မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် နှစ်ဘက်လုံးကို ကိုဗစ်အထောက်အပံ့တွေ ပေးနေတဲ့ ပေါက်ဖော်ရဲ့ဗျူဟာ

မြန်မာ့ပြည် မြေပြန့်ဘက်တွေမှာ ဇူလိုင်လကစပြီး ကိုဗစ်တတိယလှိုင်း ရိုက်ခတ်လာချိန်မှာ ကေအိုင်အေဟာ ပြည်သူတစ်သောင်းခန့်ကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးထားပါတယ်။ ကေအိုင်အေထိန်းချုပ်ရာ လိုင်ဇာက ပြည်သူတွေကို တရုတ်ကာကွယ်ဆေး ထိုးနှံပေးတာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

By ရာဗီချန်ဒရာကူးမား 23 Sep 2021

KIO ထိန်းချုပ်နယ်မြေထဲမှာ တွေ့ရတဲ့ တရုတ်ဆေးခန်း။ (ဓာတ်ပုံ - Al Jazeera)

ရာဗီချန်ဒရာကူးမား မြန်မာလိုပြန်ရေးပါတယ်။

မြန်မာစစ်အုပ်စုကို ကိုဗစ်ကာကွယ်ဆေးတွေ ထောက်ပံ့နေတဲ့ တစ်ချိန်တည်းမှာပဲ တရုတ်ဟာ စစ်တပ်ရဲ့ မဟာရန်သူတော်တွေကိုလည်း ကိုဗစ်အထောက်အပံ့တွေ ပေးနေပါတယ်။ တရုတ်ဟာ ကိုဗစ်ထိန်းချုပ်ရေးမှာကော ရှုပ်ထွေးလှတဲ့ မြန်မာ့နိုင်ငံရေးမှာ ပါဝင်လွှမ်းမိုးရေးကိုပါ နှစ်ဘက်ခွ ကစားနေတယ်လို့ ပြောရပါမယ်။

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်တပ်က ဖြုတ်ချခဲ့ပြီးနောက် နိုင်ငံရဲ့ ကျန်းမာရေးစနစ် တစ်ခုလုံး ပရမ်းပတာ ဖြစ်နေပါတယ်။ တရုတ်ဟာ မြန်မာစစ်ဗိုလ်ချုပ်တွေကို ကိုဗစ်ထိုးဆေး ၁၃ သန်းနီးပါး ပေးထားပါပြီ။

မြန်မာစစ်တပ်က ဖွဲ့စည်းထားတဲ့ အိမ်စောင့်အစိုးရဟာ ကိုဗစ်ထိန်းချုပ်ရေးလုပ်ဖို့ အင်အားမရှိ ဖြစ်နေပါတယ်။ ဒီအချက်ဟာ မြန်မာနဲ့ နယ်စပ်ချင်း ကီလိုမီတာ ၂ ထောင်လောက် ထိစပ်နေပြီး ကိုဗစ်ရောဂါကို အမြစ်ဖြတ် တွန်းလှန်ရေး ဆောင်ရွက်နေတဲ့ တရုတ်အတွက် မျက်လုံးမျက်ဆန်ပြူးစရာ ဖြစ်နေပါတယ်။

ဒါနဲ့ပဲ ဘေဂျင်းအစိုးရဟာ ကာကွယ်ဆေးတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ကွာရန်တင်းစင်တာ ဆောက်လုပ်ရေး ပစ္စည်းကိရိယာတွေကို မြန်မာ့ လက်နက်ကိုင်အုပ်စုတွေဆီ တိတ်တဆိတ် ထောက်ပံ့ပေးနေရတယ်လို့ အေအက်ဖ်ပီသတင်းမှာ ဖော်ပြပါတယ်။

ကေအိုင်အေရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက တရုတ် ကြက်ခြေနီဝန်ထမ်းတွေ “ကျွန်တော်တို့ဆီ တစ်ခါတစ်လေ လာကူပါတယ်… ကိုဗစ်ကာကွယ်ရေးအတွက်ပေါ့” လို့ ပြောပါတယ်။
 “ဒါပေမဲ့ သူတို့တွေ ဒီမှာတော့ မနေကြပါဘူး” လို့ သူက ဆိုပါတယ်။“ခဏတဖြုတ်လာပြီး ပြန်သွားကြတာပါ” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ကေအိုင်အေအပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၀ ခန့်ဟာ တရုတ်မြန်မာ နယ်စပ်တစ်လျှောက်မှာ ရှိနေပြီး သူတို့ရဲ့ ပင်မရန်သူကတော့ မြန်မာစစ်တပ်ပါ။ တစ်ခါတစ်လေမှာ အချင်းချင်း တိုက်ပွဲဖြစ်တာမျိုးလည်း ရှိတတ်ပါတယ်။

