနအား တယ်လီဖုန်းဖြင့် ဖြေကြားသည်။

လော်ဘီသမား အာရီဘန်မီနာရှီနှင့် ကနေဒါအခြေစိုက် သူ၏ ကုမ္ပဏီ Dickens & Madson Canada သည် ပြီးခဲ့သော မတ်လအတွင်း အမေရိကန်ဒေါ်လာ ၂ သန်းတန် သဘောတူစာချုပ်ကို ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

စာချုပ်အရ ဘန်မီနာရှီသည် မြန်မာစစ်တပ်ကို ကိုယ်စားပြုပြီး ဝါရှင်တန်၊ ဆော်ဒီ၊ UAE ၊ အစ္စရေး၊ ရုရှား အပါအဝင် ကုလသမဂ္ဂကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများအား အာဏာသိမ်းမှု အကြောင်းရင်းကို နားလည်အောင် ရှင်းပြရမည် ဖြစ်သည်။

စာချုပ် ချုပ်ဆိုစဉ်က ဘန်မီနာရှီ၏ ပြောကြားချက်အရ ဆိုလျှင် မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ဖယ်ရှားပြီးပါက သဘောတူထားသည့် အခကြေးငွေကို ရရှိမည် ဖြစ်သည်။

သို့သော် ဘန်မီနာရှီသည် မြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့် ပူပေါင်းလုပ်ဆောင်သဖြင့် အမေရိကန်အစိုးရက ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှု စည်းကမ်းများကို ချိုးဖောက်ရာ ရောက်နေကြောင်း ဥပဒေပညာရှင်များက ထောက်ပြကြသည်။

သူ၏ လုပ်ငန်းကာလအတွင်း ဘန်မီနာရှီသည် CNN သတင်းထောက် မြန်မာနိုင်ငံသို့ အလည်အပတ် လာခွင့်ရအောင် ကူညီစီစဉ်ပေးခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ဗီဒီယိုများ