ဒါပေမဲ့ ကိုဗစ်ကပ်ဘေးကြီးကိုတော့ သူတို့အားလုံး ညီတူညီမျှ ရင်ဆိုင်နေရတာပါ။

မြန်မာ့ပြည် မြေပြန့်ဘက်တွေမှာ ဇူလိုင်လကစပြီး ကိုဗစ်တတိယလှိုင်း ရိုက်ခတ်လာချိန်မှာ ကေအိုင်အေဟာ ပြည်သူတစ်သောင်းခန့်ကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးထားပါတယ်။ ကေအိုင်အေထိန်းချုပ်ရာ လိုင်ဇာက ပြည်သူတွေကို တရုတ်ကာကွယ်ဆေး ထိုးနှံပေးတာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

တရုတ်ဘက်က ကျန်းမာရေးဝန်ထမ်းတွေ ဝင်လာပြီး နှာခေါင်းဆေးတွေ လက်သန့်ဆေးရည်တွေ ဖြန့်ဝေတာမျိုးလည်း ရှိတယ်လို့ သူက ပြောပါတယ်။
ဒါတွေဟာ နယ်စပ်တစ်လျှောက်မှာ မြင်တွေ့နေကျ မြင်ကွင်းတွေ ဖြစ်ပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) လက်နက်ကိုင်အဖွဲ့ကလည်း သူ့ရဲ့ ထိန်းချုပ်နယ်မြေမှာ လူတစ်ထောင်ကို တရုတ်ကာကွယ်ဆေး ထိုးပေးထားတယ်လို့ အေအက်ဖ်ပီကို ပြောပါတယ်။
တရုတ်ဆီက ကာကွယ်ဆေးစုစုပေါင်း ငါးသိန်း မှာယူထားတယ်လို့လည်း ဆိုပါတယ်။

“အိမ်နီးချင်းကောင်း” တရုတ်ဟာ တအာန်းလွတ်မြောက်ရေးတပ်မတော် (TNLA) ကိုလည်း ကိုဗစ်ကာကွယ်ဆေး ထောက်ပံ့မယ်လို့ ကတိပေးထားကြောင်း TNLA ပြောခွင့်ရ ဗိုလ်မှူးချုပ်တာဘုန်းကျော်က အေအက်ဖ်ပီကို ပြောပါတယ်။

မိုင်ဂျာယန်က ကွာရန်တင်းစင်တာ တစ်ခုမှာ ကိုဗစ်စစ်ဆေးပေးနေတဲ့ တရုတ် ကျန်းမာရေးဝန်ထမ်းတွေ။ (ဓာတ်ပုံ - Al Jazeera)

တစ်ချိန်တည်းမှာပဲ တရုတ်နယ်စပ် မြန်မာဘက်ခြမ်းက မူဆယ်မြို့မှာလည်း ခုတင်တစ်ထောင်ဆံ့တဲ့ ကွာရန်တင်းစင်တာအသစ် ဆောက်နေတာကို တွေ့ရပါတယ်။ ကိုဗစ်ကို အသည်းအသန်ကာကွယ်နေတဲ့ တရုတ်နဲ့ ကုန်ကူးမယ့် စီးပွားရေးသမားတွေအတွက် ဖြစ်ပါတယ်။
ဆောက်လုပ်ရေးဝန်ထမ်းတွေက မြန်မာတွေပါ။ ဒါပေမဲ့ ဆောက်လုပ်ရေးပစ္စည်းကိရိယာတွေ အကုန်လုံးကို ယူနန်အာဏာပိုင်တွေ ပံ့ပိုးထားတယ် ဆိုတာကို အေအက်ဖ်ပီက တွေ့ရှိရပါတယ်။

■ ကြားခံ လက်နက်ကိုင်အုပ်စု

အာရှနဲ့ အာဖရိကက တခြားနေရာတွေမှာ တရုတ်ဘက်က သံတမန်နည်းအရ အခုလို မျက်နှာသာပေး ကူညီနေတာမျိုး မတွေ့ရပါဘူး။
တရုတ်အစိုးဟာ ကိုဗစ်တိုက်ဖျက်ရေးမှာ မြန်မာတိုင်းရင်းသား လက်နက်ကိုင်တွေကိုလည်း ကူညီပေးနေသလားလို့ မေးရာမှာတော့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က“ကပ်ဘေးကြီးကို တိုက်ဖျက်ရာမှာ မြန်မာလူထုကို သူတို့ရဲ့ လိုအပ်ချက်တွေနဲ့အညီ တရုတ်ဘက်က ခါတိုင်းလိုပဲ ထောက်ပံ့ကူညီသွားမှာပါ” လို့ ဖြေသွားပါတယ်။

ဟောင်ကောင်တက္ကသိုလ်က ပြည်သူ့အုပ်ချုပ်မှု လေ့လာရေးဌာန တွဲဖက်ပါမောက္ခ အန်ဇီဟန်ကတော့ တရုတ်အာဏာပိုင်တွေ နယ်စပ်တစ်လျှောက်မှာ ကူညီပေးနေတာဟာ “အဓိပ္ပာယ်ရှိတယ်” လို့ ပြောပါတယ်။

 “တရုတ်အနေနဲ့က ကိုယ့်ကိုယ်ကိုယ် ကိုဗစ်မဖြစ်အောင် ကာကွယ်မယ်ဆိုရင် ကြားခံနယ်မြေတစ်ခု ဖန်တီးဖို့ လိုတယ်လေ” လို့ သူက အေအက်ဖ်ပီကို ပြောပါတယ်။
တရုတ်ဖုန်း၊ တရုတ်ငွေကြေးတွေ အသုံးပြုပြီး နယ်စပ်တစ်လျှောက် နေထိုင်ကြတဲ့ တရုတ်တိုင်းရင်းသား အုပ်စုတွေဟာ တရုတ်ပြည်မနဲ့ ဆက်စပ်နေတာလို့ ဒေးဗစ်စကော့မာသီဆင်က ပြောပါတယ်။ သူဟာ တစ်ချိန်က မြန်မာပြည်မှာ အခြေစိုက်ခဲ့တဲ့ မြန်မာ့အရေးလေ့လာသူတစ်ဦး ဖြစ်ပါတယ်။

“မြန်မာလက်နက်ကိုင်တွေနဲ့ တပ်မတော်အကြား ၂၀၁၇ တုန်းက ဖြစ်ခဲ့သလိုမျိုး တိုက်ပွဲတွေဖြစ်လာရင် ဒုက္ခသည်တွေ ထောင်နဲ့ချီပြီး တရုတ်ပြည်ထဲ ဝင်ပြေးကြမှာ။ ဒါဆို တရုတ်အတွက် (ကိုဗစ်ထိန်းချုပ်ရေးမှာ) အဆိုးဆုံးအခြေအနေ ဖြစ်သွားမယ်” လို့ သူက ပြောပါတယ်။

■ ရွေးစရာမရှိ

တရုတ်ဟာ မြန်မာစစ်အုပ်စုရဲ့ ပင်မ မဟာမိတ်ပါ။ မြန်မာစစ်တပ်ရဲ့ ဖေဖော်ဝါရီလက လုပ်ရပ်ကို အာဏာသိမ်းမှုလို့ ခေါ်ဝေါ်သုံးစွဲခြင်း မပြုသလို စစ်တပ်ရဲ့ အိမ်စောင့်အစိုးရကိုလည်း ကိုဗစ်ကာကွယ်ဆေး သန်းနဲ့ချီ ပေးပို့ထားတဲ့နိုင်ငံ ဖြစ်ပါတယ်။

ဒါပေမဲ့ တစ်ဘက်မှာကျပြန်တော့ မြန်မာစစ်အုပ်စု ထိန်းချုပ်ရာနယ်မြေတွေမှာ အိမ်စောင့်အစိုးရရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို မယုံကြည်လို့ ဝေးဝေးရှောင်နေသူကလည်း ဒုနဲ့ဒေးပါ။ ဒီအတွက်ကြောင့် တရုတ်အစိုးရဟာ မြန်မာတပ်မတော်ရဲ့ အာဏာစက် မဖြန့်ကြက်နိုင်တဲ့ ဒေသတွေမှာ ကိုယ်တိုင်ဝင်ပါပြီး ဆက်လက်ကူညီနေရဦးမယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

အန်ဇီဟန်ကတော့ အခုလို့မှတ်ချက်ပေးပါတယ်။
“စစ်အုပ်စုကတော့ ဘယ်ကြိုက်မလဲ။ ဒါပေမဲ့ သူတို့မှာ ရွေးစရာမရှိဘူးလေ”

ရာဗီချန်ဒရာကူးမား
ကိုးကား - ‘China sends COVID-19 aid to Myanmar rebels’ by AFP/dv,

ဗီဒီယိုများ